နေပြည်တော် ဇူလိုင် ၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၏ မြန်မာနိုင်ငံ ကိုယ်စားလှယ်နှင့် LLC Souznedra ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Artemiy Alimov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား အဆိုပါရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မိမိအနေဖြင့် ရုရှားနိုင်ငံ ရော့စ်ကွန်ကရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ ဒါရိုက်တာ Mr. Shatirov Alexander Sergeevich နှင့် ၁၄-၃-၂၀၂၃ ရက်တွင် တွေ့ဆုံခဲ့စဉ်က အဆွေတော်တို့ဘက်မှ အဆိုပြုခဲ့သော Mobile သဘာဝဓာတ်မြေဩဇာ ထုတ်စက်ရုံအသေးစား (၃) ခု တည်ဆောက်ရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် စိတ်ပါဝင်စား မှုရှိပြီး စမ်းသပ်အကောင်အထည်ဖော် ဆောင်ရွက်လိုသည်ဟု ညှိနှိုင်းမေတ္တာရပ်ခံစာ ပေးပို့ခဲ့ပါ ကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ မေတ္တာရပ်ခံချက်အပေါ် အဆွေတော်တို့ဘက်မှ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဆန္ဒရှိပါကြောင်း ပြန်ကြားလာတဲ့အတွက်လည်း အထူး ကျေးဇူးတင်ရှိပါကြောင်း၊ အဆွေတော်တို့ မြန်မာနိုင်ငံသို့ လာရောက်ပြီး သဘာဝဓာတ်မြေဩဇာ စက်ရုံ တည်ဆောက်ရေးလုပ်ငန်းများအတွက် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ရာတွင် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ လုပ်ငန်းလိုအပ်ချက်များ ရှိပါက ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားနိုင်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ အဆွေတော်တို့၏ အကူအညီ အထောက်အပံ့များဟာ မိမိတို့နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုများကို ခိုင်မာအားကောင်းစေရုံ သာမက မိမိတို့ရဲ့ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ချက်များမှာ များစွာအထောက် အပံ့ဖြစ်စေလိမ့်မည်ဟု အခိုင်အမာ ယုံကြည်ပါကြောင်းနဲ့ မိမိတို့ဝန်ကြီးဌာနနှင့် အဆွေတော်တို့ အဖွဲ့အစည်းအကြား ကောင်းမွန်သော ဆက်ဆံရေးများဖြင့် ပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အဆွေတော်တို့အဖွဲ့၏ မြေပြင်ကွင်းဆင်းလေ့လာမည့် ခရီးစဉ်အတွင်း အစစ အရာရာ အဆင်ပြေချောမွေ့ပါစေကြောင်းနှင့် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က မြန်မာနိုင်ငံ၏ နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးအတွင်း သဘာဝမြေဩဇာစက်ရုံများ တည်ဆောက်မည့် နည်းလမ်း၊ ဆောင်ရွက်မည့် နည်းပညာ၊ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ Concept Design များအားလည်းကောင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူက သဘာဝ မြေဩဇာစက်ရုံများ တည်ဆောက်နိုင်ရေး ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များအားလည်း ကောင်း ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ဆွေးနွေးတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ Mr. Artemiy Alimov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ချစ်ကြည်ရေးလက်ဆောင်များ ပေးအပ်ခဲ့သည်။
ထို့နောက် ယင်းနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန် နှင့် တာဝန်ရှိသူများ လိုက်ပါလျက် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ် သမဝါယမ အသင်းစုရုံးနှင့် ပျဉ်းမနားမြို့နယ် သမဝါယမအသင်းစုရုံးများသို့ သွားရောက်ကာ အသင်းအမှုဆောင် များ၊ အသင်းသူအသင်းသားများနှင့် တွေ့ဆုံရာတွင် အသင်းအမှုဆောင်များက စိုက်ပျိုးရေးလုပ်ငန်း များဆောင်ရွက်နေမှု၊ ဆန်းစပါးရောင်းဝယ်နေမှုနှင့် စိုက်ပျိုးရေးပစ္စည်းများ ရောင်းဝယ်နေမှု အခြေ အနေများအား ရှင်းလင်းတင်ပြကြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သမဝါယမအသင်း အမှုဆောင်များအနေဖြင့် အသင်း၏ လုပ်ငန်းများအောင်မြင်ရေး၊ အသင်းသူ အသင်းသားများ၏ အကျိုးအမြတ်ရရှိရေးနှင့် သက်သာချောင်ချိရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မိုးစပါးစိုက်ပျိုးရာတွင် တစ်ဧကအထွက်နှုန်း တိုးရေး၊ မျိုးကောင်းမျိုးသန့် အသုံးပြုရေး၊ စိုက်နည်းစနစ် မှန်ကန်မှုရှိစေရေး၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိုးကျအသုံးပြုရေးတို့ကို ဂရုတစိုက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အသင်း သားတောင်သူများ ဝင်ငွေတိုးပွားရေးအတွက် လုပ်ငန်းအခက်အခဲများအား မိမိတို့ဝန်ကြီးဌာနက ကူညီပံ့ပိုး ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားကာ အသင်းသား တောင်သူများ၏ စပါးစိုက်ဧကများ အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။