Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သဘာဝဓာတ်မြေဩဇာစက်ရုံများအတွက် လိုအပ်သည့်ကုန်ကြမ်းများရရှိရေး ကွင်းဆင်းဆောင်ရွက်


06 Jul,2023

နေပြည်တော် ဇူလိုင် ၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် တောင်သူလယ်သမားများ၏ စိုက်ပျိုး ရေးလုပ်ငန်းများတွင် သဘာဝဓာတ်မြေဩဇာများ အသုံးပြုနိုင်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၏ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာများအပါအဝင် သဘာဝ ဓာတ်မြေဩဇာစက်ရုံများ တည်ဆောက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက် ရှိသည်။

အဆိုပါစက်ရုံများအတွက် လိုအပ်သည့်ကုန်ကြမ်းများ ရရှိနိုင်ရေး သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းက အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် နေပြည်တော်ကောင်စီ နယ်မြေ၊ တပ်ကုန်းမြို့နယ်ရှိ ရွှေမြို့မွေးမြူရေးဇုန်နှင့် ကံကြီးမွေးမြူရေးဇုန်များသို့ သွားရောက်ကာ နို့စားနွား၊ အသားစားနွား၊ ကြက်၊ ဝက်၊ ဆိတ် မွေးမြူထားရှိမှုအား ကြည့်ရှုစစ်ဆေးသည်။ တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဓာတ်မြေဩဇာတင်သွင်းမှု လျှော့ချနိုင်ရေး၊ သဘာဝမြေဩဇာများ တိုးချဲ့အသုံးပြုနိုင်ရေးတို့အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ အဖွဲ့နှင့် မြန်မာနိုင်ငံပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်း၍ သဘာဝဓာတ်မြေဩဇာစက်ရုံများ တည် ဆောက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးလျက် ရှိကြောင်း၊ အဆိုပါစက်ရုံများအတွက် လိုအပ်သည့် ကုန်ကြမ်းဖြစ်သော တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းများ ရရှိရေးအတွက် ယခုကဲ့သို့ ကွင်းဆင်းဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ စက်ရုံတည်ဆောက်ပြီးပါက ယခုမွေးမြူရေးဇုန်များမှ ကုန်ကြမ်းများ ဝယ်ယူသွား မည်ဖြစ်သဖြင့် မွေးမြူရေးလုပ်ငန်းရှင်များအတွက် အကျိုးအမြတ်များ ရရှိလာနိုင်မည်ဖြစ်ပြီး စက်ရုံအတွက်ရော မွေးမြူရေးလုပ်ငန်းရှင်များပါ အကျိုးအမြတ် ရရှိနိုင်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာရှိ ကျောက်စိမ်း လယ်ယာနှင့် အထွေထွေ စီးပွားရေးလုပ်ငန်းသမဝါယမအသင်းပိုင် ဆီကြိတ်ခွဲစက်၏ လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ အသင်းအမှုဆောင်များက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက အရည်အသွေး ပြည့်မီသော စားသုံးဆီများ ထုတ်လုပ်နိုင်ရေး၊ ဈေးကွက်ရရှိရေး၊ လိုအပ်သည့် ကုန်ကြမ်းအား စဉ်ဆက်မပြတ်ရရှိရေး မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထို့မှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ လယ်သာနှင့် ကျောက်စရစ် ကုန်းကျေးရွာအနီးရှိ စမ်းဝတီ မွေးမြူရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်ရေးသမဝါယမအသင်း၏ သဘာဝမြေဩဇာစက်ရုံ လည်ပတ်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးကာ စက်ရုံတာဝန်ခံ၏ လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက သဘာဝမြေဩဇာ များအား တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိအသုံးပြုရေးအတွက် သမဝါယမအသင်းများက ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားကာ လုပ်ငန်းလိုအပ်ချက်များအပေါ်  ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm