Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းဆင်းပွဲကျင်းပ


21 May,2023

နေပြည်တော်၊ မေ ၂၁

          အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ “အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီး ပေးနိုင် ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း”များအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပါသည်။

          အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ စီမံကိန်းဆောင်ရွက်မည့် ဝန်ထမ်းများ၊ ကျေးရွာအဖွဲ့ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

          ဦးစွာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်း အမှာစကားပြောကြားရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့်အညီ အသေးစားစက်မှုလက်မှုလုပ်ငန်းများ စနစ်တကျ ထွန်းကားစေပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန် မြို့ပြနှင့်ကျေးလက်များအကြား၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး မျှော်မှန်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက် နှင့်အညီ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုကာလတိုသင်တန်းများကို Mobile Team များဖြင့် ကျေးရွာအရောက် သင်ကြားပို့ချပေးပြီး အိုးမကွာ အိမ်မကွာဖြင့် တစ်နိုင်တစ်ပိုင် ကိုယ်ပိုင်လုပ်ငန်းများ ပေါ်ထွက်လာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အတွင်းမှာလည်း “အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး ဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်း”ကို ရုံးချုပ်၊ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကျေးရွာ (၁၅၅)ရွာကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သင်တန်းကို တက်ရောက်လာကြသော ဝန်ထမ်းများနှင့် ကျေးရွာခေါင်းဆောင်များ အနေဖြင့် သင်တန်းပြီးဆုံးသွားသည့် အခါ ကျေးရွာများရှိ ကျန်ကော်မတီဝင်များကို ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချပေးရမည် ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် မိမိဒေသကို ပြန်လည်ရောက်ရှိ၍ သင်တန်းများ ပြန်လည်ပို့ချပေးရာတွင် လက်တွေ့ အသုံးချနိုင်သည်အထိ သင်ကြားပေးစေလိုပါကြောင်း၊ အားလုံးပူးပေါင်း ဆောင်ရွက်နိုင်မှသာ ယခုစီမံကိန်းလုပ်ငန်းသည် အောင်မြင်မည်ဖြစ်ပါကြောင်း၊ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးတို့အတွက် ဆောင်ရွက်သည့် စီမံကိန်း ဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်း အောင်မြင်ပြီး လုပ်ငန်းရှင်များ ပေါ်ထွက်လာပါက ကျေးလက်နေ ပြည်သူများ ဝင်ငွေတိုးပွားလာပြီး လူနေမှုအဆင့်အတန်း မြင့်မားလာမည့်အပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်မှုကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုရာ ရောက်မည်ဖြစ်ပါကြောင်း၊ ဌာနနှင့် ကျေးရွာ အဖွဲ့များ ပူးပေါင်းပြီး မဆုတ်မနစ်သော ဇွဲ၊ လုံ့လဖြင့် ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားပါသည်။

          ယခု ဖွင့်လှစ်ခဲ့သော စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းတွင် စီမံကိန်းဆောင်ရွက်မည့် ဌာနမှဝန်ထမ်းများနှင့် ကျေးရွာခေါင်းဆောင်များအား ဘဏ္ဍာရေးဆိုင်ရာ စာရင်းရေးဆွဲနည်းနှင့် ထိန်းသိမ်းနည်း၊ ဘာသာရပ်၊ ဈေးကွက်ရှာဖွေရေးဆိုင်ရာဘာသာရပ်၊ စီမံကိန်းလုပ်ငန်းများနှင့် သက်ဆိုင်သော အသိပညာပေးခြင်း၊ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်များ ဘေးဥပဒ်ကင်းစင်ရေးဆိုင်ရာ အသိပညာပေးခြင်း၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်နှင့် ကုန်ထုတ်လုပ်ငန်း များ၏ ဝင်ငွေခွန်ဆိုင်ရာ အသိပညာပေးခြင်း၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှု၊ လက်မှု၊ အပ်ချုပ်၊ ရက်ကန်းစသည့် ကုန်ထုတ်လုပ်ငန်း အမျိုးအစားအလိုက် အသိပညာပေးခြင်းတို့ကို ၁၉-၅-၂၀၂၃ ရက်နေ့မှ ၂၁-၅-၂၀၂၃ ရက်နေ့အထိ (၃)ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm