Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“မိုခါ” မုန်တိုင်းဒဏ်သင့်ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ (၁၂) (နယ်စပ်ရေးရာဝန်ကြီးဌာန)


26 Jul,2023

မြင့်စိုး(နတလ)

ငါရို့ချစ်တေမြို့စစ်တွေ

          မေလ ၁၉ ရက်နေ့ ပထမတစ်ခေါက်ခရီးစဉ်၊ လေယာဉ်ပေါ်မှမြင်ရသော စစ်တွေမြို့မြင်ကွင်း များက စိတ်ချမ်းမြေ့ဖွယ်ရာ တစ်စက်ကလေးမျှပင်မရှိ၊ အာရုံကိုနောက်ကျိရှုတ်ထွေးသွားစေခဲ့သည်။ ဇွန်လ ၁၉ ရက်နေ့ စစ်တွေသို့ ထပ်မံရောက်ရှိခဲ့သော ဒုတိယတစ်ခေါက်ခရီးစဉ်၊ ယခင်အခြေအနေ လောက်မဆိုးတော့။ အခြေအနေဟု ကျွန်တော်သုံးနှုန်းလိုက်ခြင်းမှာ ပြီးခဲ့သည့် မေလ(၁၄)ရက်နေ့ “မိုခါ” မုန်တိုင်းဝင်ရောက်မွှေနှောက်တိုက်ခတ်ပြီးစအခြေအနေနှင့် တလခန့်အကြာ ထပ်မံမြင်တွေ့ ခွင့်ရခဲ့သော အခြေအနေနှစ်ခုကို ယှဉ်ကြည့်လိုက်ခြင်းဖြစ်၏။ မြို့သန့်ရှင်းရေးနှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ အရှိန်ရနေပြီဖြစ်သလို ပတ်ဝန်းကျင်ကျေးရွာများ၌ စိုက်ပျိုးရေး လုပ်ငန်းဆောင်တာများ စတင်နေကြပေပြီ။ ယခု ဇူလိုင်၂၁ ပြန်လည်ရောက်ရှိခဲ့သော တတိယ တစ်ခေါက်ခရီးစဉ်ကမူ ပျောက်ဆုံးသွားသော စစ်တွေမြို့ကြီးကို ပြန်တွေ့လိုက်ရဘိအလား၊ စိတ်မှာ ကြည်နူးဝမ်းသာဖြစ်ရပါ၏။

          ၁၉၉၆ ခုနှစ်မှာ စတင်ရောက်ဖူးခဲ့သော စစ်တွေ၊ ရခိုင်သားလေသံနှင့်ပြောရလျှင် ငါရို့ချစ်တေ မြို့စစ်တွေ၊ အနှီစစ်တွေအပါအဝင်ရခိုင်ဒေသသို့ နတလဝန်ထမ်းဘဝဖြင့် အကြိမ်ပေါင်းများစွာ၊ အခေါက်ပေါင်းများစွာ ထပ်မံရောက်ခွင့်ကြုံခဲ့ပါသည်။ အငြိမ်းစားမယူမချင်း ၂၀၁၈ ခုနှစ်အထိဟု ဆိုကြပါစို့ရဲ။ လောကနန္ဒာ၊ အတုလမာရဇိန် ပြည်လုံးချမ်းသာ၊ လက်ဝဲသလုံးတော်၊ အဓိဌာန်စေတီ အစရှိသော တန်ခိုးကြီးဘုရားများကို ဖူးမြော်သည်။ စစ်တွေ့ပွိုင့်မှာ အေးအေးလူလူအပန်းဖြေနားနေ ခွင့်ရခဲ့သည်။ ကမ်းခြေကသဲပုံစေတီပွဲဆင်နွဲနေသူများကိုလည်း အုန်းစိမ်းရည်လေးသောက်ရင်းငေးခဲ့ ဖူးသည်။ စစ်တွေမြို့ထဲက ဘဏ်နားမှာရောင်းသည်ဆိုသော နာမည်ကြီးဒေသ အစားအစာ စာနာပါရာမုန့်ကိုလည်း စားခဲ့ဖူးသည်။ နှစ်ပေါင်းများစွာရင်းနှီးချစ်ခင်ခြင်း၊ သံယောဇဉ်ရှိခြင်းတို့နှင့် အသားကျ နေသော စစ်တွေမြို့ကြီးသည် မိုခါမုန်တိုင်းတိုက်ခတ်အပြီး၊ ကျွန်တော်မြင်ကွင်းထဲမှ ခေတ္တခဏ ကွယ်ပျောက်သွားခဲ့သည်။ သို့သော်ငြားလည်း နိုင်ငံတော်အကြီးအကဲ၏ အမြော်အမြင် ကြီးစွာ လမ်းညွှန်မှု၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှု၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့၏ တက်ညီလက်ညီပူးပေါင်းဆောင် ရွက်မှု၊ ရခိုင်ပြည်နယ် မြို့နယ်အသီးသီး၌ လာရောက်တာဝန်ထမ်းဆောင်ကြသော တပ်မတော် အရာရှိကြီးများအပါအဝင် လုပ်အားဒါန ပစ္စည်းနှင့်ငွေအလှူဒါန ပေးလှူကြသူများအားလုံး၏ ကြည်လင်ထက်သန်သော ဇောစေတနာတို့ကြောင့် စစ်တွေမြို့ကြီးအပါအဝင် မြို့နယ်အသီးသီး၌   အချိန်တိုအတွင်း မူလအခြေအနေသို့ ရောက်လုနီးပါးဖြစ်နေကြောင်း တွေ့ရသည်။ မျှော်မှန်း ထားသည်ကတော့ အရာအားလုံးသည် မူလအခြေအနေထက် ပိုမိုသာလွန်ကောင်းမွန်ရပေမည်။ ယခုလတ်တလောမှာပင် ကျွန်တော့မြင်ကွင်းထဲက ခေတ္တခဏကွယ်ပျောက်သွားသော ငါရို့ချစ်တေ မြို့စစ်တွေကို ပြန်လည်တွေ့မြင်ခွင့်ရနေပြီ မဟုတ်ပါလား။

မင်းသားရွှေဘမကြာမီလာပါတော့မည်

          ငယ်စဉ်ကကြည့်ခဲ့ဖူးသော မင်းသားကြီးရွှေဘ၏ ရုပ်ရှင်ကားများ၊ ကျွန်တော်အပါအဝင် တောကလူအများအပြားက ရွှေဘကို ကြိုက်ကြသည်။ ကြိုက်ကြပေမပေါ့၊ ရွှေဘဆိုတာက မြေရှင် ယာရှင် ဓနရှင်တွေကို အမြဲတော်လှန်ခဲ့သူ ပစ္စည်းမဲ့လူတန်းစားများ၏ကယ်တင်ရှင်၊ တောက ဖိုးတုတ်လိုဇာတ်ကားမျိုးဆိုလျှင် အားပေးလိုက်ကြသည်မှာ လက်ခုပ်သံက တဖြောင်းဖြောင်း၊ အခက်အခဲ အကျဉ်းအကျပ်ထဲကျနေပြီဆိုလျှင် ရွှေဘလာကယ်မည်ကို ကြိုသိနေကြသည်။ လူဆိုး တွေနှင့် ယှဉ်ပြိုင်ထိုးသတ်နေလျှင်လည်း ရွှေဘနိုင်မှ၊ သို့မဟုတ်ကတော့ လယ်ကွင်းထဲမှာ ထောင်ထားသော ပိတ်ကားခမျာ ပုဇွန်ကျစ်စာခဲစာ ပြောင်းဖူးရိုးစာ မိပြီသာမှတ်။ ယခုလည်း ခေါင်းစဉ်တတ်ထားသည်က နယ်စပ်ရေးရာဝန်ကြီးဌာန၊ သို့သော်ငြားလည်း ယခုချိန်ထိ နယ်စပ် ရေးရာဟူ၍ တစ်လုံးမျှမပါသေး၊ “မိုခါ” မုန်တိုင်းဒဏ်သင့်ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ ခေါင်းစဉ်ဖြင့် ကျွန်တော်ဂုဏ်ပြုဆောင်းပါးများ ရေးသားနေသည်မှာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနအထိ ၁၁ ပုဒ် ရှိသွားခဲ့ပေပြီ။ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန များက ကျန်နေဆဲ။ အဆိုပါ ဝန်ကြီးဌာနများနှင့်စပ်လျဉ်း၍ အားနာစွာဖြင့် ကျွန်တော်ပြောလိုသည် ကတော့ မင်းသားကြီးရွှေဘ မကြာမီလာပါတော့ မည်ဟူ၍သာ……………။

နယ်စပ်ရေးရာဝန်ကြီးဌာနဆိုသည်မှာ

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသော ဝန်ကြီးဌာနအဖြစ် အားလုံးသိထားကြပြီးဖြစ်ပါသည်။ ဤသို့ဆိုလျှင် ရခိုင် ပြည်နယ်သည်လည်းဘဲ နယ်စပ်ဒေသများထဲမှာ ပါဝင်နေသည့်အတွက် မိုခါမုန်တိုင်းမကျ ရောက်မီမှာ အချိန်ကာလများစွာကတည်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက် ရှိကြောင်း အထူးပြောရန်ပင် မလိုတော့ပါ။ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် “ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ် ရေးကော်မတီ”တွင်လည်းကောင်း၊ “ပြည်တွင်းနေရပ်စွန့်ခွါသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ” တွင်လည်းကောင်း၊ ဥက္ကဌတာဝန်ကို ယူထားရပါသည်။ ထိုထက်ပို၍ညွှန်းဆိုရလျှင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက် နေသော နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီတွင်လည်း အတွင်းရေးမှူးတာဝန် ထမ်းဆောင်နေပါသည်။

ပြီးခဲ့သည့် မေလ ၅ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုး များ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီအစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံစီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဗဟိုကော်မတီ ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ အောက်ပါတို့ကို ထည့်သွင်းမိန့်ကြားခဲ့သည် -

“နယ်စပ်ဒေသဖွံ့ဖြိုးရေးသည်   နိုင်ငံတော်နှင့်နိုင်ငံသားများအားလုံးနှင့်      

သက်ဆိုင်ပြီး အလွန်အရေးကြီးသည့်         ကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊          နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို  တိုးချဲ့လုပ်ကိုင်လာနိုင်သည်နှင့်

အမျှ      တိုင်းရင်းသားလူမျိုးများအကြား      အပြန်အလှန်နားလည်မှု

ယုံကြည်မှုများ  ပိုမိုရရှိလာပြီး   တည်ငြိမ်အေးချမ်းမှု  ၊   တရားဥပဒေ

စိုးမိုးမှုတွေလည်း      တိုးတက်လာမှာပဲဖြစ်ပါကြောင်း       ၊    တရား

ဥပဒေစိုးမိုးမှုနှင့်    တည်ငြိမ်အေးချမ်းမှုရှိမှလည်း     ဖွံ့ဖြိုးရေးလုပ်ငန်း

များကို ပိုမိုဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း”

“တိုင်းရင်းသား ပြည်သူတရပ်လုံးက     လိုလားတောင့်တနေကြသည့်

ဒီမိုကရေစီနှင့်    ဖယ်ဒရယ်စနစ်ကိုအခြေခံသည့်     ပြည်ထောင်စုကြီး

အဖြစ် တည်ဆောက်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သည့်    တစ်နိုင်ငံ

လုံးတည်ငြိမ်အေးချမ်းရေးနှင့်    တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို

လည်း  နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ  တိုးမြှင့်ဆောင်ရွက်ခြင်းမှ

ရရှိနိုင်သည်ကို အလေးအနက်သတိမူကြရမည်ဖြစ်ကြောင်း”

           အထက်ပါ လမ်းညွှန်ချက်များနှင့်အညီ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေသော နယ်စပ်ရေးရာဝန်ကြီး ဌာနသည် ရခိုင်ပြည်နယ်အတွင်း၌လည်း ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်နေသည်မှာ ၁၉၈၉ ခုနှစ်မှ ယနေ့ကာလ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ထိဖြစ်သည်။ ဆက်လက်၍လည်း ဆောင်ရွက်ပေးဦးမည်သာ။

မိုခါမုန်တိုင်းသင့်ကာလ ပါဝင်ဆောင်ရွက်မှုများ

         ဆိုခဲ့သည့်အတိုင်း နတလဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဒေသဆိုင်ရာလုပ်ငန်း ကော်မတီများ၊    လုပ်ငန်းဆပ်ကော်မတီများဖွဲ့စည်း၍     နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေသော နယ်စပ်ရေးရာဝန်ကြီး ဌာနအနေဖြင့် မိုခါမုန်တိုင်းမဖြစ်ပေါ်မီ အကြိုကာလများတွင် ပြင်ဆင်မှုများပြုလုပ်၍ လည်းကောင်း မုန်တိုင်းဒဏ်ခံရပြီးနောက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် ညှိနှိုင်းပေါင်းစပ်ပေးမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်၍လည်းကောင်း ထက်ထက်သန်သန်ကူညီဆောင်ရွက်ခဲ့သည်။

          မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီးနောက် ထိခိုက်ပျက်စီးသွားသော ဆေးရုံ၊ ဆေးခန်း၊ တက္ကသိုလ်များ အခြေခံပညာကျောင်းများ သာသနိကအဆောက်အဦးများ၊ ယဉ်ကျေးမှုဆိုင်ရာ အဆောက်အဦးများ၊ လမ်း/တံတားများ၊ လူနေအိမ်များစသည်တို့ ပြန်လည်ပြုပြင်တည်ဆောက် ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ စီစဉ်လမ်းညွှန်မှုအရ လည်းကောင်း၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များ၏ လှူဒါန်းမှုဖြင့်လည်းကောင်း၊ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောက်ရှိလာခဲ့သည်။ ထိုအထဲတွင် နယ်စပ်ရေးရာဝန်ကြီး ဌာနအနေဖြင့် ၇ ပေသွပ် ၁၀၀၀၀ ချပ်၊ ဘိလပ်မြေအိတ် ၃၀၀၀၊ သွပ်ရိုက်သံ/သံရိုက်သံ ၇၂၅ ပိဿာ၊ တို့ကို ပါဝင်လှူဒါန်းခဲ့သည်။ မုန်တိုင်းသင့်ဒေသများတွင် လတ်တလောကြုံတွေ့ရသည့် အခက် အခဲမှာ စားရေးဖြစ်သည်။ ယင်းအခက်အခဲကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်အတွက် နိုင်ငံတော် အစိုးရ၏ ကူညီထောက်ပံ့မှုများ၊ အလှူရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများက ပေးပို့လှူဒါန်းမှု များဖြင့် ဆန်နှင့် စားသောက်ဖွယ်ရာများ၊ သောက်ရေသန့်များ အစရှိသည်တို့ကို စစ်ရေယာဉ်မုတ္တမ ကဲ့သို့ တပ်မတော်ရေယာဉ်ကြီးများ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ရေယာဉ် နှင့် ပုဂ္ဂလိကရေယာဉ်ကြီးများ၊ တပ်မတော်လေယာဉ်၊ မြန်မာ့လေကြောင်းမှလေယာဉ်များ၊ ကုန်းလမ်းခရီးမှ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့သည်။ ယင်းကဏ္ဍနှစ်လည်း နယ်စပ်ရေးရာ ဝန်ကြီးဌာနက ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ဆန်အိတ် ၁၀၀၀၊ ဆီ ၁၅၀၀ ပိဿာ၊ ဆား ၃၀ အိတ်၊ ကုလားပဲပိဿာ ၃၀၀၀၊ ခေါက်ဆွဲခြောက်ဖာ ၂၀၀၀၊ သောက်ရေသန့်ကတ် ၂၅၀၀ လှူဒါန်းခဲ့ ပါသည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကွပ်ကဲဆောင်ရွက်

          မုန်တိုင်းသင့်ဒေသများအားလုံးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင် ရန် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ လာရောက်ကွပ်ကဲဆောင်ရွက်ကြသူများမှာ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်တို့ဖြစ်ကြသည်။ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးတို့က တပ်ပိုင်းဆိုင်ရာကွပ်ကဲမှုကို ဆောင်ရွက်ပေးသကဲ့သို့ သက်ဆိုင်ရာမြို့နယ်အလိုက် တာဝန်ပေးထားသော တပ်မတော်အရာရှိကြီး ၁၄ ဦးလည်း ရှိနေသည်။ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များ၊ အမျိုးသားသဘာဝဘေးအန္တာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ စီမံဆောင်ရွက်မှု များဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် သက်ဆိုင်ရာပြည်နယ်ဝန်ကြီး များသည် မိမိတို့တာဝန်ယူထားရသော ဆပ်ကော်မတီများအလိုက် ဒေသခံပြည်သူများကို ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများကအစ၊ နေထိုင်စားသောက်၍ကိစ္စရပ် များကို တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ သဘာဝဘေးကြုံတွေ့လာချိန်တွင်လည်း အမိုးအကာအောက်သို့ အမြန်ဆုံးရောက်ရှိရေး၊ ကယ်ဆယ်ကူညီထောက်ပံ့ရေးပစ္စည်းများ ဖြန့်ဝေ ပေးရေးလုပ်ငန်းများကို လတ်တလော စီစဉ်ဆောင်ရွက်ပေးခဲ့ကြသည်။ သန့်ရှင်းသောသောက်သုံး ရေများ ဖြန့်ဝေပေးခဲ့သည်။

          ယင်းလုပ်ငန်းများဆောင်ရွက်ရင်းဖြင့် အဓိကလုပ်ငန်းတာဝန်များဖြစ်သည့် ဆေးရုံ၊ ဆေးခန်း များကို အမြန်ဆုံးပြန်လည်ပြုပြင်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပုံမှန်ဆောင်ရွက်ပေး နိုင်ရေး၊ ဆက်သွယ်ရေးအော်ပရေတာများ ပြန်လည်ကောင်းမွန်ရေး၊ လျှပ်စစ်မီးများ ပြန်လည် ပို့လွှတ်ပေးနိုင်ရေး သတ်မှတ်ကာလအမီ ကျောင်းများတက္ကသိုလ်များ  ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ သာသနိက အဆောက်အအုံများ တန်ခိုးကြီးဘုရားစေတီများ၊ ယဉ်ကျေးမှုအဆောက်အဦများ ပြန်လည် ပြုပြင်တည်ဆောက်ရေး၊ လမ်း/တံတားများ ပြန်လည်ကောင်းမွန်ရေး၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် အထူးသဖြင့် မိုးစပါးရာသီအမီ စပါးမျိုးများနှင့် ထွန်ယက်စိုက်ပျိုးရေးကိစ္စ၊ သွင်းအားစုပံ့ပို့ပေးရေးကိစ္စများ အဆင်ပြေချောမွေ့စေရေး၊ တည်ဆောက်ရေးလုပ်ငန်းများတွင် လိုအပ်သောသစ်ခွဲသားများ အချိန်မီရောက်ရှိဖြန့်ဖြူးပေးနိုင်ရေး စသည်တို့ကို ကွပ်ကဲကြပ်မတ် ဆောင်ရွက်ခဲ့ကြသည်။ ကုလားတန် ဘက်စုံသုံးဆိပ်ကမ်းတွင် ကူညီကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်းများ သယ်ယူပို့ဆောင်ပေးနေသော သင်္ဘောကြီးများ ဝင်/ထွက်ဆိုက်ကပ်မှုများ အဆင်ပြေ/ မပြေ ပစ္စည်းများ လျှင်မြန်စွာ ချထားသယ်ယူနိုင်မှုရှိ/ မရှိနှင့် သက်ဆိုင်ရာ နေရာဒေသများသို့ အချိန်မီရောက်/မရောက်ကိုလည်း မပြတ်ကြည့်ရှုစစ်ဆေးကြရပါသေးသည်။ ထိုလုပ်ငန်းများတွင် အဓိကအခန်းကဏ္ဍတွင် ပါဝင်ထမ်းရွက်နေကြသော၊ တနည်းအားဖြင့်ပြောရလျှင် လုပ်အားဒါန ပြုနေကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များကိုလည်း ချီးကျူးမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ သူတို့သည် သင်္ဘောဆိပ်တွင်သာမက မြို့အလိုက်၊ မြို့နယ်အလိုက် ရှင်းလင်းရေးလုပ်ငန်းများတွင်လည်း နိစ္စဓူဝမိုးလင်းမိုးချုပ် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ မိုခါ မုန်တိုင်းက သစ်ပင်ကြီးငယ်မဟူ အားလုံးကို ရသလောက်ဖြိုသွားခဲ့ပေရာ လဲကျခဲ့သောအချို့အပင် များမှာ အလွန်ကြီးမားသည်။ သာမာန်ဓါးများ၊ လွှများဖြင့် ဖြတ်တောက်ရှင်းလင်းရန် မလွယ်ကူပါ၊ Chain Saw တွေကူရသည်။ မကြာခဏလည်း ပျက်၏။ ထိုရှင်းလင်း၍လုပ်ငန်းများတွင် အသုံးပြုရန်   နယ်စပ်ရေးရာဝန်ကြီးဌာနက   Chain Saw ၂၀  လက်နှင့်   မြက်ဖြတ်စက်   ၁၀ လုံးကိုပါ ဝယ်ယူ ထောက်ပံ့ပေးခဲ့ပါသည်။ ဌာနပိုင် ယာဉ်/ ယန္တရားများကိုလည်း ရှင်းလင်းရေးလုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက်စေခဲ့သည်။

ရေသန့်စက်များပါဝင်လှူဒါန်း

          မုန်တိုင်းသင့်ဒေသများတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက သန့်ရှင်းသော သောက်သုံးရေများ ဖြန့်ဝေပေးနိုင်ရေးအတွက် ရွေ့လျားရေသန့်ကားများ ဆိုလာသုံးရွေ့လျား ရေသန့်စက်များ Lite Straw ရေသန့်စက်များကို မြို့နယ်အလိုက် ကျေးရွာများသို့ အရောက် ဖြန့်ခွဲပေးပို့ဆောင်ရွက်ခဲ့သည်။ ထိုအထဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့်လည်း ဆိုလာသုံး ရွေ့လျားရေသန့်စက် ၁၀ စုံ၊ Lite Straw ရေသန့်စက် ၂၀၀ လုံးတို့ ပါဝင်လှူဒါန်းပေးခဲ့ပြီး စာသင်ကျောင်းများတွင် ရေမော်တာများ ပြုပြင်ဆောင်ရွက်ပေးခဲ့သည်။ ၎င်းပြင် ရခိုင်ပြည်နယ် အတွင်းကျေးရွာများ၌ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ကတည်းက တူးဖော်ပေးထားသော ရေကန်များ ပြန်လည်သန့်ရှင်းရေး၊ လက်တူးတွင်းများ၏ အမိုးအကာပြုပြင်ပေးရေးကိစ္စများကိုပါ ပြန်လည် ဆောင်ရွက်ပေးခဲ့သည်။

ဘုရား၊ စေတီနှင့် သာသနိကအဆောက်အဦးများ ပြုပြင်  

          နယ်စပ်ရေးရာဝန်ကြီးဌာနသည် စစ်တွေမြို့လောကနန္ဒာစေတီဝန်းအတွင်းရှိ မဟာဝေယန် သာသနာ့ဗိမာန်တော်ကြီး ပြန်လည်ပြုပြင်ရန် ငွေကျပ် ၁၄၀ ဒဿမ ၉၇၆ သန်း၊ လောကနန္ဒာစေတီ တော်ဝန်းခြံစည်းရိုးနှင့်ရင်ပြင်တံတိုင်းပြုပြင်ရန် ငွေကျပ် ၁၁ ဒဿမ ၁၃၁ သန်း ရန်အောင်မြင် ဓာတုကိုးနဝင်းစေတီပြုပြင်ရန် ၂၄ ဒဿမ ၄၂၈ သန်း၊ မြောက်ဘက်ကိုးနဝင်း ဓာတုဧစေတီ အဆောက်အဦးပြုပြင်ရန် ငွေကျပ် ၁၆ ဒဿမ ၄၅၁ သန်း အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီး မြန်မာမှုလုပ်ငန်းများ ပြုပြင်ရန်အတွက် ငွေကျပ် ၆၁ ဒဿမ ၇၅၀ သန်း၊ ရှင်ကလေး စေတီ ထီးတော်ပြုပြင်ရန် ငွေကျပ် ၆ ဒဿမ ၃၀ သန်း၊ မဟာ‌ဇေယျသိဒ္ဓိစေတီ သိမ်နှင့် ထီးတော်ပြုပြင်ရန် ငွေကျပ် ၁၂ ဒဿမ ၂၆၀ သန်း၊ လက်ဝဲသလုံးတော်ဓါတ်စေတီ အဆောက်အဦ ပြုပြင်ရန် ငွေကျပ် ၃ ဒဿမ ၇၀၂ သန်း အရှေ့ဘက် ကိုးနဝင်းဓာတုဧစေတီပြုပြင်ရန် ၁၀ ဒဿမ ၄၀ သန်း၊ ရန်ပြေမာန်ပြေဘုရားကြီး သိမ်တော်ရွှေဆေး၊ ဆလိုက်မီးနှင့် ရေတိုင်ကီများပြုပြင်ရန် ငွေကျပ် ၈ ဒဿမ ၁၀ သန်း၊ မောင်တောခရိုင် တောင်ပြိုလက်ဝဲ နံသာတောင်ဘုရားကြီးရှိ ကျောင်းသားအိမ်ဆောင်ပြုပြင်ရန် ငွေကျပ် ၁၀ ဒဿမ ၀၀ သန်း၊ ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်မင်္ဂလာကြိုးတံတား ၃၂၀ ပေ ပြန်လည်ပြုပြင်ရန် ငွေကျပ် ၅၉ ဒဿမ ၉၂၆ သန်းတို့ကို ကျခံ သုံးစွဲ လှူဒါန်းခဲ့ပါသည်။ ၎င်းပြင် ရှင်မာကုကာသီဒြယ်ဘုရားရှိခိုးကျောင်း၊ ဟိန္ဒူဘုရားကျောင်းများ ပြုပြင်တည်ဆောက်ရန်အတွက်လည်း အလှူငွေများပေးအပ်ခဲ့သည်။ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးသည် ဇူလိုင်လ ၂၃ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့သို့ သွား ရောက်၍ ဦးရာဇ်တော်မင်္ဂလာကြိုးတံတား တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။  

အထွေထွေလှူဒါန်းမှုများ

          နယ်စပ်ရေးရာဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ဆိုလာမီး အစုံ ၅၀၀၊ ဌာန ဆိုင်ရာများနှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များအတွက် ဆိုလာမီး ၁၅၀ စုံ လှူဒါန်းမှုအပြင် စစ်တွေမြို့ရှိ ဘိုးဘွားရိပ်သာအတွက်လည်း ငွေကျပ်သိန်း ၃၀ လှူဒါန်းထောက်ပံ့ပေးခဲ့သည်။

မိုခါအလွန်ကာလမှာ

          မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းများသည် အချိန်ကာလ တစ်ခုတွင် ပြီးဆုံးသွားပါလိမ့်မည်။ နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်နေသော နယ်စပ် ဖွံ့ဖြိုးရေးလုပ်ငန်းများ လူ့စွမ်းအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးလုပ်ငန်းများကမူ ရခိုင်ပြည်နယ်အတွက် ဆက်၍ရှိမြဲရှိနေမည်သာ။ ယခုစတင်နေပြီ ဖြစ်သော ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်လုပ်ငန်းများထဲမှာ လမ်း/ တံတားလုပ်ငန်းများလည်း ပါမည်။ တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်းများလည်းပါမည်။ ပြီးတော့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းများ၊ စက်မှုလက်မှုသင်တန်းကျောင်းဆိုင်ရာကိစ္စရပ်များ ပါဝင်နေပါလိမ့်မည်။ ထို့ပြင်တဝ နတလဗဟို ကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်း များလည်း ရှိနေပါဦးမည်။ စင်စစ်သော်ကား နယ်စပ်ရေးရာဝန်ကြီးဌာန၊ ရခိုင်ဒေသနှင့် နတလ လုပ်ငန်းများသည် ခွဲခြား၍မရစကောင်း၊ ၁၉၈၉-၁၉၉၀ ခုနှစ်ကတည်းက ဆုံတွေ့ခဲ့ကြသည့် ရေစက်ဖြစ်သည်။ မိုခါအလွန်ကာလများ၌လည်း နယ်စပ်ရေးရာဝန်ကြီးဌာနသည် ရခိုင်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်နေဦးမည်သာ………..။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm