Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ


25 Aug,2023

နေပြည်တော် ဩဂုတ် ၂၅

အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးဝင်းတည်၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကော်မရှင်မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

          ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးက နှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားများ ကို ကျင်းပပြုလုပ်ပေးခြင်းအားဖြင့် ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊  အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှု ဖြစ်ပေါ်နိုင်သော အကြောင်းအရာများကို ရှောင်ကြဉ်နိုင်မှာဖြစ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့်လည်း ဝန်ကြီးဌာနအဆင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ကို အမြဲတမ်းအတွင်းဝန် ဦးဆောင်ပြီး အဖွဲ့ဝင် (၁၄) ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း၊ အဂတိလိုက်စားမှုများဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အဟန့်အတားဖြစ်စေသလို လူတစ်ဦး ချင်းစီ၏ ကိုယ်ကျင့်တရားနှင့် အကျင့်စာရိတ္တများ ပျက်စီးပြီး တရားမျှတတဲ့ ယှဉ်ပြိုင်လိုစိတ်၊ ကိုယ်ရည်ကိုယ်သွေးများ ကျဆင်းလာမှာဖြစ်ပါကြောင်း၊ ဒါ့အပြင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ကို အဟန့်အတားဖြစ်စေခြင်း၊ ပြည်သူများအကြား ဆင်းရဲချမ်းသာကွာဟမှုများ ဖြစ်ပေါ်စေခြင်း၊ ပြည်သူလူထု၏ ယုံကြည်မှု လျော့ကျစေခြင်းတို့အပြင် နိုင်ငံရဲ့ အုပ်ချုပ်ရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှု အသိုက်အဝန်း တစ်ခုလုံးကိုပါ ယိုယွင်းပျက်စီးစေပါကြောင်း၊

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် ယခုလို အစိုးရဌာနများ၊ အဖွဲ့အစည်း များမှာ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်း အနားများကို စိတ်စေတနာ ထက်သန်စွာနဲ့ လိုက်လံဆောင်ရွက်ပေးခြင်းအတွက် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်က အမှာစကားပြောကြားရာ၌ အဂတိလိုက်စားမှုသည်  လူတို့၏ မတော်လောဘကြောင့်ဖြစ်ပြီး  နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားနှောင့်ယှက်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှုနှင့် ဆင်းရဲမှုသံသရာ မှာ ဆက်စပ်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှုသည် ကိုယ်ကျင့်တရားပေါ် မူတည်ကြောင်း၊ ကူးစက်တတ်သည့် ရောဂါဆိုးသဖွယ်ဖြစ်လာပြီး ယဉ်ကျေးမှုသဖွယ်ဖြစ်လာသည့်အတွက် နိုင်ငံ တစ်နိုင်ငံတည်း၏ ပြဿာနာမဟုတ်တော့ပဲ ကမ္ဘာလုံးဆိုင်ရာ ပြဿာနာအဖြစ် မှတ်ယူလာပြီး ကမ္ဘာ့ နိုင်ငံအသီးသီးက ပူးပေါင်းဖြေရှင်းရန် ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်း UNCAC ကို ပြဌာန်းခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း အဂတိလိုက်စားမှုကို ရှေးယခင် ကတည်းကပင် ဥပဒေများပြဌာန်း၍ ထိန်းကျောင်း ဆောင်ရွက်ခဲ့ကြောင်း၊ ကုလသမဂ္ဂ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း UNCAC အဖွဲ့ဝင် နိုင်ငံဖြစ်လာပြီး ၂၀၁၃ ခုနှစ်၌ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြဌာန်းခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ကော်မရှင်ကိုဖွဲ့စည်း၍ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ UNCAC ပါအချက်များ နှင့်အညီ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို (၄) ကြိမ်တိုင် ပြင်ဆင်ပြဌာန်းခဲ့ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွင် ပုဒ်မ ၃ (က) (၂) ၌ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်လျက် နိုင်ငံဘဏ္ဍာ ပျက်စီးဆုံးရှုံးစေပါက အဂတိလိုက်စားမှု မြောက်ကြောင်း ထည့်သွင်းပြဌာန်းထားသည့်အတွက် သတိပြုဆင်ခြင်ရန်လိုကြောင်း၊ ဝန်ထမ်းများ ကို ကိုယ်ကျင့်တရားကောင်းမွန်စွာ အများပြည်သူအကျိုး ရှေးရှုဆောင်ရွက်ကြမည်ဆိုပါက အဂတိ တရားလျော့နည်း ပပျောက်နိုင်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့သည်။

ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများက မိမိတို့သက်ဆိုင်ရာကဏ္ဍ များအလိုက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း အကြောင်းအရင်းများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး ဆိုင်ရာကိစ္စရပ်များ၊ စုံစမ်းစစ်ဆေးမှုဆိုင်ရာများ၊ ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် သိမှတ်ဖွယ်ရာများ ရှင်းလင်းဆွေးနွေးပြောကြားပြီး ဝန်ထမ်းများ၏ သိရှိလိုသည်များ မေးမြန်းမှု အပေါ် ပြန်လည်ဖြေကြား ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm