နေပြည်တော် ဇွန် ၁၉
ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ ညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက်ပိုင်းက ရုံးအမှတ်(၁၆) သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ Online စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်အတူ ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မျိုးစေ့၊ မြေဩဇာနှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုမိုးရာသီ စိုက်ပျိုးရာသီ အလိုက် ရာသီအမီ တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်လျက်ရှိသည့် အရည် အသွေးနှင့် စံချိန်စံညွှန်းပြည့်ဝသော ဓာတ်မြေဩဇာများနှင့် သွင်းအားစုများအား ဈေးနှုန်း သက်သာစွာ အချိန်မီဝယ်ယူအသုံးပြုရရှိနိုင်ရေးအတွက် မိမိတို့ ဦးဆောင်ကော်မတီအမှ စိစစ် ထောက်ခံ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံ၍ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ထူထောင်ပေးပြီးဖြစ်ကြောင်း၊ ဆောင်းပဲတီစိမ်း စိုက်ဧက ၅ သိန်း နှင့် နွေစပါး ဧက ၈ ဒသမ ၅ သိန်း စိုက်ပျိုးထုတ်လုပ်ရေးစီမံကိန်းများတွင် လိုအပ်သော ဓါတ်မြေဩဇာများနှင့် သွင်းအားစုများကို ရရှိနိုင်အောင် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်၍ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် အဓိက စိုက်ပျိုးသော သီးနှံ(၁၀)မျိုးအတွက် စိုက်ဧက ၃၃ ဒသမ ၇၈ သန်းရှိရာ လိုအပ်သည့် သွင်းအားစု စုစုပေါင်းတန်ချိန် ၄ ဒသမ ၁၃ သိန်း တန်ချိန် သုံးစွဲရန် လိုအပ်မှာဖြစ်ကြောင်း၊ နိုင်ငံစီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မိုးစပါး စီမံကိန်းအတွက် တိုင်းဒေသကြီး ၄ ခုရှိ လျာထား ဧက ၅ ဒသမ ၃ သိန်းရှိပြီး မြေဩဇာ လိုအပ်ချက် မှာ စုစုပေါင်းတန်ချိန် ၇၉၅၀၀ တန် လိုအပ်မည် ဖြစ်ကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဓာတ်မြေဩဇာ ရည်ညွှန်းဈေးနှုန်းထုတ်ပြန်ပေးမှုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်းနှင့် ညှိနှိုင်းပြီး ရည်ညွှန်း ဈေးနှုန်းကို နှစ်ပတ်လျှင် တစ်ကြိမ် ပုံမှန် ထုတ်ပြန်ပေးလျက်ရှိရာ ယခုဇွန်လ ၁၆ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း ယူရီးယား ၅၀ ကီလိုတစ်အိတ်လျှင် ၇၅,၀၀၀ ကျပ်၊ ကွန်ပေါင်း၅၀ ကီလိုတစ်အိတ်လျှင် ၁၁၅,၀၀၀ ကျပ်နှုန်းဖြင့် ရန်ကုန်အထိုင်ဈေးနှုန်းအဖြစ် ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်း၊ ယခု နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မိုးစပါးစီမံကိန်း အတွက် မြန်မာနိုင်ငံ မျိုးစေ့၊ မြေဩဇာနှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်း သက်သာသော အထူးဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေး ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ သွင်းအားစုများအား တောင်သူများ ဈေးနှုန်းသက်သာစွာ၊ အရည်အသွေး မှန်ကန်စွာဖြင့် အချိန်မီ ဝယ်ယူသုံးစွဲနိုင်ရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများတွင် အထွက်နှုန်းတိုးစေရေး အတွက် လိုအပ်သော မျိုးကောင်းမျိုးသန့်များ အချိန်မီရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးကြရန်နှင့် လိုအပ်သည်များရှိပါက ဦးဆောင်ကော်မတီသို့ အချိန်မီ တင်ပြပေးကြရန် ပြောကြားပါသည်။
ထို့နောက် မြန်မာနိုင်ငံ မျိုးစေ့၊ မြေဩဇာနှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက သွင်းကုန်လိုင်စင်ရရှိမှု၊ တင်သွင်းရောက်ရှိမှု၊ ဖြန့်ဖြူးရောင်းချ ပြီးစီးမှု၊ ယခု မိုးစပါး စီမံကိန်းအတွက် တင်သွင်းရန် လိုအပ်မှုတို့ကို ဆွေးနွေး တင်ပြပါသည်။
ဆက်လက်၍ တက်ရောက်လာကြသော ဦးဆောင်ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး တက်ရောက်လာသူများ၏ ဝိုင်းဝန်းဆွေးနွေးမှုများအတွက် ကျေးဇူးတင်ပါကြောင်း၊ ကျေးလက် ဒေသ စိုက်ပျိုးထုတ်လုပ်မှုများ ပြန်လည်ဦးမော့လာစေရန်နဲ့ စားနပ်ရိက္ခာဖူလုံမှုကို မြှင့်တင်ပေးနိုင် စေရန်အတွက် အစိုးရ-ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းဖြင့် ကျေးလက်စိုက်ပျိုး စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး တောင်သူများ၏ စိုက်ပျိုးရေးကဏ္ဍ အတွက် အဓိက လိုအပ်ချက်ဖြစ်သည့် ယူရီးယားမြေဩဇာသွင်းအားစုများ အချိန်မီ တင်သွင်းဝယ်ယူဖြန့်ဖြူး ရောင်းချရေး အစီအစဉ်မှာ အရေးကြီး၍ သက်ဆိုင်ရာတာဝန်ရှိသူ အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။