Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး လားရှိုးမြို့နယ် မွေးမြူရေးသမဝါယမအသင်းများအား တွေ့ဆုံမှာကြား


17 Aug,2023

နေပြည်တော် ဩဂုတ် ၁၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် ဩဂုတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ ပန်ဟတ်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း RBF ရန်ပုံငွေဖြင့် နွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး နွားစာအတွက် နေဗီယာမြက်များ တိုးချဲ့စိုက်ပျိုးရန်၊ နွားမျိုးကောင်းမျိုးသန့်များ ရရှိရေးအတွက် မျိုးချောင်းစနစ်ဖြင့် မျိုးစပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် လားရှိုးမြို့နယ်၊ ခေးနင်းကျေးရွာရှိ ခိုင်ရတနာ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း၏ နွားမွေးမြူရေးခြံသို့ သွားရောက်ကာ အသင်းအမှုဆောင် များ၊ အသင်းသားများနှင့်တွေ့ဆုံပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်ပြီး နွားမွေးမြူထားမှု၊ နွားခြံတည်ဆောက်ထားမှုတို့အား ကြည့်ရှုစစ်ဆေးသည်။

 အလားတူ ဒုတိယဝန်ကြီးသည် လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာရှိ ခိုင်နေကြာ စိုက်ပျိုးရေး နှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း၏ ဝက်မွေးမြူရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး မျိုးကောင်းမျိုးသန့်ဝက်များ တိုးချဲ့မွေးမြူရန်၊ ဝက်ခြံများကို ကျန်းမာ‌ရေးနှင့် ညီညွတ်အောင် စနစ်တကျ တည်ဆောက်ရန်၊ အသင်းသူအသင်းသားများ လူမှုစီးပွားဘဝမြင့်မာလာရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် လားရှိုးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ခေးခန်းကျေးရွာနှင့် တောင်နောက် ကျေးရွာတို့ကို ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်း ၃/၆ မိုင်အနက် (၇) ဖာလုံ ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက အဆိုပါလမ်းအား လာမည့်ဘဏ္ဍာရေးနှစ်တွင် အပြီးဆောင်ရွက်ပေးရေး မှာကြားပြီး လမ်းအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လားရှိုးမြို့ရှိ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်း ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနစရိယ ဒေါက်တာဘဒ္ဒန္တပုညနန္ဒအား သွားရောက် ဖူးမြော်ကန်တော့ကာ ဝါဆိုသင်္ကန်းနှင့်တကွ လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒန်းခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ လားရှိုးမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ သွား ရောက်ကာ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာသော  ဒေသအကျိုးပြု၊ နိုင်ငံအကျိုးပြု လူငယ်လူရွယ်များဖြစ်စေရေး တိုက်တွန်းမှာကြား၍ ထောက်ပံ့ငွေ များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm