Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“မိုခါ” မုန်တိုင်းဒဏ်သင့်ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ (၁၁) (သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)


13 Jul,2023

မြင့်စိုး(နတလ)

ဦးခိုက်ဖူးမြော် လောကာနန္ဒာစေတီတော်

          မိုခါ မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် မေလ ၁၉ ရက်နေ့တွင် စစ်တွေမြို့သို့ ရောက်ရှိခဲ့သည်။ စစ်တွေလေဆိပ်သို့ လေယာဉ်ဆင်းကာနီး လောကာနန္ဒာစေတီတော်မြတ်ကြီးအား လှမ်း၍ဖူးတွေ့လိုက်ရ၏။ ရွှေရောင်တဝင်းဝင်းနှင့် တင့်တယ်သပ္ပာယ်လှပေစွ။ ဘုရားပရဝုဏ်အတွင်းရှိ အဆောက်အဦ တစ်ချို့မှာတော့ မုန်တိုင်းဒဏ်သင့်ခဲ့၍ အမိုးလန်နေတာတွေ မြင်နေရသည်။ တိုက်တိုက် ဆိုင်ဆိုင်ပင် နောက်တစ်နေ့ဖြစ်သော မေလ ၂၀ ရက်နေ့၌ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နယ်စပ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဒုတိယဝန်ကြီးများအဖွဲ့ သွားရောက်ကြည့်ရှုခဲ့သောနေရာသည် လောကနန္ဒာဘုရားဝင်း ဖြစ်နေပါသည်။ မိုခါမုန်တိုင်းသည် စေတီတော်မြတ်ကြီးအား ထိခိုက် ပျက်စီးအောင် မစွမ်းသာခဲ့ပါ။ ကြီးမားလှသောပျက်စီးမှု မတွေ့ရ၊ အဝင်ယာယီစောင်းတန်းများ ပြိုလဲသွားမှုကို အမြန်ဆုံးရှင်းလင်းထားပြီး ဖြစ်သည်။

          အရန်စေတီအချို့တွင်သာ ထီးတော်ပျက်စီးခြင်း၊ အချို့တိမ်းစောင်းသွားသော ထီးတော် များအား ပြန်လည်တည့်မတ်ရန်လိုခြင်းများ တွေ့ရှိရပြီး ဘုရားကြီးဝင်းထဲရှိ သာသနာ့ ဗိမာန်တော်၊ မဟာဝေယန် ဗိမာန်တော် အမိုးလန် ပျက်စီးမှုများအား ဆောက်လုပ်ရေး ဝန်ကြီးဌာနက ပြန်လည်ပြုပြင်တည်ဆောက်ပေးသွားမည် ဖြစ်သည်။ စင်္ကြာမုနိသိမ်ကျောင်း တော်၌ ဘုံ ၉ ဆင့်မှ ပန်းဆွဲများ ပြုတ်ကျခဲ့မှုများကိုတော့ သက်ဆိုင်ရာ ဂေါပကအဖွဲ့နှင့် ကော်မတီက တာဝန်ယူ ပြုပြင်ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

          လောကာနန္ဒာစေတီတော်မြတ်ကြီးအား နတလဝန်ထမ်းဘဝကတည်းက အကြိမ်ကြိမ် အခါခါဖူးမြော်ခွင့်ရခဲ့ပါသည်။ စင်္ကြာမုနိရုပ်ပွားတော်သို့လည်း ထိုနည်းတူစွာပင်၊ ဓမ္မာရုံတွေ အမိုးလန်သည်မှအပ ကြီးကြီးမားမား ထိခိုက်မှုမရှိကြောင်းတွေ့ရ၍ စိတ်ချမ်းသာမှု ရခဲ့သည်။ ဘုရားပုရဝုဏ်အတွင်း ပြန်လည်ပြုပြင်မှုများ ဆောင်ရွက်ခြင်းနှင့်အတူ ဇွန်လ ၂ ရက်နေ့၌ လောကာနန္ဒာစေတီတော်ကြီး၏ လိုင်အတွင်း၊ စစ်တွေမြို့နယ်သံဃာ့နာယကအဖွဲ့က ကြီးမှူး ကျင်းပပြုလုပ်သော နိကာယ် ၅ ရပ် စာမေးပွဲကို သံဃာတော် ၅၃၅ ပါး ဝင်ရောက်ဖြေဆိုနေမှု အား ကြည်ညိုဖွယ်ရာ ဖူးတွေ့ခဲ့ရသည်။ ထိုနေ့က စစ်တွေမြို့တွင် လျှပ်စစ်မီး ပြန်လည်ရရှိ နေပြီဖြစ်ရာ စာဖြေသံဃာများအတွက် မီးအလင်းရောင်ပေးနိုင်ခဲ့သည်ကိုလည်း သာဓုခေါ်ခဲ့ ရသေး၏။

ရွှေစေတီကျောင်းတိုက်နှင့် ဆရာတော်ဦးဥတ္တမ

          စစ်တွေမြို့သို့ ကျွန်တော်ရောက်ရှိပြီး ၂ ရက်အကြာ မေလ ၂၁ ရက်နေ့မှာ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်းတို့နှင့် အတူ တပ်ဦးဆုတောင်းပြည့် ပရိယတ္တိစာသင်တိုက်၊ နန္ဒာရာမ ပရိယတ္တိစာသင်တိုက်၊ ရွှေစေတီကျောင်းတိုက်၊ ပညာလင်္ကာရကျောင်းတိုက်၊ မြို့မပရိယတ္တိစာသင်တိုက်များသို့ သွားရောက်ဖူးမြော် ကြည်ညိုခွင့်ရခဲ့သည်။ ပြည်ထောင်စုဝန်ကြီးများက ဘုန်းတော်ကြီး ကျောင်းအလိုက် ပြန်လည်ပြုပြင်ပေးရမည့် အဆောက်အဦများနှင့်ပတ်သက်၍ မေးမြန်း လျှောက်ထားပြီး လိုအပ်သည့် သွပ်၊ သံ၊ သစ်များ လှူဒါန်းနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့သည်။

          ရွှေစေတီကျောင်းတိုက်သို့ ရှေးယခင်က ကျွန်တော် မရောက်ဖူးခဲ့ခြင်း၊ ရောက်ခွင့်မကြုံ ခဲ့ခြင်း၊ ရွှေစေတီကျောင်းတိုက်၏ ဂုဏ်ရောင်ထွန်းပြောင်မှုကို မမြင်မတွေ့ခဲ့ရခြင်းအတွက် ရှက်ရွံ့သိမ်ငယ်စိတ် ဝင်သွားမိသည်ကတော့ အမှန်ပင်ဖြစ်သည်။ ဤကျောင်းတိုက်သည်ကား ကျွန်တော်တို့ငယ်စဉ် မူလတန်းကျောင်းသား ဘဝကတည်းက သင်အံမှတ်သားခဲ့ရဖူးသော နယ်ချဲ့ဆန့်ကျင်ရေးတရားများကို ရဲရဲတောက်ဟောကြားခဲ့သည့် ဆရာတော် ဦးဥတ္တမ သီတင်းသုံးနေထိုင်ခဲ့ရာ ကျောင်းတော်မဟာ ဖြစ်နေ၍ပါတည်း။ ဆရာတော်၏ ကျေးဇူး တရားက နိုင်ငံတော်နှင့် နိုင်ငံသူနိုင်ငံသားတို့အပေါ် အလွန်ကြီးမားခဲ့သောကြောင့် ၂၀၂၃ ခုနှစ် ၇၅ နှစ်မြောက် စိန်ရတုနေ့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သာသနာ့သမိုင်း၊ သာသနာ့မော်ကွန်းတွင် အမြင့်ဆုံးဖြစ်တော်မူသော “အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ကို ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။ ယင်းဘွဲ့တံဆိပ်တော်အား လက်ရှိရွှေစေတီကျောင်း၏ အဌမ မြောက်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအရိယာဝံသက လက်ခံရယူတော်မူသော မှတ်တမ်းဓာတ်ပုံနှင့် ဘွဲ့တံဆိပ်တော်တို့ကို ကျောင်းပေါ်၌ တွေ့ရှိခဲ့ရပါသည်။

          ရှေးယခင်က မောင်ရှင်ကြီးဆရာကျောင်း၊ ရတနာတေဇာရာမ္မကျောင်းဟူ၍ အမည် နှစ်မျိုးဖြင့် ခေါ်ခဲ့ကြကြောင်း၊ ယင်းကျောင်းတော်ကြီးကို ခရစ်နှစ် ၁၉၀၃ ခုနှစ်တွင် စစ်တွေ မြို့ ပထမဦးဆုံး ပုဂ္ဂလိက ပေါ်ထွန်းအောင်ကုမ္ပဏီ ဘဏ်တိုက်ပိုင်ရှင် ဦးပေါ်ထွန်းအောင်က ဆောက်လုပ်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း၊ ကျောင်း၏ အနောက်မြောက်အရပ်၌ ရွှေလုပ်တတ် သော ပုဂ္ဂိုလ်တစ်ဦးနေခဲ့သည်ကို အစွဲပြု၍ ရွှေစေတီကျောင်းဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ကြ ကြောင်း၊ ပထမဦးဆုံး ကျောင်းထိုင်ဆရာတော်မှာ စစ်တွေမြို့၌ သာသနာတော်မျိုးစေ့ကို စတင်ချထားပေးခဲ့သည့် အရှင်ပညာသာရမထေရ် ဖြစ်ကြောင်း၊ ဒုတိယဆရာတော်လွန်ပြီး နောက် တတိယဆရာတော် အရှင်တေဇာရာမမထေရ် လက်ထက် ၁၈၉၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့၌ ဆရာတော်အား ဥပဇ္ဈာယ်ပြု၍ ငယ်နာမည် မောင်ပေါ်ထွန်းအောင်ဖြစ်သော ဆရာတော် ဦးဥတ္တမလောင်းလျာသည် ရှင်သာမဏေ ဖြစ်တော်မူခဲ့ကြောင်း သိရှိရပါသည်။ ၁၈၉၉ ခုနှစ်တွင် ရဟန်းဘဝသို့ ရောက်ပြီး စစ်တွေမြို့၊ ပခုက္ကူမြို့၊ ရန်ကုန်မြို့၊ မအူပင်မြို့၊ ပဲခူးမြို့၊ တောင်ငူမြို့၊ မန္တလေးမြို့များ၌ ပါဠိပိဋကတ်ကျမ်းစာများကို လေ့လာသင်ယူခဲ့ပြီး အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့၌ တက္ကသိုလ်စာပေ ဘာသာစကားများ ဆက်လက်သင်ယူခဲ့ သည်။ ပါဠိ၊ သက္ကဋ၊ အင်္ဂလိပ်၊ ဂျပန်၊ အီတလီ၊ ပြင်သစ်၊ တိဗက်၊ ဘင်္ဂလီ၊ နာဂရီနှင့် ဟိန္ဒူဘာသာစာပေစကားများ ကျွမ်းကျင်တတ်မြောက်ခဲ့ကြောင်းလည်း သိရသည်။ နယ်ချဲ့ ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးအတွက်လည်းကောင်း၊ သာသနာပြုရေးအတွက်လည်း ကောင်း ကြွရောက်တော်မူခဲ့သော အာရှ၊ ဥရောပနိုင်ငံများလည်း ၂၀ ကျော်ခဲ့သလို ရေးသား တော်မူခဲ့သည့် စာအုပ်စာပေများတွင်လည်း ၁၉၁၄ ခုနှစ်ထုတ် ဂျပန်ပြည်အထုပတ္တိစာအုပ် မှသည် ၁၉၃၈ ခုနှစ် ရေးသားခဲ့သည့် တရုတ်-ဂျပန်စာအုပ်ထိ စာအုပ်မျိုးစုံ ရေးသားတော် မူခဲ့သည်။ ကျွန်တော်တို့ နားထဲမှာရော၊ နှလုံးသားထဲမှာရော စွဲနေအောင်သင်ခဲ့ရသည့် အကြောင်းအရာတစ်ခုကတော့ ၁၉၂၁ ခုနှစ် သူရိယသတင်းစာမှာ ရေးသားခဲ့သော နယ်ချဲ့ ဆန့်ကျင်ရေးတရားထဲက စာကြောင်းတစ်ကြောင်းပင် ဖြစ်သည်။ အင်္ဂလိပ်ဘုရင်ခံကို မကြောက်မရွံ့ ရဲရဲတောက်နှင်ထုတ်ခဲ့သည့် “ဆာရယ်ဂျီနယ်ဂရက်ဒေါက် (Sr. Reginald Craddock) မြန်မာပြည်ကထွက်သွား” ဆိုသည့် စာတစ်ကြောင်းပင်။ ဆရာတော် ဦးဥတ္တမ သည် ၁၉၂၂ ခုနှစ်မှ ၁၉၂၇ ခုနှစ်အတွင်း ထောင်ဒဏ် ၃ ကြိမ်၊ စုစုပေါင်း ၁၂ နှစ် ကျခံခဲ့ရ သည်။ သက်တော် ၆၀၊ သိက္ခာတော် ၄၀၊ ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်န့တွင် ရန်ကုန်မြို့၌ ခန္ဓာဝန်ချ ဘဝနတ်ထံပျံလွန်တော် မူခဲ့သည်။

သာသနာရေးဆိုင်ရာ အဆောက်အဦများ ထိခိုက်ပျက်စီးမှု

          ရခိုင်ပြည်နယအတွင်းရှိ မြို့နယ် ၁၇ မြို့နယ်တွင် မိုခါမုန်တိုင်းဒဏ်ကို မြောက်ပိုင်း ၁၀ မြို့နယ်က ပိုမိုပြင်းထန်စွာခံခဲ့ရသည်။ ကျန် ၇ မြို့နယ်တွင်လည်း အနည်းငယ်မျှလောက် တော့ ပျက်စီးဆုံးရှုံးမှုနှင့် ကြုံကြရသေးသည်။ များသောအားဖြင့် အမိုးလန်ခြင်း၊ မျက်နာကြက် ပြုတ်ကျခြင်းများ ဖြစ်သည်။ ထီးတော်စောင်းခြင်း၊ ကျိုးပြတ်ကျခြင်းများလည်း ရှိခဲ့သည်။ ရခိုင်ပြည်နယ်တစ်ခုလုံးအနေဖြင့် ပျက်စီးဆုံးရှုံးမှုအား မှတ်တမ်းပြုတင်ပြရလျှင် ကျောင်းတိုက် ပေါင်း ၁၆၄၇ ခု၊ စေတီ ၂၄၄ ဆူ၊ သိမ်ကျောင်း ၆၅၇ ခု၊ ကျောင်းဆောင် ၁၉၄၃ ခု၊ ဓမ္မာရုံ ၈၇၂ ရုံ၊ ဆွမ်းစားဆောင် ၄၆၃ ခု၊ ကုဋီ ၁၀၃၅ လုံးတို့ ဖြစ်သည်။

လှူဒါန်းထောက်ပံ့မှုများ

          ယင်းသို့ ထိခိုက်ပျက်စီးမှုနှင့်ကြုံခဲ့ရသော မြို့နယ်အသီးသီးတွင် လှူဒါန်းမှုများ ပြုလုပ် ခဲ့ရာ ငွေကျပ် ၂၈၇၀ သိန်း၊ သင်္ကန်း ၁၃၉၇ စုံ၊ သွပ်ချပ်ရေ ၁၀၆၅၃၉ ချပ်၊ သံ ၄၀၉၁ ဒဿမ ၅၄ ပိသာ၊ သစ် ၃၂၃ ဒဿမ ၇၅ တန်၊ ဆွမ်းဆန်တော် ၁၄၉၆ အိတ်၊ ဆီ ၄၉၈ ပိသာတို့ ဖြစ်သည်။ စစ်တွေမြို့နယ်အတွင်းရှိ ကျောင်းပေါင်း ၃၃၁ ကျောင်းအတွက် ခြင်ထောင် ၁၃၇၈ လုံး၊ စတီးပန်းကန် ၈၂၃ ချပ်၊ စတီးဇွန်း ၈၀၀ ချောင်း၊ စတီးဓား ၁၀၀၉ လက်၊ စတီးခွက် ၁၀၀၇ လုံး၊ ရေချိုးခွက် ၇၈ ခွက်ကိုလည်း လှူဒါန်းပေးခဲ့ပါသည်။

          သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့်လည်း စစ်တွေမြို့ပေါ်မှ ဘုန်းတော် ကြီးသင် ပညာရေးကျောင်းများဖြစ်သော ရွှေစေတီ၊ ခေမာမဏ္ဏိုင်၊ ဝေဠုဝန်၊ ဝေသာလီ(ဓမ္မ ရတနာ)၊ အမျိုးသား၊ မဟာဗောဓိ၊ မင်းကျောင်း စသည့်ဘုန်းတော်ကြီးကျောင်းများသို့ ငွေကျပ် သိန်း ၁၂၀၀ ပေးအပ်လှူဒါန်းခဲ့ပါသည်။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန က စီစဉ်ကြီးကြပ်မှုဖြင့် အလှူရှင်များက လှူဒါန်းသော အလှူငွေကျပ်သိန်း ၁၀၆၀ ကိုလည်း စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်နှင့် မြေပုံ မြို့နယ်များအတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၅၈ ကျောင်းသို့ ခွဲဝေလှူဒါန်း ပေးခဲ့ပါသည်။

          သီးခြားအလှူရှင်များလည်း ရှိပါသေးသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းကြီးကြပ်မှုအဖွဲ့က ရခိုင်ပြည်နယ် မြို့နယ် ၈ မြို့နယ်အတွင်းရှိ ဘုန်း တော်ကြီးသင်ပညာရေးကျောင်း ၅၂ ကျောင်းအတွက် ငွေကျပ်သိန်း ၂၆၀ လှူဒါန်းခဲ့သည်။ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) မှလည်း စစ်တွေမြို့ ခေမာမဏ္ဏိုင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ စာသင်ခုံများ ပြုလုပ်ရန် ငွေကျပ်သိန်း ၅၀ ကိုလည်း ကောင်း၊ ကျန်ကျောင်းများဖြစ်သော ရွှေစေတီ၊ ဝေဠုဝန်၊ ဝေသာလီ၊ အမျိုးသား၊ မဟာဗောဓိ၊ မင်းကျောင်းများ၌လည်း စာသင်ခုံများ ပြုလုပ်ရန် ငွေကျပ်သိန်း ၁၆၀ ကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပါသည်။

စစ်တွေမြို့ပေါ်ရှိ အခြားဘာသာရေးကျောင်းများသို့လည်း လှူဒါန်း

          ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်၍ ပြီးခဲ့သည့် ဇွန်လအတွင်း၌ ဆရီဆရီဟိန္ဒူဘုရား ကျောင်းသို့ သစ် ၂ တန်၊ သွပ် ၂၀၀ ချပ်၊ ငွေကျပ် ၇၅ သိန်း၊ ဆရီဆရီ စန္ဒီမယ်တော် ဘုရား ကျောင်းအတွက် သွပ် ၁၀၀ ချပ်၊ ရှင်မာကုကသီဒြယ် ဘုရားရှိခိုးကျောင်းအတွက် သစ် ၂ တန်၊ ငွေကျပ် ၇၅ သိန်း ပေးအပ်လှူဒါန်းခဲ့ပါသည်။ သစ်နှင့် သွပ်ချပ်များအား ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာခန့်ခွဲမှုအဖွဲ့က ပေးအပ်ခဲ့ပြီး အလှူငွေ သိန်း ၁၅၀ ကျပ်ကို နယ်စပ်ရေးရာဝန်ကြီးဌာနက လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ သနန္တရဓမ္မပါလက ဟိန္ဒူအဖွဲ့ချုပ်က လည်း ဟိန္ဒူဘုရားကျောင်း ၇ ကျောင်းအတွက် သွပ် ၅၅၀ ချပ်၊ ငွေကျပ် ၉၁၀၉၀၀ ကျပ်ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

ယဉ်ကျေးမှုအဆောက်အဦများအား ပြန်လည်ပြုပြင်

          သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (စစ်တွေဌာနခွဲ)အနေဖြင့် ရခိုင်ပြည်နယ် ယဉ်ကျေးမှုပြတိုက်ကြီးအတွင်း အုတ်ကြွတ်ခေါင်မိုးများ ထိခိုက်ပျက်စီးခြင်း၊ ပြတင်းတံခါးများကွဲခြင်း၊ အတွင်းမျက်နာကြက် များ ပြုတ်ကျခြင်း၊ ရေဆင်းပိုက်၊ ရေတိုင်ကီ၊ ရေတံလျောက်များ ထိခိုက်ပျက်စီးခြင်းတို့ကို ပြန်လည်ပြုပြင်ပြီးစီးခဲ့ပြီး ရထားဆွဲပွဲပြကွက်၊ ရခိုင်ရိုးရာအိမ်ပြကွက်၊ ရခိုင်မင်္ဂလာဆောင် ပြကွက်၊ ရခိုင်ရိုးရာလှေပြကွက်တို့၌ ပျက်စီးမှုအချို့ကို ပြုပြင်မွမ်းမံပြင်ဆင်ဆဲ ဖြစ်ပါသည်။ ထိုနည်းတူစွာ ဗုဒ္ဓပြတိုက်တွင်လည်း သွပ်မိုးပျက်စီးမှုကို ပြန်လည်ပြုပြင်ပြီး ဖြစ်ပါသည်။ အတွင်းမျက်နာကြက်များ၊ မှန်တံခါးများနှင့် ခြံစည်းရိုး ပျက်စီးမှုတို့ကို ဆက်လက်ပြုပြင် ဆောင်ရွက်ဆဲဖြစ်ပါသည်။ ထိုအဆောက်အဦများ ပြုပြင်ဆောင်ရွက်ရာတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနက ကူညီမှုများစွာပေးခဲ့သည်။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါ်နုမြဇံသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၏ ခရီးစဉ်နှင့်အတူ မြောက်ဦးမြို့သို့ လိုက်ပါ၍ ယဉ်ကျေးမှုနယ်မြေအတွင်း ထိခိုက်ပျက်စီးမှုများ လှည့်လည်ကြည့်ရှုစစ်ဆေးကာ ပြုပြင်ရေးကိစ္စများ စီမံဆောင်ရွက်ခဲ့ပါသည်။

သမိုင်းဝင် ဗျာဒိတ်တော်လာစေတီများ

          မြတ်စွာဘုရား၏ ဗျာဒိတ်တော်အရ နန္ဒပဗ္ဗတတောင်၌ ဟင်္သာမင်းဖြစ်ခဲ့ဖူး၍ တည်ထားကိုးကွယ်ခဲ့သော အာဂျပ်တော်စေတီ(ဓါတ်ဦးစေတီ)၊ ဝါရပဗ္ဗတတောင်၌ ကျီးမင်း ဖြစ်ခဲ့ဖူး၍ တည်ထားခဲ့သော လက်ယာသလုံးတော်စေတီ(ဓါတ်လယ်စေတီ)၊ သာရဝဏ္ဏ ပဗ္ဗတတောင်၌ သမင်မင်းဖြစ်ခဲ့ဖူး၍ တည်ထားသော တင်အုံတော်ဓါတ်စေတီ (ဘုရား လေးဆူကျောင်းတိုက်ရှိစေတီ)၊ စူဠာနန္ဒပဗ္ဗတတောင်၌ ပဒ္ဓမင်းဖြစ်ခဲ့ဖူး၍ တည်ထားသော လက်ဝဲသလုံးတော်ဓါတ်စေတီ တို့သည် အိန္ဒိယနိုင်ငံ ပြည်ထဲရေးဌာန၏ ၁၈၈၃ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သောဆုံးဖြတ်ချက်အမှတ် (၁-၁၆၈-၈၃) အရ ရှေးဟောင်းစေတီအဆောက်အဦများ ဖြစ်သည်ဟူ၍ မှတ်တမ်းတင်ဖော်ပြထားကြောင်း သိရ သည်။ လက်ဝဲသလုံးတော်ဓါတ်စေတီကို မင်းအဆက်ဆက် ကိုးကွယ်လာခဲ့ရာမှ တိမ်မြုတ် ပျောက်ကွယ်သွားပြီး ကောဇာသက္ကရာဇ် ၁၂၉၁ ခုနှစ်တွင် ပြန်လည်တူးဖော်တွေ့ရှိကာ တတိယအကြိမ်မြောက် စေတီတော်အဖြစ် ဓာတ်တော်များ၊ ရုပ်ပွားတော်များအား ဌာပနာ၍ တည်ထားခဲ့ကြောင်း သိရသည်။ လက်ဝဲသလုံးတော်ဓါတ်စေတီတော်ကြီးသည် ဉာဏ်တော် အားဖြင့် ၁၈ တောင်၊ လုံးပတ်တော် ၂၇ တောင်ရှိကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။

ဦးရဲကျော်သူကျောင်းတိုက် () သံကျောင်း

          စစ်တွေမြို့၊ မင်းဘာကြီးလမ်း၊ ဆင်ကူးလမ်းရပ်ကွက်တွင် တည်ရှိပါသည်။ ဦးရဲကျော်သူ မိသားစုမှ ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်၍ ဦးရဲကျော်သူကျောင်းဟု ခေါ်တွင်ခြင်းဖြစ်သည်။ ထို့အတူ သံကျောင်းဟူ၍လည်း ခေါ်ကြသေး၏။ အကြောင်းရင်းကမူ ဦးရဲကျော်သူသည် ၁၉၁၀ ခုနှစ်တွင် ထိုကျောင်းကို ဆောက်လုပ်ရန်အတွက် သစ်မာများဝယ်ယူစုဆောင်းခဲ့ သည်။ ယင်းသို့စီစဉ်နေဆဲမှာပင် ဦးရဲကျော်သူ ကွယ်လွန်ခဲ့၏။ ၎င်း၏ဇနီးဖြစ်သူ ဒေါ်သန္တာဖြူ က သားဖြစ်သူ ဦးရွှေသာအား ခေါ်ယူ၍ ကျောင်းဆက်လက် ဆောက်လုပ်ရန် တိုင်ပင်ခဲ့သည်။ ဦးရွှေသာက စဉ်းစားသည်မှာ သစ်ချည်းသက်သက်ဆောက်လျှင် နောင်နှစ်ပေါင်းများစွာ တာရှည်မခံနိုင်၊ တာရှည်ခံအောင် အင်္ဂလန်မှ လိုအပ်သော သံထည်၊ သံတန်ဆာများ ဝယ်ယူ တည်ဆောက်ရန် စိတ်ကူးရ၏။ ထို့ကြောင့် ဖခင်စုဆောင်းထားသော ကျွန်းသစ်မာအချို့ကို ပြန်လည်ရောင်းချပြီး သံထည်ပစ္စည်းများ မှာယူတင်သွင်းသည်။ အိန္ဒိယမှ အင်ဂျင်နီယာ၊ လက်သမားများ ငှားရမ်းခေါ်ယူကာ အောက်ခြေကွန်ကရစ်လောင်းပြီး သံတိုင်၊ သံဖုန်းလျှာ၊ သံထု၊ လျှောက်၊ သံအခြင်း၊ သံကုန်ဖီ၊ သံမုခ်တို့ဖြင့် ကြီးကျယ်ခမ်းနားမြင့်မားသည့် သံကျောင်းကို ဆောက်လုပ်ခဲ့သည်။ ပြဿဒ် ၃ ဆင့်တင်လျက် ၁၉၁၀ မှ စတင်ဆောက်လုပ်ခဲ့ ရာ ၁၉၁၇ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။ မြေဧက ၂ ဒဿမ ၅ ဧကပေါ်တွင် အလျား ၁၁၀ ပေ၊ အနံ ၁၁၀ ပေ၊ အမြင့် ၇၀ ပေရှိ ရှေးဟောင်းကိုလိုနီခေတ် အုတ်တိုင် အဆောက် အအုံ ဗိသုကာလက်ရာပုံစံ အဆောက်အအုံ ဖြစ်သည်။

          နိုင်ငံတော်အကြီးအကဲ၏ ဇူလိုင်လ ၁၀ ရက်နေ့သွားရောက်ခဲ့သော ရခိုင်ပြည်နယ်ခရီး စဉ်တွင် မိုခါမုန်တိုင်းဒဏ်ကြောင့် ဦးရဲကျော်သူကျောင်း အမိုးများ ပျက်စီးသွားမှုအား ပြန်လည်ပြုပြင်ရန်၊ ဆွေးမြေ့ဟောင်းနွမ်းလာသည့် သံအဆင်တန်ဆာများကို အစားထိုး ပြုပြင်ရန်၊ ၎င်းကျောင်းဝင်းထဲမှ သကျမုနိသိမ်တော်ကိုလည်း မူလရောင်စုံမှန်ချပ်များအတိုင်း ပြန်လည်တပ်ဆင်ပေးရန်၊ ယင်းသို့ပြုပြင်ရာတွင် ရှေးမူရှေးလက်ရာမပျက် ပြန်လည်ပြုပြင် တည်ဆောက်ပေးရန်၊ အလှူရှင်များ၏ ကမ္ပည်းများကိုလည်း မူလအတိုင်း ပြန်လည်ရေးထိုး ဖော်ပြပေးရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီး

          သက္ကရာဇ် ၁၂၆၀ ခုနှစ်အထိ စစ်တွေမြို့တွင် ကိုးကွယ်ရန် ဆင်းတုတော် ကြီးကြီး မားမား မရှိသေးပေ။ သံတွဲမြို့မှ ဒေသစာရီ ကြွချီလာသည့် စန္ဒမုနိရုပ်ပွားတော်မြတ်သည် လည်း စစ်တွေမြို့ ဝင်္ကဘာကွင်းတွင် ၃ နှစ်တာမျှ ထားရှိအပူဇော်ခံပြီးနောက် မူလ ဘုရား ဒါယကာများက ၁၂၅၄ ခုနှစ်တွင် ပြန်လည်ပင့်ဆောင်သွားခဲ့သည်။ ဘုရားပြန်ကြွသွားသဖြင့် မြို့လူထုမှာ စိတ်နှလုံးညှိုးနွမ်းနေခိုက် “ငွေလှံလဲကိုင်၊ ကိန်းနှင့်ဆိုင် ရခိုင်ဘုရားပေါ်လတ္တံ့” ဆိုသည့် တဘောင်တစ်ခုပေါ်လာကြောင်း သိရသည်။ တဘောင်၏ အဓိပ္ပါယ်ကိုမူ မဖော်နိုင် ခဲ့ကြ။ သက္ကရာဇ် ၁၂၆၁ ခု၊ သာသနာသက္ကရာဇ် ၂၄၄၂ ခုနှစ်တွင် ပထမကျားရုပ် ဆရာတော် ဘဒ္ဒန္တ ဦးအဂ္ဂသည် ကျောင်းတွင် လာရောက်တည်းခိုနေသည့် ကြေးသွန်းဆရာကြီး ဦးဘိုးယောက်ကို ထိုင်တော်မူဆင်းတုတော်တစ်ဆူ နမူနာသွန်းလုပ်စေခဲ့သည်။ ဆင်းတုတော် မှာ ကြည်ညိုဖွယ်ရာဖြစ်၍ မြို့လူထုက နှစ်သက်ဝမ်းမြောက်ကြသဖြင့် ယင်းပုံတော်အတိုင်း သွန်းလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ဘုရားသွန်းလုပ်မည့်သတင်းကြောင့် အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာသူများသည် ဝတ်ဆင်လာသည့် စိန် ရွှေ ငွေ ရတနာပစ္စည်းများကို လှူဒါန်း ပူဇော်ကြသည်။ တဘောင်တွင်ပါဝင်သည့် ငွေ၊ လှံ၊ လဲ၊ ကိုင်သည် နေ့သင့်နံသင့်တွက်ပါက ၂၄၄၂ ဖြစ်သောကြောင့် ဘုရားသွန်းလုပ်ရန် အကြောင်းပေါ်လာသည်ဟု ဆိုကြ၏။ ယင်း ရုပ်ပွားတော်မြတ်ကြီးကို ပထမကျားရုပ်ဆရာတော်ကြီး၏ ဝမ်းကွဲအစ်ကိုတော်စပ်သူ ရူပ ရပ်နေ ဆန်စက်ပိုင်ရှင် ဦးသာဇံအား ဘုရားဒါယကာအဖြစ် တာဝန်ပေးကာ သွန်းလုပ်စေခဲ့ သည်။ သွန်းလုပ်ပြီး ဆင်းတုတော်ကို ယခင်စန္ဒမုနိရုပ်ပွားတော် သီတင်းသုံးသည့်နေရာတွင် ယာယီစံကျောင်းတော်ဖြင့် အပူဇော်ခံထားရှိခဲ့သည်။ ယင်းနောက်မှ ၁၂၆၅ ခုနှစ်တွင် လက်ရှိ နေရာသို့ ပင့်ဆောင်ပြီး ဂန္ဓကုဋီတိုက်နှင့် မူလသိမ်တော်အား ၁၂၇၂ ခုနှစ်တွင် ဆောက်လုပ် လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။ ဘွဲ့တော်ကို ပြည်လုံးချမ်းသာဘုရားကြီးဟု သမုတ်ခေါ်ဝေါ် ပူဇော်လာခဲ့ကြကြောင်း သိရသည်။

          မိုခါမုန်တိုင်းသည် အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီး၏ တန်ဆောင်းပြဿဒ် ဘုံခုနစ်ဆင့်အား တိုက်ခတ်ခဲ့ပြီး တင်လှူထားသော စိန်ဖူးတော်ကို မြေခသွားစေခဲ့သည်။ ကျိုးပဲ့သွားသော ပြဿဒ်များအား ပြန်လည်ပြုပြင်ရမည် ဖြစ်သည်။ အဆိုပါဘုရားကြီးရှေ့ ဝင်္ကဘာကွင်းထဲတွင် သစ်ပင်ကိုင်းများ ပြိုလဲသွားမှုအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက လုပ်အားဒါနပေးလှူ၍ အမြန်ဆုံးရှင်းလင်း ဖယ်ရှားပေးခဲ့ကြသည်။

ရခိုင်ဒေသ၊ ဗုဒ္ဓသာသနာရောင်ဝါလင်းစေသောဝ်

          အရှင်နာဂိန္ဒ မော်ကွန်း၌ “အမျိုးသီလ နှစ်ဌာနကို၊ ပြည့်ဝမဏ္ဏိုင်၊ စောင့်စွမ်းနိုင်သည်၊ ရက္ခိုင်နာမ၊ ဘွဲ့မည်လှဖြင့်၊ အနွတ္တသညာ၊ ခေါ်အပ်စွာတည်း၊ ဗုဒ္ဓဝင်မှာလည်း၊ ကျွန်းတွင် ဇမ္ဗူ၊ လူတွင်ရခိုင်၊ ကြိုင်သည့်သတင်း၊ ကင်းသည့်အပြစ်၊ ချစ်သည့်အမျိုး၊ ကြိုးသည့်လုံ့လ၊ မြတ်စာဂနှင့်၊ နှစ်ဝနတ်လူ၊ ချစ်ကြည်ဖြူသည်၊ နိဗ္ဗူဆုတောင်း ပြည့်အံ့သတည်း…..…” ဟု ရေးထိုးထားခဲ့ကြောင်း လေ့လာဖတ်ရှုခဲ့ရသည်။ အမှန်တကယ်လည်း ရခိုင်ဒေသသည် ခေတ် အဆက်ဆက်၌ သာသနာရောင်ဝါ ထိန်လျှံငြီးခဲ့သည်။ အမျိုးသီလ နှစ်ဌာနကို စောင့်ထိန်းခဲ့ ကြသည်။ မိုခါမုန်တိုင်းသင့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေ သူအားလုံးသည်လည်း ရခိုင်ပြည်နယ်သူ ပြည်နယ်သားများနှင့်ထပ်တူအမျှ ကုသိုလ်ရ၍ နိဗ္ဗူ ထိအောင် ရည်မှန်းကြိုးကုတ် အားထုတ်ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်တောင်းလိုက် ရပါသတည်း။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm