Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သွက်လက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများ၏ ကြီးကြပ်ကွပ်ကဲမှု ကောင်းမွန်ရေးသည်အရေးကြီး


23 Jun,2023

စစ်တွေ ဇွန် ၂၃

          ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းတိုက်ခတ်မှုဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အနီးကပ်ကြီးကြပ်ကွပ်ကဲရန် စစ်တွေမြို့၌ ရောက်ရှိနေသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအောက်ရှိ ပြည်နယ်နှင့် မြို့နယ် သမဝါယမဦးစီးဌာန၊ ယက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း (စစ်တွေ)၊ ပြည်နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တို့သို့ သွားရောက်ပြီး မိုခါမုန်တိုင်းတိုက်ခတ်မှုဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ပြန်လည်ပြုပြင် ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား ရင်းရင်း နှီးနှီး တွေ့ဆုံ အားပေးစကား ပြောကြားကာ တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်အဖွဲ့သည် စစ်တွေမြို့ ဘက်စုံသုံးဆိပ် ကမ်းသို့ သွားရောက်ပြီး ပြည်တော်အေး-၄ သင်္ဘောပေါ်မှ  ပြန်လည်ထူထောင်ရေး လုပ်ငန်း များတွင် အသုံးပြုမည့် ပစ္စည်းများကို  လူအင်အား၊ စက်ယန္တရားအင်အားများ အသုံးပြု၍ ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ဖြန့်ခွဲရာတွင် အချိန်ကြန့်ကြာမှု မရှိအောင် ဆောင်ရွက် သွားရန်နှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ပစ္စည်းများကို လျင်လျင်မြန်မြန် ဖြန့်ခွဲပေးပို့ နိုင်ရေး စီမံဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားကာ ကူညီကယ်ဆယ်ရေးအဖွဲ့များအား ကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေ များ ပေးအပ်ခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းတို့သည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ရုံး ဧည့်ခန်းမ၌ ကျင်းပသည့် ရခိုင်ပြည်နယ် မိုခါမုန်တိုင်း တိုက်ခတ်မှုဒဏ် ခံစားခဲ့ရသည့် ရခိုင်ပြည်နယ်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင် ရွက်ရန် အလှူငွေ ပေးအပ်ပွဲသို့ အခမ်းအနားသို့ တက်ရောက်သည်။

ထို့နောက် သံတွဲမြို့ သိမ်ကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ တေဇိန္ဒက ပြည်နယ် ဝန်ကြီးချုပ် ထံ အလှူငွေကျပ်သိန်း (၅၀)ကို ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဒုတိယ ဝန်ကြီးများသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် သဘာဝဘေးပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိုခါမုန်တိုင်း တိုက်ခတ်ပျက်စီးမှုကြောင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြရာတွင် မူလအခြေအနေထက် ပိုမိုကောင်းမွန် အောင်  ဆောင်ရွက်ပြီးစီးမှုများနှင့် အရှိန်အဟုန်ဖြင့်  ဆက်လက်ဆောင်ရွက် နေကြသည့် မြင်ကွင်းများကို တွေ့မြင်ရကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ တာဝန်ထမ်းဆောင် လျက်ရှိသည့် ရုံးအဆောက်အဦများနှင့် ဝန်ထမ်းအိမ်ရာများ အမိုးအကာအောက် ပြည့်စုံလုံလောက်စွာ အမြန်ရောက်ရှိပြီး နိုင်ငံ့တာဝန်များ ကောင်းမွန်စွာ ထမ်းဆောင်နိုင်ရေးသည် အရေးကြီး ကြောင်းနှင့် စစ်တွေမြို့ကို သန့်ရှင်သာယာလှပသည့် မြို့တစ်မြို့ဖြစ်အောင် စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လုပ်ငန်းကော်မတီများအလိုက် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်း များနှင့် စပ်လျဉ်းသည့် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက် ပြီးစီး မှုများ၊ ဆက်လက်ဆောင်ရွက်မည့် အစီ အမံများနှင့် လုပ်ငန်းတိုးတက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် သွက်လက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင် ရာ တာဝန်ရှိသူများ၏ ကြီးကြပ်ကွပ်ကဲမှု ကောင်းမွန်ရေးသည် အရေးကြီးကြောင်း၊ ထို့အတူ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပေါင်းစပ်ညှိနှိုင်းပြီး စည်းစည်း လုံးလုံး ညီညွတ်ညွတ် ထိထိမိမိ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း‌ ပြောကြား သည်။

ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ဆက်သွယ်ရေး မိုဘိုင်း စခန်း များ ထိခိုက်ပျက်စီးခဲ့ရာ  ယနေ့အထိ မိုဘိုင်းစခန်းပေါင်း ၁၂၂၇  ခုကို ပြန်လည်ပြုပြင် ပြီးဖြစ် မိုဘိုင်းဖုန်းဆက်သွယ်ရရှိမှုအနေဖြင့် ၉၉ ဒသမ ၅၁ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရ သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ  စက်မှုလယ်ယာ ဦးစီးဌာနသည် ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ဒေသများမှ တောင်သူများ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ထွန်စက် အစီး ၈၀ ဖြင့် ထွန်ယက်ရေး လုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိရာ ဇွန်လ ၂၂ ရက်အထိ မြေ ဧက ၁၉၀၉   ဧကကို  ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနသည် ရခိုင်ပြည်နယ်အတွင်း မြို့နယ် (၁၀) မြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာ ၅၇၉ ရွာ၌ ရွေ့လျား ရေသန့်စင်ကား၊ ဆိုလာစွမ်းအင်သုံး ရေသန့်စင်စက် နှင့်  Life Straw တို့ဖြင့် ရေဂါလံပေါင်း ၁၀၃၆၁၈၆ ဂါလံ ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း၊ မုန်တိုင်းကြောင့် ဆားငံရေဝင်ရောက်ခဲ့သည့် မြေသားရေကန်၂၃၃ ကန်မှ ရေများစုပ်ထုတ်ဆောင်ရွက်လျက် ရှိရာ ယနေ့အထိ မြေသားရေကန် ၂၃၀ ကို စုပ်ထုတ်ဆောင်ရွက်ပြီးဖြစ်ကြောင်းသိရသည်။

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာအနေဖြင့် မိုခါမုန်းတိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်း (၁၀) မြို့နယ်သို့ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးထားသည့်  ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများနှင့် ဆက်စပ်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရာ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်မှုများကြောင့် စစ်တွေ၊ ပုဏ္ဏကျွန်းနှင့် ကျောက်တော် မြို့ များသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့သည်။

 ယနေ့ညပိုင်းတွင် မြောက်ဦးမြို့ရှိ ဓာတ်အားခွဲရုံမှတစ်ဆင့်  မြောက်ဦးမြို့ပေါ် ရပ်ကွက် () ရပ်ကွက်နှင့် ကျေးရွာ (၂၆) ရွာကို လည်းကောင်း၊  မင်းပြား ဓာတ်အားခွဲ ရုံမှ တစ်ဆင့် မင်းပြားမြို့ပေါ် () ရပ်ကွက်နှင့် ကျေးရွာ () ရွာသို့လည်းကောင်း၊ မြေပုံ ဓာတ်အား ခွဲရုံမှတစ်ဆင့် မြေပုံမြို့ရှိ ရပ်ကွက် () ခုနှင့် ကျေးရွာ () ရွာသို့လည်းကောင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားပြီ ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm