ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဆောင်ရွက်မည့် ဇလဲကျေးရွာအုပ်စု၊ ရွှေလံဘိုကျေးရွာ၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ရန်ပုံငွေကြီးကြပ်မှု ကော်မတီဖွဲ့စည်းခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက အဖွင့်အမှာစကား ပြောကြားကာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မိတ်ဆက်ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်း၊ အကောင် အထည်ဖော် ဆောင်ရွက်ခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျေးရွာသူကျေးရွာသားများက ရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင် ခုနစ်ဦးအား အများသဘောဆန္ဒနှင့်အညီ မဲစနစ်ဖြင့် ရွေးချယ်ဖွဲ့စည်း ပေးခဲ့ကြောင်း သိရသည်။
အဆိုပါရွှေလံဘိုကျေးရွာကို ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းပံ့ပိုးရန်ပုံငွေ ကျပ်သိန်း ၁၅၀ ဖြင့် ကျေးရွာ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာသူကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံမှ သိရသည်။