Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“မိုခါ” မုန်တိုင်းဒဏ်သင့်ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ (၁၃) (ပြန်ကြားရေးဝန်ကြီးဌာန)


03 Aug,2023

မြင့်စိုး(နတလ)

နတလ၊ ဖဖရနှင့် နာမည်ကျန်သွားသည့်နောင်တော်ကြီးများ

          ကျွန်တော်က ၁၉၉၅ ခုနှစ်တွင် တပ်မတော်သားဘဝမှ နယ်ဘက်တာဝန် ကူးပြောင်း ထမ်းဆောင်ခဲ့သူ ဖြစ်၏။ ထိုစဉ်က အများအခေါ် နတလတွင် နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် ကိုးကန့်ဒေသ၊ ‘ဝ’ဒေသ ပန်ဆန်း၊ မိုင်းမော၊ ဝိန်းကောင်၊ ကချင်အထူးဒေသ(၁) နှင့် (၂)၊ မွန်၊ ကရင်၊ မော်ဖဒေသ(မက်မန်း)၊ ကဘော်ချိုင့်ဝှမ်းဒေသများသို့ အလှည့်ကျ သွားရောက် တာဝန်ထမ်းဆောင်နေရချိန် ဖြစ်သည်။ နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ စတင်ခဲ့သည့် ၁၉၈၉ ခုနှစ်မှ ၁၉၉၁၊ ၁၉၉၂ အချိန်ကာလများအထိ နယ်စပ်ဒေသများတွင် ကားလမ်းများ မပေါက်သေး၊ တယ်လီ ဖုန်းမရှိ၊ ရုံးမရှိ၊ ကျောပိုးအိတ်တစ်လုံးနှင့် ရှေ့တန်းထွက်သလို သွားခဲ့ လာခဲ့ကြရသည်။ ဆေးရုံ ဆေးခန်း၊ စာသင်ကျောင်း၊ စာတိုက်နှင့် ကြေးနန်းရုံးများ စသည်တို့ကို စတင်တည်ဆောက်ဖွင့်လှစ် ကြရသည်။ နတလဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီအောက်က သက်ဆိုင်ရာလုပ်ငန်းဆပ် ကော်မတီအလိုက် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆက်သွယ်ရေး၊ ပြန်ကြားရေး ဝန်ထမ်း များလည်း ၁၉၈၉ ခုနှစ်ကတည်းက နယ်စပ်ဒေသများသို့ ကူးချီသန်းချီ သွားလာနေကြရပြီ ဖြစ်၏။ နတလလုပ်ငန်းကော်မတီကို တာဝန်ခံထားရသော ကျွန်တော်တို့ နတလ(ထိုစဉ်ကဦးစီးဌာန အဖြစ်ပင် ဖွဲ့စည်းပုံမကျသေး)က လုပ်ငန်းအားလုံးကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးနေရသော အချိန်ကာလတစ်ခုပါပေ။ ပန်ဆန်းမြို့အဖြစ် တဖြည်းဖြည်း ကူးပြောင်းလာမည့် ပန်ဆန်းကျေးရွာ ငယ်လေးကိုပင်လျှင် ၁၉၉၂-၉၃ လောက်မှစတင်၍ မြေထိုးမြေညှိလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်၏။ လောက်ကိုင်သည်လည်းပဲ အစောပိုင်းကာလများက ရွာငယ်လေး တစ်ရွာမျှသာ……….။

          ၁၉၉၄ ခုနှစ်မှာ စာပေနယ်သို့ ရောက်ရှိပြီး ကလောင်နာမည် မြင့်စိုး၊ မြင့်စိုး(လေးမျက်နှာ) တို့ဖြင့် နေ့စဉ်ထုတ်သတင်းစာများနှင့် မြက်ခင်းသစ် စသည်တို့မှာ ဆောင်းပါး၊ စာစုများ စတင် ရေးသားနေပြီ ဖြစ်သည်။ ၁၉၉၅ ခုနှစ်တွင် ရေးသားခဲ့သော “ကဘော်ချိုင့်ဝှမ်းဒေသ၊ နတလနှင့် ဘဝသစ်စီမံကိန်း” ဆောင်းပါးမှ အစပြု၍ ကလောင်အမည် မြင့်စိုး(နတလ)ကို ကျွန်တော်ယူခဲ့ခြင်း ဖြစ်၏။ ကျွန်တော်ကိုယ်တိုင် ကိုးကန့်ဒေသ၊ ‘ဝ’ဒေသနှင့် ၁၉၉၆ ခုနှစ်က MTA အဖွဲ့ လက်နက်စွန့် ခဲ့သော ဟိုမိန်းဒေသများတွင် တာဝန်ထမ်းဆောင်အပြီးမှာ နယ်စပ်ဖွံ့ဖြိုးရေးဆောင်းပါးတွေ အရေး များလာခဲ့သည်။ အထူးသဖြင့် ၁၉၉၈ နှင့် ၂၀၀၄ ကြားမှာ အများဆုံးဖြစ်ပါလိမ့်မည်။ နယ်စပ်ဒေသ များကို သွားခဲ့ကြသည့် နောင်တော်ကြီးများ၊ သူတို့၏ အတွေ့အကြုံများကို အမှတ်တရ ပြန်ရေး သောအခါ နာမည်တွေက အလိုလိုပါလာပါတော့သည်။ ဗိုလ်မှူးဌေးမြင့်၊ ဗိုလ်မှူးစိုးအောင်၊ ဗိုလ်မှူး သန်းထူး၊ ဗိုလ်မှူးတင်မောင်အေး၊ ဗိုလ်မှူးစိုးသန်း၊ ဗိုလ်မှူးနေဝင်း၊ ဒုတိယဗိုလ်မှူးကြီး ညီဖြူ၊ ဒုတိယဗိုလ်မှူးကြီးသန်းဌေး၊ ဗိုလ်မှူးတင်ဝင်း၊ ဗိုလ်မှူးဉာဏ်လင်းမြင့်၊ ဗိုလ်မှူးတင်ဖေ၊ ဦးညီညီ၊ ဦးအေးလွင် စသည်ဖြင့်……..။

          မြင့်စိုး - မင်း ဆောင်းပါးရေးတိုင်း ငါ့နာမည်တစ်ခါမှ မပါဘူးကွ၊ ပန်ဆန်းကို ငါ အရင်ဆုံး သွားခဲ့တာ၊ လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး နတလရုံးချုပ်ကို ကြေးနန်းပြန်ပို့တဲ့အခါ ပေးပို့သူလိပ်စာနေရာမှာ ဘယ်လိုနာမည်သုံးရမလဲ ဆိုတာ စဉ်းစားခဲ့ရတယ်။ ဒေသဖွံ့ဖြိုးရေး၊ နယ်စပ်ဖွံ့ဖြိုးရေးကို ကိုယ်စားပြုရာရောက်တဲ့ ဖဖရ ဆိုတဲ့ စကားလုံးကိုလည်း ငါတို့ပန်ဆန်းကနေ စသုံးခဲ့တာ စသည်ဖြင့် နောင်တော်ကြီး ဦးခင်လတ်က ကြေကွဲစွာ ပြောဆိုစကားနာထိုးပါလေတော့ သည်။ အမှန်စင်စစ်လည်း ဗိုလ်မှူးခင်လတ်၊ ဗိုလ်မှူးတင်လတ်ဆိုသည့် ပုဂ္ဂိုလ်များက ကျွန်တော် ရောက်သွားချိန်၌ နတလမှာ မရှိတော့ပြီ။ စည်ပင်ဘက်ကို ရောက်ကုန်ကြပြီ ဖြစ်၏။ ကျွန်တော်နှင့် မဆုံလိုက်၍လည်းကောင်း၊ ပန်ဆန်း/ မိုင်းမောဒေသများတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူစာရင်းမှာ ကျန်သွား၍ ဖြစ်ပါကြောင်း ပြန်လည်ရှင်းပြတောင်းပန်လိုက်ရ၏။ ယခုလည်း မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ ခေါင်းစဉ်ဖြင့် ဝန်ကြီးဌာန အသီးသီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် စေတနာရှင်၊ အလှူရှင်၊ အနုပညာရှင်များကို ကျွန်တော် မှတ်သားသိရှိထားသလောက် ဂုဏ်ပြုဆောင်းပါးများ ရေးလိုက်ချိန်မှာ ပြန်ကြားရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးရဲတင့် နာမည်ကျန်သွားခဲ့၍ တောင်းပန်လိုက်ရသေး၏။ သူကလည်း ကျွန်တော့်ကို နောင်ပြောင်ကျီစယ်လို၍ မင်းရေးတဲ့အထဲမှာ ငါ့နာမည်မပါဘူးကွဟု လှမ်း၍ပြောလိုက်ခြင်းရယ်သာ။

ပြန်ကြားရေးဝန်ကြီးဌာန၏ ဝီရိယနှင့် စေတနာ

          အမှန်ကမူ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး နောင်တော်ကြီး ဦးရဲတင့်သည် မိုခါ မုန်တိုင်း ညာသံပေးနေသည့် မေလ ၁၀ ရက်နေ့ကတည်းက ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်၊ အိမ်မဲ၊ မြောင်းမြမြို့ များကို ရောက်နေခဲ့ပြီ။ မိုခါကလည်း ဧရာဝတီလိုလို ရခိုင်လိုလို ဖြစ်နေချိန်မို့ ဧရာဝတီသို့ အရင်သွားခြင်း ဖြစ်ပါလိမ့်မည်။ မုန်တိုင်းနှင့်ပတ်သက်၍ အသိပညာပေးရေး၊ သတင်း များ အချိန်မီရယူ ထုတ်ပြန်ပေးရေး၊ ကွပ်ကဲမှုအောက်ရုံးများအားလုံး ထိခိုက်ဆုံးရှုံးမှု မရှိအောင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြရေး မှာကြားဆောင်ရွက်ခဲ့သည့်အပြင် မြစိမ်းရောင်တောင်ပေါ်ဒေသ တွင် သဘာဝဘေး လာရောက်ရှောင်တိမ်းနေကြသော လပွတ္တာကမ်းခြေကျေးရွာများမှ ရွာသူ ရွာသား ၉၆၀ ဦးခန့်ကို တွေ့ဆုံအားပေးစကားပြောကြားပြီး ပြန်ကြားရေးဝန်ကြီးဌာန၏ ထောက်ပံ့ ငွေကျပ် ၅ သိန်းကို ပေးအပ်လှူဒါန်းခဲ့သည်။

          ထိုမှ ကျွန်တော့်မွေးရပ်မြေ လေးမျက်နှာအနောက်ခြမ်း၊ ငါးသိုင်းချောင်း-ဂွ ကားလမ်းအတိုင်း မေလ ၁၁ ရက်နေ့မှာ ဂွ နှင့် ကျိန္တလီမြို့နယ်များသို့လည်းကောင်း၊ မေလ ၁၂ ရက်နေ့တွင် သံတွဲမြို့ သို့လည်းကောင်း ရောက်ရှိပြီး ထပ်ဆင့်လွှင့်စက်ရုံများ ထိခိုက်မှုနည်းစေရေးနှင့် ထုတ်လွှင့်မှု မပြတ် တောက်စေရေး၊ စာကြည့်တိုက်များနှင့် ရုံးစာရွက်စာတမ်းများ မပျက်စီးစေရေး၊ မုန်တိုင်းအသိပညာ ပေးရေးကိစ္စများအပြင် မုန်တိုင်းလွန်ကာလ၌ ကျောင်းအပ်နှံမှုကိစ္စရပ်များကိုလည်း လိုက်နာ ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ဒုတိယဝန်ကြီး ဦးရဲတင့်သည် မေလ ၁၂ ရက်နေ့ ညနေပိုင်းတွင် သံတွဲခရိုင်အတွင်းရှိ သဘာဝဘေး ခိုလှုံရာနေရာများဖြစ်သော ဝါးတောင်ကွင်းဘုန်းကြီးကျောင်း၊ အောင်ဓမ္မရိပ်သာကျောင်း၊ မင်္ဂလသုခကျောင်းများသို့ သွားရောက်ပြီး ပင်လယ်ကမ်းခြေအနီး ကျေးရွာများမှ ခေတ္တလာရောက်နေထိုင်ကြသော ရေလုပ်သားမိသားစုဝင်များနှင့် တွေ့ဆုံအားပေး စကားပြောကြားကာ ပြန်ကြားရေးဝန်ကြီးဌာနက ထောက်ပံ့သည့် ဆန်၊ ဆီ၊ ဆား၊ ရိက္ခာများနှင့် အလှူငွေကျပ် ၁၀ သိန်းကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

သတင်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီ

          အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအောက်ရှိ လုပ်ငန်းကော်မတီ ၁၂ ခုအနက် သတင်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ ယင်းကော်မတီအနေဖြင့် သဘာဝဘေး မကျရောက်မီအချိန်ကပင် ကြိုတင်၍ မုန်တိုင်းသတင်းများ၊ သဘာဝဘေးဆိုင်ရာ ပညာပေးအစီအစဉ်များကို မြန်မာ့အသံနှင့် ရု်ပမြင်သံကြား၊ ရေဒီယို၊ FM၊ နိုင်ငံပိုင်သတင်းစာများမှ ထုတ်လွှင့်ဖော်ပြပေးခဲ့သလို အွန်လိုင်းစာမျက်နှာများဖြစ်သော MOI webportal၊ Myanmar Digital News website များ၊ လူမှု ကွန်ရက်စာမျက်နှာများတွင် ကျယ်ကျယ် ပြန့်ပြန့် ဖော်ပြပေးခဲ့သည်။ သက်ဆိုင်ရာဝန်ကြီးဌာနများက ပေးပို့လာသည့် အသိပညာပေး အစီအစဉ် များကိုလည်း ထုတ်လွှင့်ရေးသားဖော်ပြခဲ့သည်။ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ထုတ်ဝေသော မုန်တိုင်းအသိပညာပေး လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ များနှင့် ပူးပေါင်း၍ ရခိုင်ပြည်နယ် ၁၇ မြို့နယ်၌ ဖြန့်ဝေခဲ့သည်။ မိုးလေဝသဦးစီးဌာနက ထုတ်ပြန် ပေးနေသော မုန်တိုင်းသတိပေးချက်၊ လေဖိအားနည်းရပ်ဝန်းအခြေအနေ ထုတ်ပြန်ချက်များကို အထက်ပါအတိုင်း အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြို့နယ်များအတွင်း အသံချဲ့စက်များဖြင့် လှည့်လည်ကြေညာပေးခဲ့သည်။

          မုန်တိုင်း ကျရောက်ပြီးကာလတွင်လည်း သတင်းများ ပြတ်တောက်မသွားစေရေးအတွက် စစ်တွေရှိ မြန်မာ့ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံတွင် Uplink Unit V Sat တပ်ဆင်ထားပြီး AVI West တစ်လုံးကိုလည်း မေလ ၁၀ ရက်နေ့ကတည်းက ကြိုတင်ပေးပို့ထားခဲ့သည်။ ၎င်းပြင် မေလ ၁၁ ရက်နေ့ကတည်းက မောင်တောမြို့သို့ Back Pack တစ်စုံ ကြိုတင်ပို့ဆောင်၍ သတင်းများ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။

စန္ဒရားဦးကွန်းဇော် မျိုးဆက်နှင့် ရေစက်ဆုံ

          မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ပြန်ကြားရေးဝန်ကြီးဌာန အောက်က ဦးစီးဌာနများ၊ လုပ်ငန်းများကို စေ့ငုလေ့လာကြည့်သောအခါ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအောက်ရှိ ကိုယ်ပွားသတင်းစာတိုက်(စစ်တွေ)၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအောက်ရှိ ရု်ပမြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံများ စသည်ဖြင့် တွေ့ရှိ ရသည်။ မိမိသိလိုသမျှကို ပြည်နယ်တွင် တာဝန်ထမ်းဆောင်နေသော သက်ဆိုင်ရာဌာနအလိုက် ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ ဇုံနယ်မှူး(အင်ဂျင်နီယာမှူး) များကို မေးမြန်းရပါတော့ သည်။

                             “ကျွန်တော့်အဖေက စန္ဒရား ဦးကွန်းဇော်ပါ”

                             “ရော်”

          စန္ဒရားဦးကွန်းဇော်၏ သားဖြစ်ကြောင်းပြောသူက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရခိုင်ပြည်နယ်ရုံးတွင် တာဝန်ထမ်းဆောင်နေသော ညွှန်ကြားရေးမှူး ဦးတင်ကိုဝင်း ဖြစ် သည်။ စန္ဒရားကွန်းဇော်၏ လက်သံကိုရော သူရေးဖွဲ့ခဲ့သည့် တေးသီချင်းများကိုရော ကျွန်တော် နှစ်သက်ခဲ့သည်။ Sky-Net မှာ လိုင်းပေါင်းများစွာရှိသော်ငြားလည်း ကျွန်တော်အများဆုံးကြည့်ဖြစ် သည်မှာ Skynet Sport Channel၊ ASIAN Movies နှင့် Skynet Music Channel များပဲ ဖြစ်သည်။ Skynet Music Channel မှာမှ ခေတ်ပေါ်မြန်မာသံစဉ်တေးများကို နှစ်သက်ခဲ့သည်။ ဟောင်း၍ ကောင်းနေသော သီချင်းများ ဖြစ်နေသည်။ သည်သီချင်းဟောင်းတွေကိုပဲ ထပ်ခါတလဲလဲကြည့်ဖြစ် နေသည်မှာ ဆယ်စုနှစ်နှင့်ချီခဲ့ပြီ။ ထိုအထဲတွင် ဂီတစာဆို ဂီတမှူး စန္ဒရားကွန်းဇော်၏ ဂီတ သက်တမ်း ရွှေရတုနှစ်ငါးဆယ်ပြည့် အထိမ်းအမှတ် တီးခတ်သီဆိုဖျော်ဖြေ တင်ဆက်ထားသော “သံစဉ်များရဲ့ ဂန္တဝင်ည” ဂီတဖျော်ဖြေပွဲလည်း ပါဝင်သည်။ စေလိုရာစေ၊ ဖိုးလမင်းကို ရှက်တယ် အစရှိသော သီချင်းများနှင့် အကြိုက်ဆုံးသီချင်းကတော့ အစ်မကြီးတက္ကသိုလ်လဲ့လဲ့ သီဆိုထားသည့် နှင်းဆီမလေးချစ်ပုံပြင် သီချင်းဖြစ်သည်။

                             “ပြီးတော့ ကျွန်တော်က စာရေးဆရာမောင်မိုးယံနဲ့ ညီအစ်ကိုဝမ်းကွဲ

                             တော်ပါတယ်”

                             “ရော်”

          ကျွန်တော် အာမေဋိတ်သံ “ရော်” က ထပ်၍ ထွက်သွားရပြန်သည်။ အမျိုးသားစာပေဆုရ ဆရာမောင်မိုးယံ ဆိုသော အစ်ကိုကြီး ဗိုလ်မှူးမျိုးသန့်ကိုလည်း ရင်းနှီးနေပါသည်။ ဂီတနှင့်ရော စာပေနှင့်ပါ မျိုးဆက်မကင်းသည့် ပြန်/ဆက်ဝန်ထမ်းတစ်ယောက်နှင့် ရခိုင်မှာ လာရောက် ဆုံဆည်းခွင့် ရခဲ့ပါသည်။ သူ့ရုံးအနေဖြင့်လည်း ပြန်ကြားရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ သတင်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီ၏ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ခဲ့ ကြောင်း တွေ့ရသည်။ မုန်တိုင်း မကျရောက်မီ မြို့နယ် ၁၇ မြို့နယ်အတွင်း လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဟောပြောဆွေးနွေးခြင်းများ ၈၄ ကြိမ်၊ အသံချဲ့စက်များဖြင့် လှည့်လည်ကြေငြာအသိ ပေးခြင်းများ ၂၇၂ ကြိမ်၊ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးမှု၊ စားရေရိက္ခာများ ဖြန့်ဝေမှု၊ ကယ်ဆယ် ရေးပစ္စည်းများ ဖြန့်ဝေမှု၊ ဇာတ်တိုက်လေ့ကျင့်မှု၊ အစည်းအဝေးများ ကျင်းပမှုတို့နှင့်စပ်လျဉ်းသည့် သတင်းထုတ်ပြန်မှု ၂၄၀ ပုဒ်ထိ ဆောင်ရွက်ခဲ့ပါသည်။ ရခိုင်ပြည်နယ်၏ ရေမြေသဘာဝအရ အသံချဲ့ စက်များဖြင့် လှည့်လည်ကြေညာရာတွင် အချို့ပင်လယ်တွင်း ကျေးရွာများကို ရေလမ်းခရီးဖြင့် သွားရောက်ခဲ့ကြရသည်။

          မုန်တိုင်းကျရောက်ပြီးကာလမှာ လူမှုကွန်ရက်စာမျက်နှာများတွင် တွေ့လာရသည့်သတင်းမှား များကိုလည်း ပြန်လည်ချေဖျက် ဆောင်ရွက်ခဲ့ရသည်။ ကြည့်ရှုသူများပြားသည့် Telegram Channel များနှင့်ဆက်သွယ်၍ သတင်းမှန်များ အမြန်ပေးပို့ကာ အသိပေးထုတ်ပြန်ခဲ့သည်။ အထူးသဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်၊ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့၏ ညွှန်ကြားချက်တို့ဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒေသခံပြည်သူ ၆ သိန်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့မှုအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် NP News သတင်း ဌာနနှင့် တွေ့ဆုံမေးမြန်းအစီအစဉ်များ ပြုလုပ်နိုင်ခဲ့ပါသည်။ မင်းတို့ရဲ့ ပြန်/ဆက်ရုံး ပန်းဆိုးတန်း လမ်းမှာရှိနေချိန်၊ ၁၉၉၇ ခုနှစ်လောက်ကတည်းက ဝင်ထွက်သွားလာခဲ့တာ ဖြစ်ကြောင်း၊ ဆရာ ဦးချစ်နိုင်မှအစ ဆရာကြို့ပင်ကောက် တင်မောင်ဦး၊ ဆရာဦးလှအေးနှင့် သူ့တပည့် မစိမ်းလဲ့၊ မနုနုစိန်၊ ဓာတ်ပုံဆရာများဖြစ်တဲ့ ကိုအောင်တင်၊ ကိုသန်းအောင်၊ ကိုကျော်ဆွေမိုး၊ ကိုမိုးမင်းလှိုင် တို့နှင့် ခင်မင်ကြောင်း ပြောခဲ့သည်။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ခရီးစဉ်နှင့် မေလ ၁၆ ရက်နေ့ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့၊ ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသသို့ သွားရောက်ပြီး မိုခါမုန်တိုင်းဒဏ် သင့်ခဲ့သည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးသည့်ခရီးစဉ်၌ အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည် -

                             “ရခိုင်ပြည်နယ်တွင် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးခဲ့သည့်

                             ဆက်သွယ်ရေးတာဝါတိုင်များနှင့် ရုပ်မြင်သံကြားထပ်ဆင့်လွှင့်

                             တိုင်များကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့်

                             ပြန်ကြားရေးဝန်ကြီးဌာနတို့မှ ပေါင်းစပ်၍ အမြန်ဆုံးပြုပြင်

                             ဆောင်ရွက်ရန်”

          ယင်းလမ်းညွှန်ချက်အရ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် မေလ ၁၄ ရက်နေ့ က ပြိုလဲသွားခဲ့သော 100 Meter Self Supporting Tower တိုင်ကို စနစ်တကျဖြုတ်သိမ်း၍ ယင်းနေရာတွင် 30 Meter Guyed Tower တိုင်အား မေလ ၁၆ ရက်နေ့၌ ယာယီအစားထိုး စိုက်ထူ တပ်ဆင်ခဲ့ပါသည်။ ယင်းနောက် ရုပ်မြင်သံကြားနှင့် ရေဒီယိုအစီအစဉ်များကို မေလ ၃၀ ရက်နေ့တွင် ပြန်လည်ထုတ်လွှင့်ပေးနိုင်ခဲ့ပါသည်။ ၎င်းပြင် စစ်တွေမြို့အပါအဝင် မုန်တိုင်းသင့်ဒေသများ၌ ရုပ်မြင်သံကြားထုတ်လွှင့်မှုကို ကြည့်ရှုနိုင်ရေးအတွက် DTH စလောင်း ၅၀၀ စုံအား မေလ ၁၆ ရက်နေ့တွင် စစ်တွေမြို့သို့ ပို့ဆောင်ပေးခဲ့ပြီး ပြည်နယ်အစိုးရအစီအစဉ်ဖြင့် ဖြန့်ဝေပေးခဲ့ပါသည်။

ပြည်နယ်အတွင်းရှိ ထပ်ဆင့်လွှင့်စက်ရုံများ

          ရခိုင်ပြည်နယ်အတွင်းတွင် ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ ၁၆ ရုံ ရှိပါသည်။ စစ်တွေမြို့ တွင် 100 Meter Self Supporting Tower ကို ၁၉၈၆ ခုနှစ်တွင် Analogue 10 kw ဖြင့် စတင်ထုတ် လွှင့်ခဲ့ပြီး ၂၀၁၄ ခုနှစ်၌ Digital 3 kw နှင့် မြန်မာ့အသံ FM 2 kw လွှင့်စက်တို့ တပ်ဆင်ထုတ်လွှင့်ခဲ့ရာ စက်ရုံမှ မိုင် ၃၀ ဝန်းကျင်အတွင်း လွှင့်အားပျံ့နှံ့သက်ရောက်မှု ရှိခဲ့သည်။ မြောက်ဘက် ၂၂ မိုင်အကွာ ရှိ ပါဒလိတ်၊ သင်ပုန်းတန်း၊ ကျောင်းတောင်ရွာနှင့် စေတီပြင်ထိလည်းကောင်း၊ အရှေ့ဘက် မိုင် ၃၀ အတွင်းရှိ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မင်းပြားထိလည်းကောင်း၊ အရှေ့တောင်ဘက်ယွန်းယွန်းရှိ မြေပုံနှင့် ချောင်းခွထိလည်းကောင်း လွှင့်အားရှိခဲ့ကြောင်း တွေ့ရသည်။ ယခုယာယီတပ်ဆင်ထား သော 30 Meter Guyed Tower ကမူ Digital TV 300 W လွှင့်စက်နှင့် မြန်မာ့အသံ FM 300 W လွှင့်စက်တို့ဖြင့် ထုတ်လွှင့်လျက်ရှိရာ စစ်တွေမြို့ ပတ်ဝန်းကျင်နှင့် ၁၀ မိုင်အတွင်းသာ လွှင့်အား သက်ရောက်မှု ရှိပါသည်။

          မြောက်ဦးစက်ရုံသည် ၂၀၁၈ ခုနှစ်က တည်ဆောက်ထားပြီး လွှင့်အား 300 W စက်ရုံဖြစ် သည်။ ဇွန်လ ၁၅ ရက်နေ့တွင် ပြန်လည် ထုတ်လွှင့်ပြသနေပြီ ဖြစ်သည်။ ကျောက်တော်ရှိ 600 W စက်ရုံကို ၁၉၉၉ ခုနှစ်တွင် တည်ဆောက်ပေးခဲ့ပြီး မုန်တိုင်းကြောင့် ပျက်စီးမှုအနည်းငယ်ကို ပြုပြင် ပြီးနောက် မေလ ၂၂ ရက်နေ့တွင် ပြန်လည်ထုတ်လွှင့်ပြသပေးနိုင်ခဲ့ပါသည်။ ကျောက်ဖြူစက်ရုံ 50 W၊ ဘူးသီးတောင်(မောင်တော) စက်ရုံ 1 kw၊ အမ်းနှင့် မင်းတက် (ရှောက်ခြုံ)၊ မာန်အောင်၊ ရမ်းဗြဲ နှင့် ပိန္နဲတောင်၊ မအီ၊ လမူး၊ တောင်ကုတ်၊ သံတွဲ၊ ကျိန္တလီ နှင့် ဂွ ထပ်ဆင့်လွှင့်စက်ရုံများမှာ ထိခိုက် ပျက်စီးမှုအနည်းငယ်စီသာ ရှိသဖြင့် ပုံမှန်ထုတ်လွှင့်မှုများ ဆောင်ရွက်နေပါသည်။ ရခိုင်ပြည်နယ်၏ ဇုန်နယ်မှူးတာဝန် ယူထားသော ဦးကိုကိုမင်း(အင်ဂျင်နီယာမှူး)အနေဖြင့်လည်း စက်ရုံများ၏ ထုတ်လွှင့်မှုအခြေအနေများကို ရခိုင်ပြည်နယ်အစိုးရ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့သို့ အချိန်နှင့် တပြေးညီ အစီရင်ခံ တင်ပြဆောင်ရွက်လျက် ရှိပါသည်။

အနုပညာရှင်များက စေတနာနှင့် သဒ္ဓါတရားထက်သန်

          မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီးနောက် မေလ ၁၇ ရက်နေ့၌ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးတို့မှ အနု ပညာရှင် ၄၉ ဦးတို့သည် တပ်မတော်လေယာဉ်ဖြင့် စစ်တွေမြို့သို့သွားရောက်၍ စစ်တွေနှင့်အနီး တစ်ဝိုက်ရှိ မုန်တိုင်းသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးခြင်း၊ ကယ်ဆယ်ကူညီထောက်ပံ့ရေးပစ္စည်း များ၊ စားသောက်ဖွယ်ရာများ လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

          ထို့ပြင်တဝ မုန်တိုင်းသင့်ဒေသရှိ ပြည်သူများအား လှူဒါန်းထောက်ပံ့နိုင်ရန်အလို့ငှာ ရန်ပုံငွေ ပဒေသာကပွဲကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးတို့မှ အနုပညာရှင်များ ပူးပေါင်း၍ ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံ၌ ဇွန်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ၃ ရက်တာ ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။ ယင်းဖျော်ဖြေပွဲတင်ဆက်မှုအား ဇွန်လ ၂ ရက်နေ့၌ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြည်သူများနှင့် အတူ ကြည့်ရှုအားပေးခဲ့ပါသည်။ မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ ဧည့်ခံတီးလုံး၊ ပဏာမ အဖွင့် တီးလုံးတို့ဖြင့် တင်ဆက်ပြီး ရခိုင်စည်တော်အက၊ အပျိုတော်လမိုင်းအကတို့ဖြင့် ပါဝင်ဖျော်ဖြေခဲ့ကြ သည်။ ယင်းနောက် ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာရှင်များက မြူးကြွလှပသံစဉ်များ၊ တေးသံသာ များ၊ ရုပ်ရှင်ဇာတ်ဝင်တေးများဖြင့် ပါဝင်ဖျော်ဖြေကြသကဲ့သို့ ဟာသပညာရှင်များအစည်းအရုံး၏ ဟာသအစီအစဉ်၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး၏ မြန်မာ့အငြိမ့်သဘင်ရေစီကြောင်း အော်ပရာ တို့လည်း ပါဝင်ခဲ့ပါသည်။

          ရန်ပုံငွေပဒေသာကပွဲတွင် ဒါရိုက်တာ ညိုမင်းလွင်၏ “မီးခွက်စောင့်ကျွန်း”၊ ဒါရိုက်တာ ကျော်ဇောလင်း၏ “ကူညီပေးပါ”၊ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်၏ “တင်တောင်းမယ်”၊ ဒါရိုက်တာ မောင်မျိုးမင်း၏ “ပြန်လည်နိုးထကြပါစို့”၊ အေးဝမ်းဦးသိန်းထွဋ်၏ “သမန်းကျားနှင့် ခေတ္တရာခရီးသည်”၊ မြန်မာနိုင်ငံဟာသပညာရှင်များ၏ တစ်ခန်းရပ်ပြဇာတ်များ စသည်တို့ကို အားပေးကြည့်ရှုခဲ့ကြသည်။ အနုပညာရှင် ၂၀၇ ဦး ပါဝင်ခဲ့ပြီး မေလ ၂၇ ရက်နေ့မှ စတင်ဇာတ်တိုက် လေ့ကျင့်ခဲ့ကြခြင်း ဖြစ်သည်။

          အဆိုပါရန်ပုံငွေပဒေသာကပွဲမှ ရရှိငွေကျပ် ၁၅၂၂ သိန်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဘောလုံးအသင်း (Movie FC)၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) (Music FC)၊ Forever Co.,ltd (Forever FC)၊ Old Star (ညွန့်ပေါင်း FC) တို့၏ လေးပွင့်ဆိုင် မိုခါရန်ပုံငွေဘောလုံးပွဲမှ ရရှိငွေကျပ် ၉၅၀ သိန်း၊ စုစုပေါင်းငွေကျပ် ၂၄၇၂ သိန်းကို ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ဇွန်လ ၂၈ ရက်နေ့တွင် တပ်မတော်လေယာဉ်ဖြင့် သွားရောက်လှူဒါန်းခဲ့ကြရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးကလက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး၏ ခရီးစဉ်

          ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဇွန်လ ၁၅ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ သွားရောက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆောင်ရွက်ရန် မှာကြားကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ယင်းနောက် စစ်တွေမြို့ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံသို့ သွားရောက်ကာ မုန်တိုင်းဒဏ်ကြောင့် ကျိုးကျပျက်စီးခဲ့သော မီတာ ၁၀၀ Self Supporting Tower အား ပြန်လည်ရှင်းလင်းသိမ်းဆည်းရေး၊ အသစ်တပ်ဆင်ပြီးစီးခဲ့သည့် မီတာ ၃၀ Guyed Tower ဖြင့် ယာယီထုတ်လွှင့်ပေးနေမှု အဆင်ပြေစေရေး မှာကြားကာ စက်ရုံမှူးနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ အလားတူ ပြည်ထောင်စုဝန်ကြီးသည် သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း၏ စစ်တွေမြို့ ကိုယ်ပွားသတင်းစာတိုက်သို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ပြီးစီးရေး မှာကြားပြီး ဝန်ထမ်းများအတွက် ထောက် ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။

          ကိုယ်ပွားသတင်းစာတိုက်(စစ်တွေ)သည် မိုခါမုန်တိုင်းမကျရောက်မီကာလ၌ နေ့စဉ်မြန်မာ့ အလင်းသတင်းစာ ၁၅၉၈ စောင် ပုံနှိပ်ဖြန့်ဝေပေးခဲ့သည်။ ကြေးမုံ ၁၂၃ စောင်အား ကြေးမုံသတင်း စာတိုက်(ရန်ကုန်)မှ လေကြောင်းဖြင့် ပေးပို့ဖြန့်ဝေခဲ့သည်။ မုန်တိုင်းသင့်ပြီးနောက်တွင်လည်း သတင်းစာ ထုတ်ဝေဖြန့်ချိမှုရပ်ဆိုင်းသွားခြင်းမရှိဘဲ ရန်ကုန်မှ မှာယူကာ ဖြန့်ဝေပေးနိုင်ခဲ့ပါသည်။ မြန်မာ့အလင်းစောင်ရေ ၁၀၀၊ ကြေးမုံစောင်ရေ ၁၂၃ စောင်ကို လေကြောင်းလိုင်းဖြင့်လည်းကောင်း၊ ကျန်းသတင်းစာများကို အောင်သစ္စာမော်တော်ယာဉ်လိုင်းဖြင့်လည်းကောင်း မှာယူဖြန့်ချိပေးနေ ပါသည်။

ရွှီပြည်ရခိုင်ပုံရိပ်

          သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၏ ရည်မှန်းချက်နှင့်အညီ တိုင်းရင်းသားဘာသာဖြင့်ပါ သတင်းဆောင်းပါးများကို ပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ရွှီပြည်ရခိုင်ပုံရိပ် ဟု အမည်ပေးထားသည့် သတင်းဆောင်းပါး ၄ မျက်နှာဖွဲ့စည်းပုံနှိပ်ထားသော သတင်းစာကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလမှစတင်၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကိုယ်ပွားသတင်းစာတိုက်မှ ပုံမှန်ဖြန့်ချိ ပေးခဲ့ပါသည်။ ယခု မုန်တိုင်းဒဏ်သင့်ပြီးချိန်၌လည်း အဆိုပါ ၄ မျက်နှာသတင်းစာကို ရန်ကုန်မြို့ တွင် ပုံနှိပ်ကာ ဗုဒ္ဓဟူးနေ့တိုင်း ဆက်လက်ဖြန့်ချိပေးနေကြောင်း တွေ့ရသည်။ မြန်မာ့အလင်း၊ ကြေးမုံ၊ မန္တလေးနေ့စဉ် သတင်းစာများ၏ ညာအပေါ်ထောင့်တွင် ဓမ္မပဒ အဆုံးအမတရားများကို ဖော်ပြထားသကဲ့သို့ ရွှီပြည်ရခိုင်ပုံရိပ်တွင်လည်း ရခိုင်ဆိုရိုးများကို ဖော်ပြပေးလျက်ရှိသည်။ တာရှည် ကေဗောင်းစောက်တေ၊ ဒေါသအမျက် ကိုယ်ကျိုးပျက်၊ ထောက်ထားကေနှောင့်ယှက်တေ…….….. စသည်ဖြင့်။ ရွှီပြည်ရခိုင်ပုံရိပ် သတင်းစာအား စွဲစွဲမြဲမြဲ ဖတ်သွားပါက ကြာလာလျှင် ရခိုင်လေယူ လေသိမ်း၊ ရခိုင်ဘာသာစကားကို အတော်အတန် တီးမိခေါက်မိရှိလိမ့်မည်ဟု ကျွန်တော်တွေးလိုက် မိသည်။

မိုခါကို အနိုင်ယူခဲ့သည်

          ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကွပ်ကဲမှုအောက် ဦးစီးဌာနများအနေဖြင့် မိုခါမုန်တိုင်း မကျ ရောက်မီ အချိန်ကတည်းက သတင်းလက်ဦးမှုရယူ၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသခံပြည်သူ များကို ကူညီပံ့ပိုးမှုများ ပေးခဲ့သည်။ သတင်းမီဒီယာ တိကျမြန်ဆန်အားကောင်းခြင်းသည် အသက် ပေါင်းများစွာကို ကူညီကယ်ဆယ်ရာလည်း ရောက်ပါသည်။ သတင်းမှားများကို တုံ့ပြန်ချေဖျက်နိုင် ခြင်းကလည်း နိုင်ငံတကာအလယ်မှာ မြန်မာဆိုတာ သွေးစည်းညီညွတ်သည့်၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထွန်းကားပြန့်ပွားသည့် တိုင်းပြည်အဖြစ် သရုပ်သကန် ပေါ်လွင်စေခဲ့သည်။ အသက် အန္တရာယ်ထိခိုက်ဆုံးရှုံးမှု နည်းပါးခဲ့ခြင်း၊ ကူညီကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများ၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အချိန်တိုအတွင်း တိကျမြန်ဆန်စွာ ဆောင်ရွက်နိုင်ကြောင်း ထုတ်လွှင့် ပြသနိုင်ခဲ့ခြင်း၊ မုန်တိုင်းသင့်ဒေသများမှ ပြည်သူများအတွက် လှူဒါန်းမှုများစွာရှိနေခြင်းတို့ကြောင့် ပြန်ကြားရေးဝန်ကြီးဌာနသည် မိုခါမုန်တိုင်းအပေါ် အံတုယှဉ်ပြိုင်အနိုင်ယူခဲ့ပါကြောင်း ရေးသား ဂုဏ်ပြုလိုက်ရပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm