Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မြန်မာနိုင်ငံရှိ အသေးစားချေးငွေလုပ်ငန်းများတွင် ငွေစုဆောင်းသည့် အလေ့အကျင့်များဖြစ်ပေါ်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်


24 Aug,2023

နေပြည်တော် ဩဂုတ် ၂၄

          မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ (၂၀၂၁) စီမံကိန်းအရ “မြန်မာနိုင်ငံရှိ အသေးစားချေးငွေလုပ်ငန်းများတွင် ငွေစုဆောင်းသည့် အလေ့အကျင့်များဖြစ်ပေါ်ရေး အလုပ်ရုံ ဆွေးနွေးပွဲ”ကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရွှေစံအိမ်ဟိုတယ်၌ ကျင်းပပြုလုပ်ရာ သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊  ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ) မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဗဟိုသမဝါယမအသင်းဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမဦးစီးဌာနများမှ ညွှန်ကြားရေး မှူးများ၊ သမဝါယမအသင်းစုချုပ်များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အမှာစကားပြောကြားရာတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မဲခေါင်နိုင်ငံ ၅ နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး မဲခေါင် ဒေသတွင်းနိုင်ငံများ၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တစ်ခု ဖြစ်ပါကြောင်း၊ မဲခေါင်-လန်ချန်း ဒေသအတွင်း ဖွံ့ဖြိုး တိုးတက်မှု ကွာဟနေခြင်းကို လျှော့ချရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိရန် ပူးပေါင်း ဆောင်ရွက်မှုများပြုလုပ်ရန် လိုအပ်ပါကြောင်း၊ ဒေသတွင်းနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုပုံစံကို ဖြတ်သန်းစီးဆင်းနေသည့် မဲခေါင်မြစ်၏ ရစ်ပတ်စုစည်းထားမှုပုံစံနှင့် တင်စားဂုဏ်ပြုပြီး “မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (Mekong-Lancang Cooperation-MLC)” ဟု ခေါ်ဆိုခဲ့ကြပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်စတင်ခဲ့ပါကြောင်း။

          မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု၏ အဓိကရည်ရွယ်ချက်မှာ လန်ချန်း-မဲခေါင်ကမ်းရိုးတန်း တစ်လျှောက်နိုင်ငံများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံအသီးသီးရှိ ပြည်သူများ၏ အကျိုး စီးပွားကို မြှင့်တင်နိုင်စေရန်၊ ဒေသတွင်းနိုင်ငံများ၏ ဖွံဖြိုးရေးကွာဟချက်ကို လျှော့ချရန်၊ အာဆီယံ အသိုက်အ၀န်း အေးအတူပူအမျှ အတူတကွတည်ဆောက်နိုင်ရေးကို ထောက်ကူပံ့ပိုးပေးရန်၊ ၂၀၃၀  ပြည့်နှစ် ကုလသမဂ္ဂ ရေရှည်ဖွံ့ဖြိုးတိုးတက်အစီအစဉ်များကို တွန်းအားပေးပြီး အကောင်အထည် ဖော်ဆောင်ရွက်ရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်‌ရေးကို တွန်းအားပေးရန်တို့အတွက် ရည်ရွယ်ခြင်း ဖြစ်ပါကြောင်း၊

          သမဝါယမဦးစီးဌာနအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၁၈) ဖြင့်  မြန်မာနိုင်ငံသမဝါယမအသင်းများရှိ အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားရေးနှင့် စွမ်းရည် တည်ဆောက်ရေးစီမံကိန်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၀) ဖြင့် မြန်မာနိုင်ငံနှင့် မဲခေါင်ဒေသရှိ သမဝါယမကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် စွမ်းဆောင်ရည် မြှင့်တင် ပေးခြင်းစီမံကိန်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊  ယခု မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) စီမံကိန်းကို ၂၀၂၂ ခုနှစ် ဧပြီလမှ ယခုနှစ် စက်တင်ဘာလအထိ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး  စီမံကိန်းလုပ်ငန်းတစ်ခုဖြစ် သည့် အသေးစားချေးငွေလုပ်ငန်းများတွင် ငွေစုဆောင်းသည့်အလေ့အကျင့်၏ အခန်းကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲအား ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) စီမံကိန်းဖြင့် မဲခေါင်ဒေသတွင်း နိုင်ငံများအကြား လေ့လာရေးခရီးများ သွားရောက်ပြီး သမဝါယမစနစ်များ၊ လုပ်ထုံးလုပ်နည်းများ၊ နည်းစနစ်များကို လေ့လာရရှိလာသည့် အတွေ့အကြုံဗဟုသုတအပေါ် အခြေခံကာ မိမိတို့နိုင်ငံ၏ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပြန်လည်အထောက်အကူဖြစ်စေဖို့ မျှော်လင့်ပါကြောင်း။

          ယခုဆွေးနွေးပွဲတွင် သမဝါယမအသေးစားချေးငွေလုပ်ငန်းနှင့် ပတ်သက်ပြီး ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ နိုင်ငံတကာ၌ ကျင့်သုံးလျက်ရှိသည့် မူဝါဒ၊ လုပ်ထုံး လုပ်နည်း၊ သမဝါယမအသင်းများ၏ အသေးစားချေးငွေ လုပ်ငန်းဆောင်ရွက်နေမှုများ၊ မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အသေးစားချေးငွေလုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲ၊ အားနည်းချက်၊ အားသာချက်များ၊ သမဝါယမအသင်းများ ပိုမိုကောင်းမွန်စွာ ရပ်တည် ဆောင်ရွက်သွားနိုင်မည့် နည်းလမ်းများကို အချင်းချင်း ဝိုင်းဝန်းနှီးနှောဖလှယ် ဆွေးနွေးကြစေ လိုပါကြောင်း၊ ပြည်သူများက ယုံကြည်ကိုးစားပြီး ခိုင်မာသည့် သမဝါယမအသင်းများအဖြစ် ဆက်လက်ရှင်သန်ရပ်တည်နိုင်ရန် အသင်းနှင့်ဌာန ပူးပေါင်းဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊

          ယခုအလုပ်ရုံဆွေးနွေးပွဲတွင် သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆွေးနွေးကြခြင်းဖြင့် မြန်မာနိုင်ငံသမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက မဲခေါင် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်းနှင့် မဲခေါင်ဒေသတွင်း နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှုကွာဟနေခြင်းကို လျှော့ချရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုရရှိစေရန်အတွက် ပူးပေါင်းဆောင်ရွက်မှုအသွင်အဖြစ်လည်း ဆောင်ရွက်နိုင်ခြင်း ဖြစ်ပါ ကြောင်း ပြောကြားသည်။

          ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူတစ်ဦးနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ) ၏ ဒုတိယဥက္ကဋ္ဌတို့က လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။

          အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အနေဖြင့် CBC Myanmar Microfinance မှ Managing Director နှင့် Chief Operating Officer ၊ သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ မန္တလေး တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများမှ မေးခွန်းများ မေးမြန်းခြင်း၊ ပြန်လည်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပြီး အဆိုပါဆွေးနွေးချက်များအပေါ် သမဝါယမ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သုံးသပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm