Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး တိုက်ကြီးမြို့နယ်၊ အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲသို့ တက်ရောက်


15 Jul,2023

နေပြည်တော် ဇူလိုင် ၁၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကျေးရွာ (၁၅၅) ရွာကို ရွေးချယ်ကာ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေး စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ယင်းသို့ ဆောင်ရွက်ရာ မှာ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ရင်းတိုက်လေးပင် ကျေးရွာအုပ်စုတွင် ဇွန်လ ၁၄ ရက်နေ့မှ ဇူလိုင်လ ၁၅ ရက်နေ့ထိ အခြေခံအပ်ချုပ်စက်သင်တန်းကို သင်တန်းသူ ၁၅ ဦးဖြင့် ဖွင့်လှစ် သင်ကြားပေးခဲ့ပါသည်။

ယင်းသင်တန်းဆင်းပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းက တိုက်ကြီးမြို့နယ်၊ ရင်းတိုက် လေးပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းခန်းမ၌ ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားသည်။

ယင်းနောက် သင်တန်းသူများထဲမှ ထူးချွန်သင်တန်းသူ (၅) ဦးကို ခြေနင်းမော်တာ အပ်ချုပ် စက်၊ ဘီတင်စက်နှင့် ဓားစက်များပါဝင်သော လုပ်ငန်းသုံးပစ္စည်း (၁) စုံစီ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးသက်နိုင်ဦးက သင်တန်းသူ (၁၅) ဦးအတွက် သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့ပြီး ကျေးရွာအုပ်ချုပ် ရေးမှူး ဦးစောမြတ်ထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တိုက်ကြီးမြို့နယ်၊ အိုင်ကြီးကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းတွင် မိုးစပါးစိုက်တောင်သူများ၊ သမဝါယမအသင်းအမှုဆောင်များ၊ အသင်းသား တောင်သူများနှင့် တွေ့ဆုံခဲ့ရာ သမဝါယမဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်ဥမ္မာမြင့်က ရန်ကုန်တိုင်း ဒေသကြီးအတွင်း မိုးစပါးစိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဒုတိယဝန်ကြီးက မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းအတွက် တောင်သူများအား ပံ့ပိုးပေးမည့် ဓာတ်မြေဩဇာနှင့် သွင်းအားစုများ အချိန်မီရောက်ရှိရေး၊ စိုက်နည်းစနစ် မှန်ကန်စွာဖြင့် အထွက်တိုးစပါးများ စိုက်ပျိုး ကြရေး၊ ထွက်ရှိလာသော သီးနှံများကို ဒေသပေါက်ဈေးဖြင့် ရောင်းချပြီးချိန်တွင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများအား အရစ်ကျ ပြန်လည် ပေးဆပ်ပြီး ကြွေးမြီကင်းစင်သော မိသားစုဘဝကို ပိုင်ဆိုင်ရယူကြရေး တိုက်တွန်းမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အသင်းအမှုဆောင်များ၊ တောင်သူများ၏ မိုးစပါး စိုက်ပျိုးရေးလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များတင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တိုက်ကြီးမြို့နယ်၊ သမဝါယမဦးစီးဌာနရုံးတွင် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများက မိမိတို့ဦးစီးဌာနအလိုက် လုပ်ငန်း လိုအပ်ချက်များကို ရှင်းလင်းမှာကြားသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးက ဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းရန်၊ အထက်အောက် အပြန်အလှန်လေးစားမှု၊ ကူညီစောင့်ရှောက်မှုတို့ဖြင့် ဌာနတွင်း စည်းလုံးညီညွတ်မှုကို တည်ဆောက်ရန်၊ ကျန်းမာရေးကောင်းအောင် ဂရုပြုနေထိုင်ကြရန် မှာကြားကာ ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm