Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး ကွင်းဆင်းဆောင်ရွက်


24 Jul,2023

နေပြည်တော် ဇူလိုင် ၂၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် နိုင်ငံ့စီးပွားမြှင့်တင်‌ရေး ရန်ပုံငွေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသော မိုးစပါး စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေးနှင့် ‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အချိန်မီပြီးစီးရေး ကွင်းဆင်းဆောင်ရွက်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည် မြို့နယ် သပြေတန်းကျေးရွာရှိ ယွန်းလျှံ လယ်ယာအထောက်အကူပြုစခန်းသို့ ရောက်ရှိပြီး နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများ၊ တာဝန် ရှိသူများနှင့်တွေ့ဆုံကာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေပြည်သူ များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေး၊ မိသားစုဝင်ငွေ တိုးပွားရေးတို့အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထောက်ပံ့ပေးပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အောင်မြင်ရေးအတွက် အလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မိမိတို့ သမဝါယမနှင့် ‌ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနတို့ ပူးပေါင်းပြီး ၎င်းစီမံကိန်းလုပ်ငန်းများ အောင်မြင်ရေး စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်နေပါကြောင်း၊ ရေတာရှည်မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါး စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် မျိုး၊ သွင်းအားစု၊ နည်းပညာ၊ အရင်းအနှီးများ ထောက်ပံ့ပေးလျက်ရှိပြီး အမှန်တကယ် ဆောင်ရွက်လိုသူများဖြင့် သမဝါယမအသင်းအဖွဲ့များ ဖွဲ့စည်း၍ အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အသင်းသားတောင်သူများအနေဖြင့် အထွက်တိုးမျိုးစပါးများ စိုက်ပျိုးခြင်းဖြင့် ပန်းတိုင်အထွက်နှုန်း တိုးကာ ဝင်ငွေတိုးပွားလာမည် ဖြစ်ကြောင်း၊ လုပ်ငန်းများအောင်မြင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးက ကြီးကြပ် ကွပ်ကဲ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်ပြီး သမဝါယမဦးစီးဌာန တိုင်းဦးစီးမှူးက ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေး လုပ်ငန်း ဆောင်ရွက်မည့် အခြေအနေများ ရှင်းလင်းတင်ပြမှုနှင့် သမဝါယမအသင်းသား တောင်သူ များ၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဂရိတ်ဝေါစိုက်ပျိုးရေးကုမ္ပဏီ၏ အထွက်တိုးမျိုးစပါးများ ခင်းကျင်း ပြသထားမှုအား ကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သပြေတန်းကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင် ရွက်နေသည့် အိမ်ခြေ (၃၁၈) အိမ်နှင့် လူဦးရေ (၁၂၁၂) ဦးတို့ကို အကျိုးပြုမည့် အရှည်ပေ (၃၂၀၀) ရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာတာဝန် ရှိသူများ၏ လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးလက် ဒေသဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများအား သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်း ပြည့်မီရေး၊ အချိန်မီပြီးစီးရေးတို့ကို အလေးထားဆောင်ရွက်ရမည်ဖြစ်ပြီး ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများ အား ရေရှည်ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် မှာကြားခဲ့သည်။ ဆက်လက်ပြီး ကျေးရွာသူကျေးရွာသားများ၏ ကျေးရွာစာသင်ကျောင်း သောက်သုံးရေရရှိရေး လိုအပ်ချက်တင်ပြမှု အပေါ် ရေသန့်စက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖြူးမြို့နယ်၊ ကျီးမနိုးကျေးရွာအုပ်စုရှိ လူငယ့်အားမာန် စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းလီမိတက်မှ အသင်းအမှုဆောင်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသားတောင်သူများနှင့် တွေ့ဆုံရာတွင် အသင်းအမှုဆောင်များနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ်  ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဖြင့် ဆောင်ရွက်သည့် မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး၊ အသင်းပိုင်မြေဧကများကို အကျိုးရှိစွာ အသုံးပြုရေး၊ သဘာဝမြေဩဇာများ ရောနှောအသုံးပြုရေးတို့ကို မှာကြားကာ သမဝါယမအသင်းသား တောင်သူများ၏ လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူငယ့်အားမာန် စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံ သမဝါယမအသင်းလီမိတက်၏ GW-11 အထွက်တိုးစပါးများ ပျိုးထောင်ထားမှု၊ ဝက်မွေးမြူထားမှု၊ နွားမွေးမြူထားမှုနှင့် နွားစာအတွက် နေဗီယာမြက် စိုက်ပျိုးထားမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး အုန်းချိုမွှေးပင်များ စိုက်ပျိုးပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm