Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“မိုခါ” မုန်တိုင်းဒဏ်သင့်ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ (၁၀) (မိုခါမုန်တိုင်းကြားက နှလုံးလှလူသားများ)


05 Jul,2023

မြင့်စိုး(နတလ)

ရှင်သန်ပြေးလွှားနေသော ချိုင်းထောက်လေးတစ်စုံ

          ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃ ရက်။

          ကြွီတဲကျေးရွာ၏ ဘုန်းတော်ကြီးကျောင်းအောက်ထပ်မှာ အထူးကုဆရာဝန်ကြီးများ အဖွဲ့က ဒေသခံတိုင်းရင်းသားများအား ဆေးဝါးကုသ၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေ ကြသည်။ မျက်စိအထူးကုအဖွဲ့၊ သွားနှင့်ခံတွင်း၊ သားဖွားမီးယပ်၊ အထွေထွေရောဂါစသည် ဖြင့် သူ့နေရာနှင့်သူရှိနေကြပြီး လူနာတွေကလည်း လာလိုက်ကြတာမှ ကျောင်းဝင်းတစ်ခုလုံး ပြည့်လျှံလျှက်။ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် တာဝန်ရှိသူများက ကြွီတဲကျေးရွာသို့သွားရောက်ကာ အထူးကု ဆရာဝန်ကြီးများအဖွဲ့၏ ဆေးကုသမှုကို အားပေးကြည့်ရှုခဲ့ကြသည်။ မျက်စိအထူးကု ဆရာဝန်ကြီးများအဖွဲ့နှင့် မလှမ်းမကမ်းမှာ အသက် ၄၀ ခန့် အမျိုးသမီးတစ်ဦး ချိုင်းထောက် နှစ်ဖက်ကို အားပြု၍ ရပ်နေသည်။ သူ၏ လုံချည်အနားစကို ကြမ်းနှင့်ထိလုနီးပါး ခပ်ရှည်ရှည် ဝတ်ထားသည်။ ခြေထောက်မှာ ဒဏ်ရာတစ်ခုခုရထားလို့ ချိုင်းထောက်နဲ့ အားပြုသွားနေ ရတာများလား။ သူလည်း အထူးကုဆရာဝန်ကြီးတွေဆီမှာ ရောဂါတစ်ခုခု ပြစရာရှိလို့ လာတာဖြစ်မှာပါလေ။ ထိုနေ့က သူနဲ့ပတ်သက်ပြီး ကရုဏာသက်မှုနှင့် စိတ်ဝင်စားမှုက ဤမျှလောက်သာ။ ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့လည်း ကြည့်စရာရှိတာကြည့်၊ အထူးကု ဆရာဝန်ကြီးများကို နှုတ်ဆက်၊ ရွာသူရွာသားများကို အားပေးပြီးသကာလ စစ်တွေမြို့သို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။

          ဇွန်လ ၁၀ ရက်နေ့၌ နောက်တစ်ကြိမ် ထပ်မံသွားရောက် အားပေးကြည့်ရှုခဲ့ကြသည့် နေရာကတော့ သင်ပုန်းတန်းကျေးရွာ ဖြစ်သည်။ ဟောဟိုမှာတွေ့လိုက်ရပြန်ပါပြီ။ ချိုင်းထောက် နှစ်ဖက်ကို အားပြုရပ်နေသော အမျိုးသမီး။ သူ ဘာရောဂါများ ပြချင်လို့ ထပ်ရောက်လာတာ ပါလိမ့်။ အထူးကုဆရာဝန်ကြီးများအဖွဲ့ ကုသပေးနေသည့် အဆောင်လေးထဲသို့ လှမ်းကြည့် ရင်း အပြင်မှာရပ်နေသည်။ ထိုနေ့က ဆေးကုသဆောင်လေးမှာ အတန်ငယ် ကျဉ်းနေသဖြင့် လူနာများနှင့်မဆံ့၊ ကျွန်တော်တို့အဖွဲ့ အထဲသို့လိုက်မဝင်တော့ဘဲ အပြင်မှာ ရပ်စောင့်နေ လိုက်သည်။ ကျွန်တော်တို့အဖွဲ့ဆိုသည်ကတော့ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာ တင်ထွဋ်၊ ဦးထွန်းအုံ၊ ဗိုလ်ချုပ်ဇင်မင်းထက်နှင့် ကျွန်တော်။ ထိုအခိုက် အဆောင်လေးထဲမှ ပြန်ထွက်လာသော ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းက အနားသို့ရောက်လာပြီး ချိုင်းထောက်နှင့်အမျိုးသမီးကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ကျွန်တော်တို့အဖွဲ့နှင့်ပါ မိတ်ဆက် ပေးသည်။

                   “သူက စစ်တွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး

                    ဒေါက်တာကြည်ကြည်သာပါ၊ ကြည်ကြည်သာရေ…….

                    ဒီအဘတွေကတော့………..၊

          ရော်…..သူက မြို့နယ်ဆရာဝန်ကြီးပဲကိုး၊ ဒါကြောင့် ကြွီတဲရွာကို လာတာဖြစ်မှာ၊ ဘယ်သူဘယ်ဝါတွေမှန်း သိပြီးတဲ့နောက်မှာတော့ ချိုင်းထောက်ကိစ္စမေးကြည့်ရန် အားမနာ တော့ပြီ။

                   “သမီးခြေထောက်က ဘာဖြစ်ထားလို့ ချိုင်းထောက်နဲ့သွားနေရတာလဲ”

                   “ဘယ်ဘက်ခြေထောက် ဖြတ်ထားလို့ပါ အဘ”

                   “ဟမ်…..”

          ကျွန်တော် အာမေဋိတ်သံက ဗျာ လို့တောင် မထွက်နိုင်တော့ဘဲ “ဟမ်” ဟု ဖြစ်သွား ရပါတော့သည်။ မေးလိုက်မိတာကိုက အလွန့်အလွန် အားနာစရာ ကောင်းလှပါဘိ။

                   “Sorry …..သမီးရယ်၊ မသိလို့ မေးမိတာနော်”

                   “ရပါတယ်အဘ”

          စကားပြောရင်းဆိုရင်း သူ့အကြောင်းတွေ သိလာရသည်။ ကြည်ကြည်သာ၊ စစ်တွေ ဇာတိ၊ ရခိုင်တိုင်းရင်းသူ ဖြစ်သည်။ ၈ တန်းကျောင်းသူဘဝ ၁၉၉၃ ခုနှစ်မှာ အရိုးကင်ဆာ ရောဂါရပြီး ဘယ်ဘက်ခြေထောက်ကို ဒူးဆစ်အထက်ကဖြတ်၍ စွန့်လိုက်ရသူ၊ ခြေထောက် တစ်ဖက်မှာ ခြေတုနှင့် ပညာကြိုးစားသင်ယူရင်း စစ်တွေ အ.ထ.က(၂)ကနေ ၁၀ တန်း အောင်ခဲ့သူ၊ ၄ ဘာသာဂုဏ်ထူးထွက်ပြီး ရန်ကုန်ဆေးတက္ကသိုလ် (၂) သို့ တက်ရောက်ခွင့် ရခဲ့သူ။ ၂၀၀၆-၂၀၀၇ မှာ ဒေါက်တာကြည်ကြည်သာအဖြစ်နှင့် စစ်တွေမြို့က ခုတင် ၂၀၀ ဆံ့ (ယနေ့အချိန်တွင် ခုတင် ၅၀၀ ဆံ့ ဖြစ်နေပါပြီ) ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိတာဝန်ထမ်း ဆောင်ခဲ့ပါသည်။ ၂၀၀၈ ခုနှစ်မှာ စစ်တွေမြို့ ဒေသန္တရကျန်းမာရေးဌာန၌လည်းကောင်း၊ ၂၀၁၄ ခုနှစ်မှာ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌လည်းကောင်း၊ ၂၀၁၅ ခုနှစ်မှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ ဆေးတက္ကသိုလ် တက်ရောက်စဉ်ကတည်းက ခြေတုတပ်၍ ကားမောင်းခဲ့သလို ယခုလည်း ကားဖြင့် မြို့နယ်အတွင်းက ရွာတွေကိုသွားနေဆဲ၊ ကျန်းမာရေး စောင့်ရှောက်မှု တွေပေးနေဆဲ ဖြစ်သည်။ ဘဝကို အရှုံးမပေးရင်ဆိုင်ခဲ့ရင်း ဆရာဝန်ဖြစ်အောင် ကြိုးစားခဲ့သူ၊ ကိုယ်က ချိုင်းထောက်နှင့်ဖြစ်နေစေကာမူ အထူးကုဆရာဝန်ကြီးများ ကုသမှု အဆင်ပြေ စေရေး မိမိမြို့နယ်အတွင်းမှာ လိုက်ပါကူညီဆောင်ရွက်သူ၊ ဒေသခံတိုင်းရင်းသားများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူ ဖြစ်သည်။ သူ့အကြောင်းကို လျှပ်တစ်ပြက်စေ့ငုပြီး သကာလ၊ သမီး ဘာဆုတွေရထားပြီးပြီလဲ မေးလိုက်ချိန်မှာတော့ ၂၀၁၉ ခုနှစ်၌ မိခင် ကျန်းမာရေးဝန်ကြီးဌာနက ချီးမြှင့်ပေးအပ်သော “ကျန်းမာရေးလုပ်ငန်းများ စွမ်းဆောင်ရည် ထူးချွန်ဆု” ရခဲ့ဖူးကြောင်း သိရသည်။ အသက် ၁၃ နှစ်ကနေ ယနေ့အချိန်ထိ နှစ်ပေါင်း ၃၀ တိုင်အောင် ခြေတစ်ဖက်တည်းနှင့် ရုန်းကန်နေထိုင်ခဲ့ရသော ဒေါက်တာကြည်ကြည်သာ၊ သည်ထက်မက ထိုက်တန်သော ဆုတံဆိပ်များ ချီးမြှင့်ခြင်းခံရပါစေ၊ ရပါစေဟု ကျွန်တော် ဆန္ဒပြုမိပါသည်။

သူတို့သည်လည်း နှလုံးလှကြသည်

          သူတို့ဆိုသည်မှာ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့ အသီးသီးမှ အဖွဲ့ဝင်များ ဖြစ်ကြသည်။ သူတို့အထဲက တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များသည် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းကော်မတီ၏ တာဝန်များကို ထမ်းဆောင်နေသူများ ဖြစ်ကြသည်။ ယင်းကော်မတီအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပေးချက် ရရှိချိန်တွင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဘေးအန္တရာယ်ကျရောက် နိုင်သော နေရာများမှ ပြည်သူများအား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ သတိ ပေးချက်များထုတ်ပြန်ခြင်း၊ အရေးပေါ်အသုံးပြုရမည့် အသက်ကယ်ပစ္စည်းများအကြောင်း ရှင်းလင်းပြသခြင်း၊ Shelter များတွင် ခိုလှုံနေသူများအတွက် သောက်သုံးရေများ ဖြန့်ဝေ ပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။ မေလ ၁၄ ရက်နေ့ နံနက်ပိုင်း မိုခါမုန်တိုင်း ဝင်ရောက် တိုက်ခတ်ပြီးနောက် ထိခိုက်ပျက်စီးမှု များပြားခဲ့သော မြို့နယ်များဖြစ်သည့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ မင်းပြား၊ ဘူးသီး တောင်နှင့် မောင်တောမြို့နယ်များအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ခြင်း၊ အပျက်အစီးများ ရှင်းလင်းခြင်း၊ ပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သော လမ်းမကြီးများအား ရှင်းလင်း ခြင်းတို့ကို အမြန်ဆောင်ရွက်ခဲ့ကြပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် (ရန်ကုန်) တွင် အသင့်စုဖွဲ့ထားသော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၄၁၈ ဦးကို မေလ ၁၇ ရက်နေ့မှ စတင်၍ တပ်မတော် လေယာဉ်များဖြင့် စစ်တွေမြို့သို့ ပို့ဆောင်ပေးခဲ့သည်။ အလားတူ မေလ ၁၈ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၁၆ ဦးကို ပေါက်တောမြို့နယ်သို့ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၁၆ ဦးကို ရသေ့တောင် မြို့နယ်သို့လည်းကောင်း စေလွှတ်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်စေခဲ့ ပါသည်။

          ယင်းသို့‌ စုဖွဲ့စေလွှတ်ရာတွင် လိုအပ်သော Chain Saw၊ Engine Cutter၊ Hydraulic Cutter များ ဖြည့်တင်းပေးခြင်း၊ မီးသတ်သမားတစ်ဦးချင်းစီတွင် ရှိနေရမည့် ၁၄ ပေကြိုး၊ လက်အိတ်၊ မျက်မှန်၊ လက်နှိပ်မီး၊ Life Jacket၊ Carabiner ကွင်းမှအစ အနည်းဆုံးပစ္စည်း ၂၃ မျိုး ကိုင်တွယ်အသုံးပြု ဆောင်ရွက်နိုင်အောင် စီစဉ်ပေးခြင်းတို့ ပြုလုပ်ခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် တပ်ဖွဲ့ဝင်များအတွက် အင်အားဖြည့် အစားအသောက်များ၊ ဆေးဝါးများ၊ ဝတ်စုံများကိုပါ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ညီတော်မောင် ကိုအောင်ကျော်မိုး

          ကျွန်တော် စစ်တွေမြို့သို့ မေလ ၁၉ ရက်နေ့တွင် စတင်ရောက်ရှိ တာဝန်ထမ်းဆောင် ခဲ့သည်။ ကိုအောင်ကျော်မိုးက ကျွန်တော့်ထက် ၁ ရက်စော၍ ရောက်နေခြင်း ဖြစ်၏။ မိုခါ မုန်တိုင်းဒဏ်သင့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ချင်းပြည်နယ်တွင် တပ်မတော်အရာရှိကြီး ၄ ဦး၊ ရခိုင်ပြည်နယ်တွင် ၁၄ ဦးတို့အား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၃ ခုနှစ် မေလ ၁၈ ရက်၊ ရက်စွဲပါအမိန့်အမှတ် ၃၄/၂၀၂၃ ဖြင့် ထုတ်ပြန်၍ တာဝန်ပေးအပ်ခဲ့သည်။ ဗိုလ်မှူးချုပ်အောင်ကျော်မိုးက စစ်တွေမြို့နယ်တွင် တာဝန်ကျသည်။ သူနှင့် ကျွန်တော်သည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေတွင် ၁၉၉၀ ပြည့်နှစ်လောက်က စတင်ရေစက်ဆုံခဲ့ခြင်းဖြစ်၏။ ကျွန်တော် ရမခ တန့်ယန်းစစ်ဗျူဟာမှာ တာဝန်ထမ်းဆောင်နေခိုက် သူက မိုင်းရယ်ခလရ ၆၇ တပ်ရင်းသို့ ကျောင်းဆင်းအရာရှိအဖြစ် ရောက်ရှိလာခြင်း ဖြစ်သည်။ တန့်ယန်းနှင့် မိုင်းရယ်သည် အိမ်ဦးနှင့်ကြမ်းပြင် ဖြစ်နေ ပါသည်။ တန့်ယန်းကိုကျော်၍ သံလွင်အရှေ့ခြမ်း လွယ်ပန်လုံဒေသသို့ စစ်ဆင်ရေးတာဝန် ထမ်းဆောင်ကြရတာလည်း ရှိသည်။ တန့်ယန်းမှ လားရှိုးသို့ သွားလျှင်လည်း ဟိုယက ခရီး တစ်ဝက်ဖြစ်သလို မိုင်းရယ်ကလည်း တစ်ခေါ်လောက်မှာရှိနေသဖြင့် မကြာခဏ ဆုံဖြစ် တွေ့ဖြစ်ကြသည်။ ကျွန်တော့် ဗျူဟာမှူး ဗိုလ်မှူးကြီးစောဘိုးသာ၏ တပ်စစ်ခရီးစဉ်နှင့် လည်း မိုင်းရယ်သို့ မကြာမကြာ ရောက်ဖြစ်၏။ မိုင်းရယ် လေယာဉ်ကွင်းဟောင်းသည် တောပစ်ဝါသနာပါသည့် ကျွန်တော့် ဗျူဟာမှူးကြီးအတွက် ညဘက် ဂျစ်ကားမောင်း၍ ယုန်ထွက်ပစ်သောနေရာလည်း ဖြစ်ခဲ့ချေသည်တမုံ့။

ပြန်လည်ထူထောင်ရေးအတွက် လုပ်အားဒါနများ ပေးလှူ

          ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် စစ်တွေမြို့သို့ ရောက်ရှိလာသူများမှာ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းများ၊ ရဲအကြပ်သင်တန်းကျောင်း၊ ရဲအရာရှိအတတ်သင် ကျောင်းတို့မှ စုစုပေါင်းတပ်ဖွဲ့ဝင်အင်အား ၂၁၈၈ ဦး၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ တပ်ခွဲမှ ၁၀၄ ဦး၊ ပဲခူးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့တပ်ခွဲမှ ၁၁၅ ဦး၊ ဧရာဝတီ တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့တပ်ခွဲမှ ၁၁၅ ဦး၊ မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့နှင့် ရုံးအဖွဲ့ ၂၃ ဦး၊ နေပြည်တော် မီးသတ်တပ်ဖွဲ့မှ ၃၃ ဦး၊ မွန်ပြည်နယ် မီးသတ်တပ်ဖွဲ့တပ်ခွဲမှ ၃၅ ဦး၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ၃၅ ဦး၊ စုစုပေါင်း မီးသတ်တပ်ဖွဲ့ဝင် ၄၆၀ ဦး၊ ပရဟိတအဖွဲ့မှ ၅၀ ဦး၊ စုစုပေါင်း ၂၆၉၈ ဦးဖြစ်သည်။ အထက်ပါအင်အားများကို စစ်တွေ မြို့တွင်း ရှင်းလင်းရေးနှင့် စစ်တွေ-ကျောက်တော်လမ်းမကြီး ရှင်းလင်းရေးဟူ၍ ၂ ပိုင်းခွဲ၍ ဆောင်ရွက်ခဲ့သည်။ ယင်းအဖွဲ့များကို ဗိုလ်မှူးချုပ် အောင်ကျော်မိုးနှင့် ရဲမှူးချုပ် ဝင်းဗိုလ် တို့မှ အနီးကပ် ကြီးကြပ်ကွပ်ကဲခဲ့ကြသည်။

 

ဌာနဆိုင်ရာ ယာဉ်/ ယန္တရားများ ပါဝင်အားဖြည့်

          မိုခါမုန်တိုင်းကြားက နှလုံးသားလှသူများကို ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှာ တွေ့မြင် နိုင်ပါသည်။ ပြည်နယ်မြို့တော် စစ်တွေမြို့ကြီးမှာ နေပူမရှောင် မိုးရွာမရှောင် ကူညီ ဆောင်ရွက်ရင်း လုပ်အားဒါနပြုနေကြသည့် အင်အားက အများဆုံးဖြစ်သည်။ အထက် တင်ပြပါစုစုပေါင်းအင်အား ၂၆၉၈ ဦးအပြင် တပ်မတော်မှ ၁၀ ဘီးယာဉ် ၁ စီး၊ Dump Truck ၁၇ စီး၊ မောင်းနှင်ပေးသည့် တပ်မတော်သား ၁၇ ဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ယာဉ်/ ယန္တရား ၂၁ စီးနှင့် ဝန်ထမ်းအင်အား ၃၀ ဦး၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ယာဉ်/ ယန္တရား ၁၅ စီးနှင့် ဝန်ထမ်းအင်အား ၁၀၇ ဦး၊ သစ်တောဦးစီးဌာနမှ ယန္တရား ၄ စီး၊ စက်မှုလယ်ယာဦးစီးဌာနမှ ယာဉ် ၁ စီး၊ နတလဦးစီးဌာနမှ ယန္တရား ၁ စီး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ယန္တရား ၁ စီးတို့လည်း ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ Chain Saw များ အသုံးပြုရာတွင်လည်း မီးသတ်တပ်ဖွဲ့မှ ၁၆၃ လက်၊ သစ်တောဦးစီးဌာနမှ ၂၄ လက်၊ နတလဦးစီးဌာနမှ ၁၅ လက် ပါဝင်အသုံးပြုခဲ့ပြီး စည်ပင်သာယာရေးအဖွဲ့က မြက်ဖြတ်စက် ၂၄ စီးဖြင့် ပူးပေါင်းဆောင်ရွက်နေပါသည်။

ဦးစားပေးအစီအစဉ်များ ရေးဆွဲဆောင်ရွက်

          ရှာဖွေကယ်ဆယ်ရေးနှင့် ကူညီရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့တွင်း လမ်းမကြီးများ၊ စာသင်ကျောင်းများနှင့် ဆေးရုံအဆောက်အဦများ၊ သာသနိကအဆောက် အဦများနှင့် ယဉ်ကျေးမှုအဆောက်အဦများ၊ ရုံးဌာနများ၊ လူနေရပ်ကွက်များကို ဦးစားပေး အစီအစဉ်အလိုက် ရှင်းလင်းဆောင်ရွက်ခဲ့သည်။ အခြေခံပညာကျောင်းများထဲမှ အ.ထ.က ၉ ကျောင်း၊ အ.လ.ကနှင့် မူလတန်းကျောင်းများအပြင် စစ်တွေတက္ကသိုလ်၊ နည်းပညာတက္က သိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် စစ်တွေ နည်းပညာအထက်တန်းကျောင်းဝင်းများထဲမှာ စနစ်တကျ ရှင်းလင်းဆောင်ရွက်ပေးပြီး ဇွန်လ ၁ ရက်နေ့ ကျောင်းအားလုံးဖွင့်နိုင်အောင် ကူညီနိုင်ခဲ့ကြသည်။

          မိုခါမုန်တိုင်းဒဏ်ခံခဲ့ရ၍ ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်အဦ များစွာ ရှိခဲ့သည်။ အဆိုပါတပ်ဖွဲ့ဝင် အင်အားများဖြင့် လောကနန္ဒာဘုရားကြီးဝင်းနှင့် သာသနာ့ဗိမာန် တော်ကြီး၊ ဗုဒ္ဓပြတိုက်၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ လက်ဝဲသလုံးတော် ဘုရား နှင့်ကျောင်း၊ ဦးရဲကျော်သူ ဘုရားနှင့်ကျောင်း၊ ပတ္တမြားကျောင်း၊ ရန်ပြေမာန်ပြေဘုရားဝင်း၊ ယဉ်ကျေးမှုပြတိုက်တို့ကို ကုသိုလ်ယူ ရှင်းလင်းဆောင်ရွက်ပေးကြသည်။ ၎င်းပြင် မင်းဘာကြီး လမ်းပေါ်ရှိ ဟိန္ဒူဘုရားကျောင်း၊ မေယုလမ်းပေါ်ရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်း၊ မေယု လမ်းပေါ်ရှိ Jame Mosque ဗလီ၊ ယဉ်ကျေးမှုပြတိုက်အနီးရှိ Jame Masjid ဗလီတို့ကိုလည်း ကူညီဆောင်ရွက်ပေးခဲ့ကြသည်။ အများသူငှာ အပန်းဖြေနားနေနိုင်ရေးအတွက် ဦးဥတ္တမ ပန်းခြံနှင့်ခန်းမ၊ နန္ဒဝန်ဥယျာဉ်တို့ကိုလည်း လူအင်အားနှင့် စက်ယာဉ်ယန္တရား များစွာ အသုံးပြု၍ ရှင်းလင်းဖယ်ရှား ဆောင်ရွက်ပေးခဲ့ကြသည်။ စစ်တွေမြို့၏ အဓိကလမ်းမကြီး များအပြင် ကျောင်းကြီးလမ်း၊ အောင်ဇံဝေလမ်း၊ အောင်ထွန်းဦးလမ်း၊ စက်ရုံလမ်း၊ ရွာကြီး လမ်း၊ ရွှေမင်းဂံမြို့ပတ်လမ်း၊ ပြည်တော်သာလမ်း၊ စစ်တွေတက္ကသိုလ်လမ်း၊ သက္ကေပြင် လမ်းများပါမကျန် အချိန်တိုအတွင်း သန့်ရှင်းသာယာ လှပစေခဲ့သည်။

လူမှုရေးအသင်းအဖွဲ့တွေ ပါဝင်လက်တွဲ

          မုန်တိုင်းတိုက်ခတ်ပြီးချိန်မှာပင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၌ လူမှုရေးအသင်း အဖွဲ့များ ပါဝင်လက်တွဲ ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ ကူညီထောက်ပံ့ရေးလုပ်ငန်း များ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ၎င်းတို့ကိုယ်တိုင် လိုလားနှစ်ခြိုက်စွာ ပါဝင်အားဖြည့် ကူညီခဲ့ကြသည်။ ယင်းအဖွဲ့များမှာ ရွှေရောင်မေတ္တာ ပရဟိတအသင်း၊ စိမ်းပြာပရဟိတအသင်း၊ Green Network အဖွဲ့၊ ARG အဖွဲ့၊ မေတ္တာ ရောင်ခြည်ပရဟိတအဖွဲ့များ ဖြစ်ကြသည်။ ပုံမှန်လုပ်ငန်းများအပြင် အပတ်စဉ် စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ရာတွင်လည်း သူတို့ပါဝင်ကြသည်။ စစ်တွေမြို့၏ ကျက်သရေဆောင် အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးဝင်းထဲမှာ၊ စစ်တွေကမ်းခြေမှာ ပျော်ရွှင်စွာ စုပေါင်းဆောင်ရွက်ခဲ့ကြသည်ကို အမှတ်ရမိ၏။ ရွှေသံလွင် ဦးကျော်ဝင်းတို့အဖွဲ့ကလည်း နေ့စဉ်လူ ၁၀၀၀၀ စာအတွက် ကျွေးမွေးခြင်း အလှူဒါနအစီအစဉ်ကို ၁ လတိတိ တာဝန်ယူ ဆောင်ရွက်သွားသဖြင့် ဝမ်းမြောက်စွာ သာဓုခေါ်ခဲ့ရပါသေးသည်။

အလှူဒါနဖြင့် နှလုံးလှကြသူများ

          ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများသို့ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါ ဝင်ရောက်တိုက်ခတ်ပြီး နောက်တစ်နေ့ဖြစ်သော မေလ ၁၅ ရက်နေ့ နံနက်ပိုင်းမှာပင် ထိုဒေသများ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းဆောင်၌ ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပါသည်။ နိုင်ငံအတွက် လိုအပ်သည့်အချိန်တွင် လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် လှူဒါန်းမှူများကို မိမိအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူပါ ကြောင်း၊ တိုင်းပြည်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဆိုသည့်အတိုင်း မိမိတို့တိုင်းပြည် အတွက် ဆောင်ရွက်ချိန်တွင် အရေးကြီးမှသွေးစည်းသည်မဟုတ်ဘဲ အရေးကြီးသည်ဖြစ်စေ မကြီးသည်ဖြစ်စေ တိုင်းပြည်မှလိုအပ်လာချိန်တွင် ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြမည် ဆိုပါက မိမိတို့တိုင်းပြည်သွားချင်သည့် လမ်းကြောင်းပေါ်တွင် သာယာဖြောင့်ဖြူးစွာ လျှောက်လှမ်းနိုင်မည်ဟု ယုံကြည်ပါကြောင်း နိုင်ငံတော်အကြီးအကဲက ပြောကြားခဲ့သည်။ မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် အလှူရှင်များက ထိုနေ့လှူဒါန်းငွေမှာ ကျပ်သိန်းပေါင်း ၁၃၁၈၁၀ သိန်း ဖြစ်သည်။ ထပ်မံ၍လည်း နေရာစုံဒေသစုံမှာ မိုခါအတွက် လှူဒါန်းမှုများ ပြုနေကြသည်။ အာဆီယံနိုင်ငံများမှ လှူဒါန်းမှုများ ရှိသကဲ့သို့ ASEAN+3 အရေးပေါ် အရန်ဆန်ရိက္ခာ APTERR Tier Programme 3 အစီအစဉ်အရ ကိုရီးယားသမ္မတနိုင်ငံမှ ဆန်ရိက္ခာ ၅၅၄ တန်၊ ဂျပန်နိုင်ငံမှ အသင့်စားဆန်ထုပ် ၂၀၀၀၀ လှူဒါန်းမှုများကိုလည်း တွေ့ရသဖြင့် လှူဒါန်းမှု အစုစုတို့အတွက် သာဓုခေါ်ဝမ်းမြောက်ရပါသည်။

အနုပညာရှင်များ၏ ရင်တွင်းစေတနာ

          မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ရန်ပုံငွေပဒေသာကပွဲကြီးကို ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာလောကသားများ စုပေါင်း၍ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ အမျိုးသားကဇာတ်ရုံ ကြီးတွင် ဇွန်လ ၂ ရက်နေ့မှ ၄ ရက်နေ့ထိ ဖျော်ဖြေတင်ဆက်ခဲ့သည်။ လာရောက်ကြည့်ရှု အားပေးကြသည့် ပြည်သူများထံမှ လှူဒါန်းငွေများ လက်ခံရရှိခဲ့သည့်အပြင် အနုပညာ လောကသားများ၏ ဖြူစင်သောမေတ္တာ၊ သန့်ရှင်းသောစေတနာကို ပြသခွင့် ရခဲ့ကြသည်။ ၎င်းပြင် မုန်တိုင်းသင့်ပြည်သူများအတွက်လည်း ကြီးမားသည့် စိတ်ဓာတ်ခွန်အားကို ရရှိစေ ခဲ့သည်။

          ထိုနည်းတူစွာ ရခိုင်ပြည်နယ် မုန်တိုင်းသင့်ဒေသများအတွက် သဘာဝဘေး ပြန်လည် ထူထောင်ရေး ရန်ပုံငွေဘောလုံးပြိုင်ပွဲကို ဇွန်လ ၁၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ရုပ်ရှင်အသင်း (Movie FC)၊ ဂီတအသင်း (Music FC)၊ ညွန့်ပေါင်းအသင်း (Old Star FC)၊ Forever FC အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြပြီး အနုပညာရှင်များကလည်း ဖျော်ဖြေရေးအစီအစဉ်များတွင် ပါဝင်ခဲ့ကြသည်။

          မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံး(ဗဟို)၊ သဘင်အစည်းအရုံး (ဗဟို)၊ ဟာသ ပညာရှင်များအစည်းအရုံး၊ Old Star ဘောလုံးအသင်းမှ တာဝန်ရှိသူများ၊ အနုပညာ ရှင်များသည် ဇွန်လ ၂၈ ရက်နေ့တွင် စစ်တွေမြို့သို့ရောက်ရှိကြပြီး စစ်တွေဟိုတယ်၌ အလှူငွေပေးအပ်ပွဲ ပြုလုပ်ခဲ့ကြသည်။ ယင်းအခမ်းအနားတွင် ပဒေသာကပွဲကြီးမှ ရရှိသော အလှူငွေကျပ် ၁၃၂၂ သိန်းနှင့် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ဘောလုံးပြိုင်ပွဲမှ ရရှိသော အလှူငွေကျပ် သိန်း ၇၅၀ နှင့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့က လက်ခံရယူကြပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဖျော်ဖြေမှုများက ခွန်အားဖြစ်စေသည်

          ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်း များ ဆောင်ရွက်နေကြသည့် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ စိတ်ရွှင်လန်းချမ်းမြေ့စေရန်၊ ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်စေရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေး တပ်ခွဲမှ စစ်သည်၊ စစ်သမီးများက အဆိုအကများဖြင့် လှည့်လည်ဖျော်ဖြေပေးခဲ့ကြသည်။ ထိုနည်းတူစွာပင် ရုပ်ရှင်နှင့် ဂီတ အနုပညာရှင်အဖွဲ့များအနေဖြင့်လည်း စစ်တွေမြို့သို့ ရောက်ရှိလာကြပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် တပ်ဖွဲ့ဝင် များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများအား နေရာအလိုက် ခွဲ၍ လှည့်လည်သီဆို ဖျော်ဖြေခဲ့ကြရာ ပျော်ရွှင်ချမ်းမြေ့စွာ ကြည့်ရှုအားပေးခဲ့ကြသည်။ အနုပညာရှင်များ၏ ဖျော်ဖြေမှုများက လုပ်အားဒါနပြုနေကြသူများအတွက် ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက် စေသကဲ့သို့ ဒေသခံပြည်သူများအတွက်လည်း စိတ်ဓာတ်ခွန်အားများ တိုးပွားစေခဲ့ပါသည်။ ကျေးဇူးတင်ပါသည် အနုပညာရှင်များတို့ရေ…….။

 

မိုခါမုန်တိုင်းကြားက နှလုံးလှလူသားများ

          ကျွန်တော် ရည်ညွှန်းလိုက်သော အဆိုပါ ခေါင်းစဉ်အောက်မှာ အဖွဲ့အစည်းပေါင်း များစွာ၊ လူပုဂ္ဂိုလ်ပေါင်း များစွာ ပါဝင်နေပါသည်။ ကျွန်တော် ထုတ်နုတ်တင်ပြထားသည့် အထက်ပါ အလှူရှင်များ၊ လူပုဂ္ဂိုလ် အဖွဲ့အစည်းများအပြင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဘာသာရေး အဖွဲ့အစည်းများပါမကျန် မုန်တိုင်းသင့်ပြည်သူများအပေါ် စာနာနားလည်မှု၊ အားပေးမှု၊ လှူဒါန်းမှု ပြုနေကြသူအားလုံး ပါဝင်နေပါသည်။ သူတို့အားလုံးသည် နှလုံးလှ လူသားများ ဖြစ်ကြသည်။ သူတို့နှလုံးသားက ပေါက်ဖွားလာသော မေတ္တာ၊ ကရုဏာ၊ အကြင်နာတရားများ၊ မွန်မြတ်သော စိတ်စေတနာများ၊ စာနာထောက်ထားမှုများက မုန်တိုင်း သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက်၊ ဒေသခံပြည်သူများအတွက် အလွန်ကြီးမား သည့်ခွန်အား ဖြစ်စေပါကြောင်း ဂုဏ်ပြုရေးသားတင်ပြအပ်ပါသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm