Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ထောက်ပံ့ရေးပစ္စည်းများ မုန်တိုင်းဒဏ်သင့်ဒေသများသို့ စနစ်တကျဖြန့်ခွဲပေးပို့နိုင်ရေး စီမံဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး


29 Jun,2023

စစ်တွေ ဇွန် ၂၇

ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းတိုက်ခတ်မှုဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အနီးကပ်ကြီးကြပ်ကွပ်ကဲရန် စစ်တွေမြို့၌ ရောက်ရှိ နေသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင်  စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်း နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင် တော်ကြီးဆိပ်ကမ်း တို့၌ ဆိုက်ကပ်ထားသော မာကျူရီဖို့စ် သင်္ဘော၊ MV ROYAL VENUS သင်္ဘောနှင့်  ပြည်တော်အေး -  ၂ သင်္ဘောပေါ်မှ  ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုမည့်ထောက်ပံ့ရေးပစ္စည်းများကို  လူအင်အား၊ စက်ယန္တရားအင်အားများ အသုံးပြု၍ မုန်တိုင်းဒဏ်သင့်ဒေသများသို့ စနစ်တကျဖြန့်ခွဲပေးပို့နိုင်ရေးစီမံဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်ဘိုးဘွားရိပ်သာ သို့ရောက်ရှိပြီး အဘိုးအဘွား ၃၇ ဦးအတွက် စားသောက်ဖွယ်ရာများနှင့် လှူဒါန်းငွေများ ထောက်ပံ့လှူဒါန်းကာ ရိပ်သာအတွင်းလှည့်လည်ကြည့်ရှုသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများ၊ သိုလှောင်ရုံနှင့် ဝန်ထမ်းအိမ်ရာတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအားလိုအပ်သည် များမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးခဲ့သည့် အောင်မင်္ဂလာရပ်ကွက်နှင့် ရွာသစ်ကေကျေးရွာတို့ကို ဆက်သွယ်ပေးထား သော ဘေလီသစ်သားကြမ်းခင်းတံတား အရှည် ၈၅ ပေ၊ အကျယ် ၁၂ ပေ ပြန်လည် တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တံတားရေရှည် တည်တံ့ခိုင်မြဲအောင်စနစ်တကျ တည်ဆောက်သွားရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး သည် ပြည်နယ်အစိုးရဧည့်ဂေဟာ၌ လယ်ယာ အထောက်အကူပြု ယွန်းလျှံကုမ္ပဏီ ဥက္ကဋ္ဌ ဦးအောင်မျိုးဦး နှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒေသတွင်းတောင်သူများအတွက် ထွက်နှုန်းမြင့် GW-11 မျိုးစပါး စိုက်ပျိုး နိုင်ရေး၊ ဒေသတွင်းမွေးမြူရေးလုပ်ငန်းများအတွက် တိရိစ္ဆာန်အစားအစာEver Green မြက် စိုက်ပျိုးနိုင်ရေး၊ ကြီးမြန်သစ်ပင်များစိုက်ပျိုးရေးနှင့် စိုက်ပျိုးမွေးမြူရေးနှင့်စပ်လျဉ်းသည့် အသိပညာပေးနိုင်ရေး တို့ကို ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယ ဝန်ကြီး ဒေါက်တာ အောင်ကြီး နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း သို့ရောက်ရှိပြီး သင်တန်းသား သင်တန်းသူများ၏ သင်ထောက်ကူပစ္စည်းများဖြင့် စာတွေ့ လက်တွေ့သင်ကြားနေမှုများကို ကြည့်ရှုအားပေးပြီး သင်တန်းသား သင်တန်းသူများအတွက် စားစရိတ်ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ် မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်တွေကမ်းနားပတ်လမ်း( ရှုခင်းသာလမ်း) ၊ စာတိုက် လမ်းဆုံမှ စစ်တွေဟိုတယ်အထိ အရှည်ပေ ၁၂၉၀၀ လမ်းပိုင်း ပြင်ဆင်နေမှုကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် သဘာဝဘေး ပြန်လည်ထူထောင်ရေး ဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ပြီး လုပ်ငန်းကော်မတီအလိုက် တာဝန်ရှိသူများ၏  ပြန်လည်ထူထောင်ရေး ဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်များသို့ ဟင်းသီးဟင်းရွက် မျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့တွင် ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာန၌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ဦးဆောင်၍ ကျင်းပ ခဲ့သည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်အတွင်းရှိ ခရိုင် စိုက်ပျိုးရေး ဦးစီးမှူးများထံ ရုံးပတီ၊ တိုင်ထောင်ပဲ၊ တိုင်လွတ်ပဲ၊ ရွှေဖရုံ၊ ကျောက်ဖရုံ၊ ခရမ်းသီး၊ ခရမ်းကျွပ်သီး၊ သခွား၊ ငရုပ်၊ ချဉ်ပေါင်၊ ကြက်ဟင်းခါး၊ ပဲလင်းမြွေနှင့် ပဲစောင်းလျား စသည့် မျိုးစေ့ထုပ် ၅၈၅၀၀ ထုပ်ကို ဖြန့်ခွဲပေးအပ်ခဲ့ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm