စိုက်ပျိုးရေး၊ မွေးမြူရေး ခေတ်မီစံပြကျေးရွာ(SMART VILLAGE)အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်ရေးကျေးရွာ၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ယနေ့ နံနက် ၁၀ နာရီတွင် သင်တန်းသားများဖြစ်သည့် ကျေးရွာသား၊ ကျေးရွာသူ (၂၃) ဦးဖြင့် သင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သတင်းရရှိသည်။
အခမ်းအနားသို့ ဗန်းမော်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးနှင့် တာဝန်ရှိသူများ၊ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ၊ မန်ရေးကျေးရွာရှိ ရပ်မိရပ်ဖများနှင့် သင်တန်းသားများဖြစ်သည့် ကျေးရွာသား၊ ကျေးရွာသူ (၂၃)ဦးတို့ တက်ရောက်ကြသည်။ ထို့နောက် ခရိုင်ဦးစီးမှူးက သင်တန်းအဖွင့်အမှာ စကားပြောကြားပြီး ယခု သင်တန်းကို ဖွင့်လှစ် သင်ကြားပေးခြင်းဖြင့် ပြည်သူများတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လာနိုင်ခြင်းကြောင့် မိသားစုဝင်ငွေများတိုး ပွားလာစေရန်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်နှင့် ပြည်ပမှတင်သွင်းသော လူသုံးကုန်ပစ္စည်းများကို သုံးစွဲမှုလျော့နည်းလာစေရန် ရည်ရွယ်၍ ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် မန်ရေးကျေးရွာရှိ သင်တန်းသားများဖြစ်သည့် ကျေးရွာသား၊ ကျေးရွာသူ (၂၃) ဦးကို ဘက်စုံသုံးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာ၊ မှန်ကြည်ဆေး၊ သဘာဝခေါင်း လျှော်ရည်၊ မျက်နှာသစ်ဆပ်ပြာခဲ၊ လက်ဆေးဆပ်ပြာရည်၊ ပုဂံဆေးဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာရည်၊ Hand Gel စသည့် လူသုံးကုန်ပစ္စည်း (၁၀)မျိုးကို မေလ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ (၅)ရက်တာကာလအတွင်း စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။