Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုနယ်မြေတွင် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်


04 Aug,2023

နေပြည်တော်၊ ဩဂုတ်လ(၄)ရက်

                 အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)အနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီး ပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း(၇)ခု အနက်မှ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့်လုပ်ငန်းကို အကောင်အထည် ဖော် မည့် ပေါက်တောကျေးရွာ၊ ရန်အောင်မြင်ကျေးရွာအုပ်စု၊ ဒက္ခိဏသီရိမြို့နယ်၊ လယ်ဝေးခရိုင်၊ ပြည်ထောင်စုနယ်မြေတွင် စက်ချုပ်လုပ်ငန်းလုပ်ကိုင်မည့် သင်တန်းသူ(၁၅)ဦးအား အခြေခံစက်ချုပ် နည်းပညာ ပေးနိုင်ရန်အတွက် ဖွင့်ပွဲအခမ်းအနားကို (၄.၈.၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ လယ်ဝေးခရိုင်၊ အထွေထွေ အုပ်ချုပ်ရေးမှူး၊ ဒက္ခိဏသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူး၊ သင်တန်းနည်းပြများ၊ လုပ်ငန်း ဆောင်ရွက်မည့် ကော်မတီဝင်များ၊ ဒေသခံရပ်မိရပ်ဖများ၊ သင်တန်းသား/သူများ၊  စုစုပေါင်း (၄၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

              အဆိုပါအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က “အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ယွန်း၊ ရက်ကန်း၊ စက်မှု၊ လက်မှု၊ လူသုံးကုန်၊ စားသောက်ကုန်၊ အလှကုန်ဆိုင်ရာ နည်းပညာသင်တန်း များကို သင်ကြားပို့ချပေးခြင်း၊ ထွက်ရှိလာသည့် ကုန်ပစ္စည်းများကို ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ စနစ်တကျ လုပ်ငန်းမှတ်ပုံတင်ပေး ခြင်းများကို စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး  ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပုံမှန်ဖွင့်လှစ်နေကျ သင်တန်းများအပြင် နိုင်ငံအနှံ့အပြားရှိ ကျေးရွာပေါင်း (၁၅၅)ရွာတွင် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းပြီးဆုံးလျှင်လည်း ထူးချွန်သူ(၅)ဦးကိုရွေးချယ်ပြီး ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်ရန်အတွက် တစ်ဦးလျှင် ငွေကျပ်(၁၀)သိန်းနှင့်ညီမျှသော စက်ပစ္စည်းများကို ပေးအပ်သွားမည်ဖြစ်ကြောင်း၊ အိုးမကွာအိမ်မကွာ ဖြင့် မိသားစုဝင်ငွေတိုးရေးဆောင်ရွက်လိုသော အမျိုးသမီးများနှင့် ပညာရေး ဆုံးခန်းတိုင်အောင် သင်ကြားနိုင်ခဲ့ခြင်းမရှိသော လူငယ်များအတွက် ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်ရန် အသက်မွေးဝမ်းကျောင်းပညာများနှင့် လုပ်ငန်းထူထောင်မည့်ပစ္စည်းများပေးအပ်နိုင်ခြင်းဖြင့် အသေးစားစက်မှု လက်မှုလုပ်ငန်းများထွန်းကားလာပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုစေမည် ဖြစ်ကြောင်း” အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

              အဆိုပါကျေးရွာတွင် စက်ချုပ်နည်းပညာအား လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်စွာ တတ်မြောက်နိုင်ရေးအတွက် သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်းထူထောင်မည့် ထူးချွန် သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်နှင့်အညီရွေးချယ်ပြီး တစ်ဦးလျှင် ငွေကျပ် (၁၀) သိန်းနှင့်ညီမျှသော စက်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm