Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး သမဝါယမစနစ်ဖြင့် မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


18 Aug,2023

နေပြည်တော် ဩဂုတ် ၁၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် ဩဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် မန်းတောင်ရိပ် မျိုးစေ့ထုတ်သမဝါယမအသင်းမှ အသင်းသားတောင်သူများ၏ မျိုးစေ့ထုတ် စပါး စိုက်ခင်းများကို အားပေးကြည့်ရှုသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် မနောယျမကျေးရွာသို့ သွားရောက်ကာ မနောယျမ လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးစိုးတင့်၏ လယ်မြေ (၃) ဧကတွင် မဂျမ်းတောစပါးမျိုးများ စိုက်ပျိုးထားမှုအားလည်းကောင်း၊ အသင်းသား တောင်သူ ဦးဖိုးကျော်၏ လယ်မြေ (၅) ဧကတွင် မဂျမ်းတောစပါးမျိုးများ စိုက်ပျိုးထားမှုအား လည်းကောင်း ကြည့်ရှုအားပေးကာ အသင်းသားတောင်သူများ၏ လုပ်ငန်းလိုအပ်ချက်များ အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ပုသိမ်ကြီးမြို့နယ်၊ ရွာသစ်ကျေးရွာ၊ ပုဗ္ဗာရာမ ရွာဦးကျောင်း တွင် ရွာသစ်လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ အသင်းအမှုဆောင် များ၊ အသင်းသားများ၊ ရပ်မိရပ်ဖများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဒုတိယဝန်ကြီးက ပန်းတိုင် အထွက်နှုန်း ရရှိစေရေး မျိုးကောင်းမျိုးသန့် အထွက်တိုးစပါးမျိုးများ စိုက်ပျိုးရန်၊ သဘာဝမြေဩဇာ များကိုပါ တွဲဖက်အသုံးပြုရန်၊ ရာသီအလိုက် စွမ်းအားပြည့်စိုက်ပျိုးရန်နှင့် အကြောင်းအမျိုးမျိုးဖြင့် လယ်ယာမြေများ လျော့ပါးမသွားစေရေး ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားရန် မှာကြားပြီး အသင်း သားတောင်သူများနှင့် ရပ်မိရပ်ဖများ၏ စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ပုသိမ်ကြီးမြို့နယ်ရှိ သမဝါယမကောလိပ်(မန္တလေး)သို့ သွားရောက်ကာ ဆရာဆရာမများနှင့်တွေ့ဆုံရာတွင် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာတင်မူအေး က သမဝါယမကောလိပ်(မန္တလေး)၏ လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက နိုင်ငံတော်က အားထားရသည့် စီးပွားရေးပညာရှင် လူငယ် လူရွယ်များ မွေးထုတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ စာပေသင်ကြားရေးသာမက မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ် ရှင်သန်ထက်မြတ်သော လူငယ်လူရွယ်များ ဖြစ်စေရေး လေ့ကျင့်ပျိုးထောင် ပေးရန် တိုက်တွန်းမှာကြားသည်။ ဆက်လက်၍ ကျောင်းသားကျောင်းသူများကို တွေ့ဆုံအားပေး စကားပြောကြားခဲ့ပြီး ပထမနှစ်ကျောင်းသူများ၏ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင် အခြေခံအပ်ချုပ်စက်သင်တန်း တက်ရောက်နေမှု၊ ကျောင်းသားကျောင်းသူများ၏ စားရိပ်သာတွင် နေ့လည်စာသုံးဆောင်နေမှုနှင့် ကောလိပ်စာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် စဉ့်ကိုင်မြို့နယ် သမဝါယမအသင်းစုပိုင် ဆန်စက်အား ကြရှုစစ်ဆေးရာ တာဝန်ရှိသူများက လက်ရှိ ဆန်စပါးဝယ်ယူကြိတ်ခွဲဖြန့်ဖြူးဆောင်ရွက်နေမှုများနှင့် တို့ချဲ့ဆောင်ရွက်သွားမည့်လုပ်ငန်းများ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြား ခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကျောက်ဆည်မြို့နယ်၊ အင်နိုင်းကျေးရွာသို့ သွားရောက်ကာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး နှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်း၊ အခြေခံစက်ချုပ်နည်းသင်တန်း တက်ရောက် နေသည့် သင်တန်းသူများအား တွေ့ဆုံအားပေးခဲ့သည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျောက်ဆည်မြို့နယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတွင် လုပ်ငန်းမှတ်ပုံတင်ကာ နွားနို့နှင့် ဒိန်ချဉ်ထုတ်လုပ်နေသော ဒီနေလင်းဒိန်ချဉ် လုပ်ငန်းသို့ သွားရောက်အားပေး ကြည့်ရှုခဲ့သည်။

 ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ကျောက်ဆည်မြို့နယ်၊ ပတ္တာကျေးရွာရှိ ပတ္တာစိုက်ပျိုးရေး နှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးဝင်းမြင့်နောင်၏ လယ်မြေ (၁၅) ဧကတွင် ဧရာပဒေသာစပါးမျိုးများ စိုက်ပျိုးထားမှုအားလည်းကောင်း၊ အသင်းသားတောင်သူ ဦးငြိမ်း၏ လယ်မြေ (၁၀) ဧကတွင် ဧရာပဒေသာစပါးမျိုးများ စိုက်ပျိုးထားမှုအားလည်းကောင်း ကြည့်ရှုအားပေးကာ ဒုတိယဝန်ကြီးက ယမန်နှစ်ကထက် အထွက်နှုန်းတိုးတက်ကောင်းမွန်ရေး ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့သည်။

ထို့‌နောက် ဒုတိယဝန်ကြီးသည် ရှမ်းရွာကြီးကျေးရွာရှိ အရှေ့ရွာနန်းနှင့်တောင်ပလူ စိုက်ပျိုးရေး နှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းအမှုဆောင်များ၊ အသင်းသားတောင်သူများနှင့် တွေ့ဆုံကာ မိုးစပါးစိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုရေးလုပ်ငန်း လိုအပ်ချက်များ တင်ပြမှုအ‌ပေါ် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm