Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြန်မာနိုင်ငံ ကျေးရွာ(၅)ရွာအတွက် စက်ရေတွင်း (၅) တွင်း တူးဖော်နိုင်ရေး အလှူငွေပေးအပ်ပွဲ ကျင်းပ


23 May,2023

နေပြည်တော် မေ ၂၃

          တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ လင်ကွန်ကျောင်းတိုက် ဆရာတော် ချန်ကျန့်မှ မြန်မာနိုင်ငံရှိ ကျေးရွာ(၅) ရွာတွင် စက်ရေတွင်း (၅) တွင်း တူးဖော်နိုင်ရေး အလှူငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ Mr. Liu Wei ဦးဆောင်သော အလှူရှင်အဖွဲ့နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

          ရှေးဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ လင်ကွန်ကျောင်းတိုက် ဆရာတော် ချန်ကျန့်မှ မြန်မာနိုင်ငံရှိ ကျေးရွာ (၅) ရွာအတွက် စက်ရေတွင်းရေကန်များ တူးဖော်ဆောက်လုပ် လှူဒါန်းလိုသည့် အကြောင်းအရင်းအား ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Mr. Liu Wei မှ ရှင်းလင်း ပြောကြားပြီး အလှူငွေများ ပေးအပ်လှူဒါန်းရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ လင်ကွန်ကျောင်းတိုက် ဆရာတော်ချန်ကျန့်မှ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဘူးဘက် ကျေးရွာနှင့် ရွှေတွင်းတူးကျေးရွာ၊ မိုးညိုမြို့နယ်၊ ရှစ်ကွက်ကျေးရွာ၊ မကွေးတိုင်းဒေသကြီး၊ ချောက် မြို့နယ်၊ ပြရွာ၊ နတ်မောက်မြို့နယ်၊ ကျွေးထူးကန်ကျေးရွာ စုစုပေါင်းတိုင်းဒေသကြီး ၂ ခု၊ ကျေးရွာ ၅ ရွာတွင် စက်ရေတွင်းတူးဖော်ခြင်း၊ ရေစင်၊ ဆိုလာရေတင်စနစ် ဆောင်ရွက်ရန်အတွက် အလှူငွေများ လှူဒါန်းမှုအတွက် မိမိတို့ဝန်ကြီးဌာနသာမက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသားများအတွက်ပါ အလွန် မင်္ဂလာရှိသောနေ့ ဖြစ်ပါကြောင်း၊ ဆရာတော် ပေးလှူသော ရေတွင်းများသည် ကျေးရွာများအတွက် အမှန်တကယ်အကျိုးရှိ ထိရောက်ပါကြောင်း၊ ဆရာတော်၏ လှူဒါန်းမှူဖြင့် အိမ်ခြေ ၁၀၅၀ အိမ်၊ လူဦးရေ ၄၀၅၃ ဦးအား အကျိုးပြုနိုင်မည်ဖြစ်ပြီး ကျေးရွာနေ ပြည်သူများ၏ လှုမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာနိုင်သဖြင့် အထူးပင် ကျေးဇူးတင်ပါကြောင်း၊ လှူဒါန်းသည့် ရေတွင်းရေကန်များအား မြေပြင်တွင် အမှန်တကယ် အကျိုးရှိထိရောက်စေရေး ကြပ်မတ်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ပြီးစီးမှုအား မှတ်တမ်းဓာတ်ပုံများဖြင့် ပြန်လည်ပေးပို့ ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရနှင့်အတူ မိမိတို့ဝန်ကြီးဌာနကလည်း နှစ်စဉ် သောက်သုံးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသော်လည်း ရာသီဥတုပြောင်းလဲမှုကြောင့် ရေအရင်း အမြစ်များ ခန်းခြောက်လာပြီး သောက်သုံး‌ရေ လုံလောက်မှုမရှိသော ကျေးရွာများ ကျန်ရှိနေသေး သဖြင့် ထပ်မံလှူဒါန်းမည် ဆိုပါကလည်း ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်း၊ ယခုလို စေတနာ မေတ္တာတို့ဖြင့် ပေးအပ်လှူဒါန်းမှုအတွက် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် အထူးပင် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm