Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“သစ်အခြေခံပရိဘောဂသင်တန်း (TOT) အမှတ်စဉ်(၁/၂၀၂၃-၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနား ” ကျင်းပ


24 Aug,2023

နေပြည်တော် ဩဂုတ်လ (၂၄)

            အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ဌာနမှ ဝန်ထမ်းများအနေဖြင့် ပြည်သူများကို သစ်အခြေခံပရိဘောဂ အသက်မွေးဝမ်းကျောင်းပညာ သင်တန်းများ သင်ကြားပေးသည့် ကျွမ်းကျင်နည်းပြများ ပေါ်ထွက်လာစေရန်နှင့် နေပြည်တော်မှ အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များအနေဖြင့်လည်း သစ်အခြေခံပရိဘောဂလုပ်ငန်းများအား ကျွမ်းကျင်ပိုင်နိုင်စွာဆောင်ရွက်နိုင်စေရန်၊ ပြည်သူများ ခေတ်မီ CNC စက်များ ကျွမ်းကျင်စွာအသုံးပြုနိုင်ရာမှ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍  သစ်အခြေခံ ပရိဘောဂသင်တန်း (TOT) အမှတ်စဉ် (၁/၂၀၂၃-၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ Incubation Centre ၌ ယနေ့ နေ့လယ်(၁၄:၀၀)နာရီ တွင် ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား(၁၈)ဦးနှင့် ဌာနမှတာဝန်ရှိသူများ စုစုပေါင်း(၄၅)ဦး တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် “အသေးစား စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူဖြစ်စေမည်” ဆိုသည့် မျှော်မှန်းချက်ချမှတ်ပြီး MSMEs လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေသည့်ဌာနဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်များမှ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်နိုင်ရန် ကျွမ်းကျင်သည့်သင်တန်းနည်းပြများ ပေါ်ထွက်လာစေရေးအတွက်  ရုံးချုပ်၊ သက်ဆိုင်ရာဌာနခွဲများမှ ဝန်ထမ်းများအတွက် Training of Trainer (TOT) သင်တန်း‌များကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်သည့် သစ်အခြေခံပရိဘောဂသင်တန်း (TOT) သည် ဝန်ထမ်းများကို သီးသန့်ဖွင့်လှစ်သင်ကြားပေးတာမျိုးမဟုတ်ဘဲ ဝန်ထမ်းများနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ  သစ်အခြေခံပရိဘောဂလုပ်ငန်းများ ဆောင်ရွက်နေကြသည့် လုပ်ငန်းရှင်များနှင့် လုပ်ငန်းဆောင်ရွက်နေသူများကို သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံသည် သစ်တောထွက်ကုန်ကြမ်းများ အလွန်ပေါများပါကြောင်း။ သစ်ကုန်ကြမ်းကို ကုန်ကြမ်းအတိုင်းရောင်းချမည်ဆိုပါက တန်ဖိုးအနည်းငယ်ပဲရရှိပါကြောင်း၊ နည်းပညာများ၊ အတတ်ပညာများနှင့် ကျွမ်းကျင်မှုများပေါင်းစပ်၍ တန်ဖိုးမြှင့်ကုန်ချောထုတ်လုပ်ရောင်းချမည်ဆိုလျှင် အလုပ်အကိုင်အခွင့်အလမ်းတွေရရှိနိုင်သကဲ့သို့ ကုန်ပစ္စည်း၏ တန်ဖိုးလည်း များစွာတိုးတက်ပြီး ဝင်ငွေပိုမိုရရှိမှာဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိပြည်တွင်းတွင် ပေါများစွာထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံသည့် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ကြရန် လိုအပ်ပြီး ထုတ်ကုန်များကို ပို့ကုန်အဖြစ် နိုင်ငံခြားတိုင်းပြည်များကို တင်ပို့ကာ သွင်းကုန်အစားထိုးနိုင်ခြင်းအပြင် နိုင်ငံခြားငွေရှာဖွေနိုင်သည့် လုပ်ငန်းတစ်ခုဖြစ်အောင် ဆောင်ရွက်ရန်လိုပါကြောင်း၊ ယခုသင်တန်းသို့ တက်ရောက်လာကြသည့် ပြင်ပမှ ပရိဘောဂလုပ်ငန်းများ လုပ်ကိုင်ကြသည့် သင်တန်းသားများအနေနှင့်လည်း သင်တန်းမှရရှိသည့် ပညာရပ်များဖြင့် လုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခြင်းမျိုး ဖြစ်စေချင်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် နည်းပညာနှင့် ပတ်သက်သည့် အခက်အခဲများရှိလျှင်လည်း ဌာနသို့ အကူအညီတောင်းနိုင်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဝန်ထမ်းတွေများသည် ယခု (TOT) သင်တန်းကို ဂရုတစိုက်လေ့လာသင်ယူပြီး ကျွမ်းကျင်သည့်နည်းပြများဖြစ်အောင် ကြိုးစားကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ ပြည်သူများကို ကောင်းမွန်စွာ သင်တန်းပေးနိုင်ပြီး နည်းပညာများ ဖြန့်ဝေပေးနိုင်မှာဖြစ်ပါကြောင်း၊ မိမိတို့ ရရှိခဲ့သည့် ပညာရပ်များကို အမြဲသုံးသပ်လေ့လာပြီး လုပ်ငန်းခွင်တွင်လည်း အကျိုးရှိရှိလုပ်ကိုင် ဆောင်ရွက်စေချင်ပါကြောင်း။ မိမိတို့၏ သက်ဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်သည့်နေရာများနှင့် ပြည်သူများကို အသက်မွေးဝမ်း‌ကျောင်း ကာလတို သင်တန်းများ သင်ကြားပို့ချသည့် နေရာတွင်လည်း ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

          ထို့နောက် သင်တန်းတွင်သင်ကြားမည့် သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများက တစ်ဦးချင်းမိတ်ဆက်စကားပြောကြားခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။ အဆိုပါသင်တန်းကို ရုံးချုပ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ရုံးများမှ သင်တန်းသား(၇)ဦးနှင့် နေပြည်တော်ပြည်ထောင်စုနယ်မြေရှိ သစ်ပရိဘောဂလုပ်ငန်းများဆောင်ရွက်နေသော လုပ်ငန်းများမှ သင်တန်းတက်ရောက်လိုသည့် သင်တန်းသား(၁၁)ဦး စုစုပေါင်းသင်တန်းသားဦးရေ (၁၈) ဦးဖြင့်  (၂၄.၈.၂၀၂၃) ရက်နေ့မှ (၁၂.၉.၂၀၂၃)ရက်နေ့အထိ (၂၀)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။      


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm