Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်


22 May,2023

နေပြည်တော် မေ ၂၂

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာ အစည်းအဝေး ကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်မှ ညွှန်ကြားရေးမှူးများ၊ ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေး ဆောင်ရွက်မည့် ဝန်ထမ်းများ၊ ကျေးရွာအဖွဲ့ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီး ဌာနအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၁၂) ရပ်နှင့်အညီ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ သာယာ ဝပြောရေး၊ စားရေရိက္ခာ ပေါများရေးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက် ဖြစ်ထွန်းစေရေး စသည်တို့ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဦးတည်ချက်(၁၂)ရပ်အနက် စီးပွားရေးဦးတည်ချက်မှာ ပါဝင်သည့် “သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များ ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး” ကို မိမိတို့ဝန်ကြီးဌာနအောက်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက တစ်ဖက်တစ်လမ်းက အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှ စတင်၍ “အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး နှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း”များကို ရုံးချုပ်၊ ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် (၁၅) ခုရှိ ကျေးရွာ (၁၅၅) ရွာကို ရွေးချယ်ပြီး စီမံကိန်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ စီမံကိန်းအောင်မြင်ရေး အတွက် ဌာနတွင် သင်တန်းတက်ရောက် အောင်မြင်ပြီးသူများအား ဆက်လက်ရပ်တည်နိုင်ရေး လိုအပ်သည့် အရင်းအနှီးများ၊ စက်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ အမှန်တကယ် အောင်မြင်နိုင်မည့် လုပ်ငန်းများကို ရွေးချယ်လုပ်ကိုင်စေပြီး အောင်မြင်သူများကို ထိုက်တန်စွာ ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းကို ဦးဆောင်မည့် ဌာနက စီမံကိန်းတာဝန်ခံ ဝန်ထမ်းများနှင့် ကျေးရွာ(၁၅၅)ရွာမှ ရွေးချယ်ထားသော ကျေးရွာအဖွဲ့ခေါင်းဆောင်များကို ခေါ်ယူပြီး စီမံကိန်း လုပ်ငန်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်အောင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် သွားကြရန် မှာကြားလိုပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများအနေဖြင့် မိမိတို့ တာဝန်ယူ ဆောင်ရွက်နေသည့် ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသတွင်းပြည်သူများ အလုပ် အကိုင်ရရှိပြီး ဝင်ငွေတိုးပွားစေရေးတို့အတွက် စီမံကိန်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်၍ မိမိတို့ ရွေးချယ်ထားသော ကျေးရွာခေါင်းဆောင်များကို ပရဟိတစိတ် မွေးကြရန်၊ ခေါင်းဆောင်အင်္ဂါရပ်များနှင့်အညီ ဦးဆောင်ကြရန်နှင့် စီမံကိန်းအောင်မြင်အောင် ထကြွနိုးကြားစိတ်ဖြင့် ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ စီမံကိန်းလုပ်ငန်း များ ဆောင်ရွက်ရာတွင် အခက်အခဲများ ကြုံတွေ့လာပါက သက်ဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းထားပြီးဖြစ်၍ အားလုံးပူးပေါင်း ဖြေရှင်းဆောင်ရွက်ကြရန်နှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများအားလုံး ဝန်ကြီးဌာနက ချမှတ်ထားသော မူဝါဒများ၊ လုပ်ငန်းလမ်းညွှန်ချက်များ အတိုင်း မိမိတို့ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေရေး၊ ပြည်သူ့ဘဝတိုးတက်စေရေး၊ လူနေမှုအဆင့် မြင့်မားစေရေးတို့အတွက် မိမိတို့တတ်စွမ်းသည့် အတတ်ပညာ၊ အသိပညာများအား အသုံးချ ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း၊ ပြည်သူမှ ပေါက်ဖွားလာသည့့် ပြည်သူ့ဝန်ထမ်းကောင်း ပီသစွာဖြင့် ပြည်သူ့အတွက် မဆုတ်မနစ်သော ဇွဲ၊ လုံ့လဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း ပြောကြားသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးပြီး တက်ရောက်လာသူများ၊ စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်မည့် ဝန်ထမ်းများ၊ ကျေးရွာအဖွဲ့ ခေါင်းဆောင်များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm