Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ၊ ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း” ပြည်ထောင်စုအဆင့် သုံးသပ်ဆွေးနွေးပွဲ ကျင်းပ


08 Jun,2023

နေပြည်တော် ဇွန် ၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ၊ ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း” ပြည်ထောင်စုအဆင့် သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က နေပြည်တော်ရှိ ရုံးအမှတ်(၃၆) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် စီမံကိန်းများ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဖော်ဆောင်ရာတွင် လက်စွဲစာစောင်များရေးဆွဲပြီး စနစ်တကျဆောင်ရွက်နေသည့် အပြင် စီမံကိန်းများ လည်ပတ်မှု တစ်နှစ်ပြည့်မြောက်သည့်အချိန်တိုင်း မြို့နယ်၊ ပြည်နယ်/ တိုင်းဒေသကြီး အဆင့်၊ ပြည်ထောင်စုအဆင့် သုံးသပ်ဆွေးနွေးပွဲပြုလုပ်ပြီး အားနည်းချက်၊ အားသာချက်တွေ ဖော်ထုတ်ပြီး ပြင်ဆင်ဆောင်ရွက်သည့်အချက်များကို ပြင်ဆင်ပြီး လာမည့် နှစ်များတွင် ပိုကောင်းမွန်အောင် ဆောင်ရွက်နေတာကို တွေ့ရှိရပါကြောင်း၊ ကျေးရွာများတွင် စဉ်ဆက်မပြတ် ဘဏ္ဍာရေး အရင်းအမြစ်ရရှိစေဖို့၊ ကျေးလက်နေပြည်သူများ ဒီမိုကရေစီနည်းလမ်း ကျကျ စုပေါင်းညှိနှိုင်းတတ် သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရန်နှင့် မိသားစုဝင်ငွေ တိုးပွားစေရန် ရည်မှန်း၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ မြို့နယ်(၂၈၉) မြို့နယ်ရှိ ကျေးရွာပေါင်း (၁၄,၆၆၈) ရွာမှာ စိုက်ပျိုးမွေးမြူရေးဆောင်ရွက်လျက်ရှိသည့် ကျေးလက်အိမ်ထောင်စု ပေါင်း (၁၄)သိန်းကျော်အတွက် ငွေကျပ် (၄၉၀)ဘီလီယံကျော် ထုတ်ချေးလည်ပတ် လျက်ရှိပြီး တစ်နိုင်ငံလုံးအနေဖြင့် စီမံကိန်း လွှမ်းခြုံမှု ၂၃.၁ ရာခိုင်နှုန်းရှိပါကြောင်း၊ စီမံကိန်းအတိုးရငွေပေါင်း (၂၄၈)ဘီလီယံကျော် ရရှိခဲ့သည့် အနက် အတိုးရငွေများအနက်မှ (၄၄.၅၆)ဘီလီယံကျော်ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း (၄,၀၀၀)ကျော် ကို ပြည်သူပူးပေါင်းပါဝင်မှုများနှင့်အတူ ဆောင်ရွက်ပေးနိုင် ခဲ့ပါကြောင်း၊ ယခုအခါ မြစိမ်းရောင် ကျေးရွာစီမံကိန်းဟာ ကျေးလက်ပြည်သူတွေအားထားရသည့် စီမံကိန်းကြီးတစ်ခုအဖြစ် ရောက်ရှိလာနေပြီဖြစ်သလို နိုင်ငံတော်မှလည်း အသိအမှတ်ပြု အားပေးလျက်ရှိသည့် စီမံကိန်း တစ်ခုလည်းဖြစ်ပါကြောင်း၊ သို့သော်လည်း လတ်တလော နယ်မြေ လုံခြုံရေးအခြေအနေ၊ သဘာဝဘေး အန္တရာယ်ကျရောက်မှုတွေကြောင့် စီမံကိန်းအပေါ် အကျိုးသက် ရောက်မှုတွေ ရှိနေသည့်အတွက် စီမံကိန်း ရန်ပုံငွေ ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး မည်ကဲ့သို့ လုပ်ဆောင် သင့်သည်ကို ယခုသုံးသပ်ဆွေးနွေးပွဲတွင် တက်ရောက်လာ ကြသူအားလုံး ဝိုင်းဝန်းအဖြေရှာ ဖော်ထုတ်သွားကြဖို့လိုအပ်မှာဖြစ်ပါကြောင်း၊ ကျေးလက်ဒေသများမှာ အချိန်တိုအတွင်း ဖွံ့ဖြိုး လာရန်စဉ်ဆက်မပြတ် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် သည့် အခါမှာ ကျေးလက်နေပြည်သူများ၏ ပူးပေါင်းပါဝင်မှုအားဟာ အရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်နေပါကြောင်း၊ ဒါကြောင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပြည်သူ ဗဟိုပြုပြီး ကျေးလက်ပြည်သူများကိုယ်တိုင် ကျေးရွာ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်၊  ဦးစားပေးကျေးရွာဖွံ့ဖြိုးရေး စီမံချက်တွေရေးဆွဲပြီး လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက် နေသည့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ယခုအချိန်အထိ ဆောင်ရွက်ခဲ့ရာ ကျေးရွာပေါင်း (၁၁,၆၇၇)ရွာ၊ လုပ်ငန်းပေါင်း (၁၅,၀၀၀)ကျော်ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ခေတ်မီစံပြကျေးရွာ  (SMART Village) ထူထောင်ရေးစီမံကိန်းကိုလည်း ကျေးရွာတွေ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအစီအစဉ်အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်မှစတင်ပြီး စမ်းသပ်ဆောင်ရွက်သည့် စီမံကိန်းတစ်ခု ဖြစ်ပါကြောင်း၊ ကျေးလက်နေပြည်သူ များ၏ လူနေမှုအဆင့်အတန်းမြင့်မားရေးနှင့် မိသားစု ဝင်ငွေတိုးပွားရေးကို အဓိကဦးတည် ရည်မှန်းပြီး ဒီဂျစ်တယ်နည်းပညာအသုံးပြု၍ လူမှုရေး၊ စီးပွားရေးဆိုင်ရာ အခြေခံအဆောက် အအုံများ၊ ငွေကြေးဝန်ဆောင်မှုနှင့် နည်းပညာပံ့ပိုးပေးခြင်းလုပ်ငန်းများ၊ လူမှုကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေကို ကျေးရွာ (၄၃)ရွာမှာ ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း၊ အဆိုပါ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စေရန်အတွက် ဆောင်ရွက်သည့် လုပ်ငန်းစဉ်တိုင်းမှာ ပေါင်းစပ်ညှိနှိုင်းမှု၊ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မှုဟာ အလွန်အရေးကြီး သည့်အတွက် လုပ်ငန်းဆောင်ရွက်သည့်အခါ ဌာနတစ်ခုတည်း အားနှင့် ဆောင်ရွက်လို့ မရနိုင်ခြင်း ကြောင့် သက်ဆိုင်ရာ ဌာနအချင်းချင်း ကျရာဖွံ့ဖြိုးရေးကဏ္ဍတွေမှာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားကြရန်နှင့် မိမိတို့သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များထံ တင်ပြဆောင်ရွက် သွားကြဖို့ မှာကြားလိုပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများ က မိမိတို့ တိုင်းဒေသကြီး/ပြည်နယ်များအတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်းနှင့် ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲ၊ အားသားချက်၊ အားနည်းချက်များကို ရှင်းလင်း တင်ပြကြရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာကဏ္ဍအလိုက် စီမံကိန်းအနှစ်ချုပ်များကို ရှင်းလင်းဆွေးနွေးကြပါသည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ဦးစီးဌာန၏ ရှေ့လုပ်ငန်းစဉ်များနှင့် မူဝါဒများ ချမှတ်ဆွေးနွေးပြီးနောက် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က နိဂုံးချုပ်လမ်းညွှန်အမှာစကားပြော ကြားကာ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်။ 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm