Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး မြို့သစ်မြို့နယ်နှင့် မကွေးမြို့နယ်တို့၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


29 Aug,2023

နေပြည်တော် ဩဂုတ် ၂၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ သန်းကုန်းကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြု ရန်ပုံငွေဖြင့် ကုန်ထုတ်လမ်းအရှည် ၂ မိုင် ဖောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးသည်။ အဆိုပါ ဖောက်လုပ်ပေးနေသည့် ကုန်ထုတ်လမ်းသည် သန်းကုန်းကျေးရွာနှင့် ဆူးတပ်ကြီးကျေးရွာရှိ အိမ် ခြေ (၆၅၅) အိမ်၊ တောင်သူ (၁၂၀) ဦးရဲ့ လယ်မြေ (၁၁၅) ဧကနှင့် ယာမြေ (၂၆၅) ဧကတွင် စိုက်ပျိုးနေသော စပါး၊ နှမ်း သီးနှံများကို အကျိုးပြုမည်ဖြစ်ပြီး သန်းကုန်းကျေးရွာသည် စွန်း ဆည်ရေသောက်ဧရိယာဖြစ်သဖြင့် လယ်မြေ (၁၁၅) ဧကကို စိုက်ပျိုးရေးသမဝါယမအသင်းများ ဖွဲ့စည်းကာ အထွက်တိုးစပါးမျိုးများ စိုက်ပျိုးကြရန်နှင့် ယခုလက်ရှိဖောက်လုပ်နေသော ကုန်ထုတ် လမ်းအရှည် (၂) မိုင်အပြင် မူလရှိပြီး (၄) ဖာလုံကိုပါ ရာသီမရွေးသွားလာနိုင်ရေး ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မကွေးမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် အရှည် ၁ မိုင် ၂ ဖာလုံရှိ ဘုရားပြိုကျေးရွာ အဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ဘုရားပြိုကျေးရွာ ရှိ မူလမြသလွန်ဘုရားအား ဝင်ရောက်ဖူးမြော်ခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် မကွေးမြို့၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေး ပညာသင်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက် ပြီး သင်တန်းသား၊ သင်တန်းသူများအား သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်း ကျောင်းမှတစ်ဆင့် သမဝါယမကောလိပ်များ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူးတက်ရောက်နိုင်ရေး ကြိုးစားကြရန်၊ နိုင်ငံတော်က အားထားရသော သမဝါယမပညာ တတ်များဖြစ်အောင် ကြိုးစားလေ့လာသင်ယူကြရန် မှာကြားသည်။ ထို့နောက် ကျောင်းသားများ ကိုယ်စား ဒုတိယနှစ်ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပထမနှစ် ကျောင်းသားကျောင်းသူများက တေးသရုပ်ဖော် ဖျော်ဖြေမှုများဖြင့် တင်ဆက်ကပြကြရာ ဒုတိယဝန်ကြီးက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းကျောင်း အတွင်း စာသင်ဆောင်၊ သင်တန်းသားအိပ်ဆောင်၊ သင်တန်းသူအိပ်ဆောင် တည်ဆောက်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ သွားရောက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တွေ့ဆုံ၍ မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး သမဝါယမအသင်းများ ဖွဲ့စည်းလျက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးဧက (၁၀,၃၃၀) ဧက စိုက်ပျိုးဆောင်ရွက်နေမှုများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ညှိနှိုင်းမှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မကွေးမြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးတွင် ဝန်ကြီးဌာနအောက် ဦးစီးဌာန (၄) ခုမှ ခရိုင်အဆင့်/ မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံ ၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ ပါတီနိုင်ငံရေးကင်းရှင်းရန်၊ အဂတိတရားကင်းရှင်းရန် တိုက်တွန်းမှာကြားသည်။ ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများက သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများ ဆွေးနွေးမှာကြားကာ ဝန်ထမ်းများ၏ လုပ်ငန်းအခက်အခဲများအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်ပြီး ဒုတိယ ဝန်ကြီးသည် အသေးစားထုတ်ကုန်ပစ္စည်းများ ပြခန်းအတွင်း ခင်းကျင်းပြသထားသော  လုပ်ငန်းရှင် များ၏ ထုတ်ကုန်ပစ္စည်းများအား ကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မကွေးမြို့နယ်၊ သဖန်းဆိပ်ကျေးရွာသို့ သွားရောက်ပြီး မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်၏ ပံ့ပိုးငွေကျပ်သိန်း (၁၀၀) ဖြင့် Pilot Project ဆောင်ရွက်နေသော သဖန်းဆိပ် စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်၏ ဧရာပဒေသာ စပါးမျိုး (၄၉) ဧက စိုက်ပျိုးထားမှုအား ကြည့်ရှုအားပေးသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် အသင်းသားတောင်သူများနှင့်တွေ့ဆုံကာ ပန်းတိုင်အထွက်နှုန်းရရှိရေး မှာကြား ပြီး ဒေသဖွံ့ဖြိုရေးလုပ်ငန်း တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm