Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပင်းတယမြို့နယ်အတွင်း စံပြကျေးရွာ (Smart Village) ဖော်ဆောင်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


12 May,2022

နေပြည်တော် မေ ၁၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်၊ သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်မြင့်ဝင်းကြည်နှင့် သက်ဆိုင်ရာတာဝန်ရှိသူ များလိုက်ပါလျက် ကွင်းဆင်းကြည့်ရှု စစ်ဆေးပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ကျားကုန်းကျေးရွာသို့ ရောက်ရှိပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်း၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သည် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နှင့်မြို့ပြု ဖွံ့ဖြိုးမှုကွာဟချက် လျှော့ချရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးတို့ကို အလေးထားဆောင်ရွက်နေပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာများ၏ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေး၊ မီးလင်းရေး၊ ရေရရှိရေး၊ လမ်း/ တံတားများနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းဆိုင်ရာ ကိစ္စရပ်များအား ဆောင်ရွက်ပေးနေပါကြောင်း၊ သမဝါယမဦးစီးဌာနအနေဖြင့် ကျေးရွာများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ အသင်းအဖွဲ့စနစ် အောင်မြင်ဖြစ်ထွန်းရေး၊ အရင်းအနှီးရရှိရေး၊ လယ်ယာသုံးစက် ကိရိယာများ ထောက်ပံ့ပေးနိုင်ရေးတို့ကို ဆောင်ရွက်ပေးနေပါကြောင်းနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးရွာသူကျေးရွာသားများအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများအား သင်ကြားပို့ချပေးနေပြီး ဦးစီးဌာန (၃) ခု ပူးပေါင်း၍ သက်ဆိုင်ရာကဏ္ဍများ အလိုက် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ပေးနေပါကြောင်း၊ ကျေးရွာသူ ကျေးရွာသားများကလည်း မိမိတို့ ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင်၍ အလေးထား ဆောင်ရွက်ပေးစေလိုပါကြောင်း၊ လုပ်ငန်းလိုအပ်ချက်များ ရှိပါကလည်း တင်ပြပေးစေ လိုပါကြောင်း ပြောကြားပြီး ဒေသခံပြည်သူများက လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်‌ပေးခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပင်းတယမြို့၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးရုံးသို့ရောက်ရှိ၍ ဒေသဦးစီးဥက္ကဋ္ဌနှင့်တွ့ဆုံကာ ပင်းတယမြို့နယ်၊ ကျားကုန်းကျေးရွာအား ခေတ်မီစံပြကျေးရွာ (Smart Village) အဖြစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် လာမည့် ဘဏ္ဍာရေးနှစ်များတွင် ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းများအား ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့နယ်၊ အင်းပက်လက်ကျေးရွာသို့ ရောက်ရှိ၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေ (၈.၅) သန်းဖြင့် ဆောင်ရွက်ခဲ့သည့် ဂါလံ(၁၀၀၀၀) ဆံ့၊ ရေစုကန်တည်ဆောက်ပြီးစီးမှုအားလည်းကောင်း၊ အင်းပက်လက်ကျေးရွာ အပါအဝင် နန်းပလန်၊ သရက်ပြား၊ သစ်အယ်ပင်နှင့် ဘော်ဆုံကျေးရွာ (၅) ရွာရှိ အိမ်ခြေ (၈၅၀) လူဦးရေ (၃၈၉၈) ဦးအတွက် အကျိုးပြုစေမည့် စုပေါင်းရေပေးရေး လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပါသည်။

အဲဒီနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့နယ်၊ မြောက်မြေခြားကျေးရွာသို့ ရောက်ရှိပြီး မြောက်မြေခြားကျေးရွာနှင့် တောင်ပတ်ကျေးရွာရှိ အိမ်ခြေ (၁၉၀) လူဦးရေ (၇၆၃) ဦးအတွက် အကျိုးပြုစေမည့် စုပေါင်းရေပေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား လည်းကောင်း၊ ကျေးရွာ (၂) ရွာအတွက် တွင်းနက်ပေ (၃၃၀) တူးဖော်ပြီးစီးမှုအားလည်းကောင်း၊ မြောက်မြေခြားကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေလည်ပတ်မှုအခြေအနေနှင့် အတိုး ရငွေဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများ ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်း ဆောင်ရွက်နေမှုများအပေါ် လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm