Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းဖွင့်ပွဲကျင်းပ


19 May,2023

နေပြည်တော်၊ မေ ၁၉

          အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ “အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း”များအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပါသည်။

          အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ စီမံကိန်းဆောင်ရွက်မည့် ဝန်ထမ်းများ၊ ကျေးရွာအဖွဲ့ခေါင်းဆောင်များနှင့် တာဝန်ရှိသူ များ တက်ရောက်ကြပါသည်။

          ဦးစွာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်းပညာသင်တန်းများပေးခြင်း၊ လုပ်ငန်းမှတ်ပုံတင်ပေးခြင်း၊ ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်၍ “အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း”များကို ရုံးချုပ်၊ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်(၁၅)ခု၊ ကျေးရွာ (၁၅၅)ရွာကို ရွေးချယ်ပြီး စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ကျေးရွာ(၁၅၅) ရွာ၏ ဒေသထွက်ကုန်ကြမ်းပေါ် အဓိကမူတည်ပြီး အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ဖော်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ ယခု စီမံကိန်းတွင် သင်တန်းပေးခြင်းအပိုင်း နှင့် စက်ပစ္စည်းများ ထောက်ပံ့သည့်အပိုင်း အပိုင်း (၂)ပိုင်းပါဝင်တာဖြစ်လို့ သင်တန်းများပေးရာတွင် ယခင်ပုံမှန်လုပ်နေကျ သင်တန်းများကဲ့သို့ သင်တန်းပေးခြင်းမျိုးမဖြစ်စေဘဲ အမှန်တကယ်ကျွမ်းကျင် သော ဌာနဝန်ထမ်းများက ကျေးရွာက လုပ်ငန်းထူထောင်လိုသူများကို လုပ်ငန်းထူထောင်နိုင်သည်အထိ တတ်ကျွမ်းအောင် သင်ကြားပေးကြရန် မှာကြားလိုပါကြောင်း၊ အလားတူ စက်ပစ္စည်းများထောက်ပံ့ပေး ရာတွင်လည်း ကျေးရွာလုပ်ငန်း ထူထောင်လိုသူများ၏ အမှန်တကယ်လိုအပ်သော စက်ပစ္စည်းများကို ၎င်းတို့ ဆန္ဒသဘောထားနှင့်အညီသာ ဝယ်ယူထောက်ပံ့ပေးကြရန် အဓိကထားမှာကြားလိုပါကြောင်း၊ ကျေးရွာ တစ်ရွာမှာ လုပ်ငန်းထူထောင်လိုသူ (၅)ဦးကို ရွေးချယ်ပြီး လုပ်ငန်းထူထောင်ပေးခြင်းဖြစ်၍ ယခုစီမံကိန်းသာ အမှန်တကယ်အောင်မြင်ပါက စီမံကိန်းပြီးမြောက်သည့်အခါ တစ်နိုင်ငံလုံး အတိုင်းအတာအရ တစ်နှစ်လျှင် အသေးစားကုန်ထုတ်လုပ်ငန်းရှင် (၇၇၅)ဦးကို လုပ်ငန်းထူထောင်ပေးနိုင်မှာ ဖြစ်ပါကြောင်း ပြောကြားပါသည်။

          ဆက်လက်၍ စီမံကိန်းလုပ်ငန်းများ အမှန်တကယ်ဆောင်ရွက်သည့်အချိန်တွင် အခက်အခဲများ ကြုံတွေ့လာပါက သက်ဆိုင်ရာအဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းထားပြီးဖြစ်၍ အားလုံးပူးပေါင်း ဖြေရှင်းဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ လိုအပ်သည်များရှိပါက ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ယခုသင်တန်းဖွင့်လှစ်ပေးခြင်းသည် မိမိတို့၏ဒေသဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးခြင်းဖြစ်သည့်အတွက် ကြိုးကြိုးစားစား သင်ယူကြနှင့် မိမိတို့၏ဒေသကို ပြန်လည်ရောက်ရှိသည့် အချိန်တွင်လည်း စီမံကိန်းလုပ်ငန်းများကို အောင်မြင်အောင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန်မှာကြားလိုပါတယ်။ ယခုစီမံကိန်းကြီး အောင်မြင်ပါက နောင်နှစ်များတွင် ယခုထက်ကျယ်ကျယ်ပြန့်ပြန့် ပြည်သူများ၏ အကျိုးစီးပွားကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်လို့ အခြေခံအုတ်မြစ်ဖြစ်သော ယခုကျေးရွာ(၁၅၅) ရွာဖြင့်စတင်ခဲ့သည့် စီမံကိန်းကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားပါ သည်။

          ထို့နောက် သင်တန်းနည်းပြများက တစ်ဦးချင်း မိတ်ဆက်စကား ပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူးချုပ် နှင့် အဖွဲ့ဝင်များသည် သင်တန်းသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ စီမံကိန်းတာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများ၊ ကျေးရွာအဖွဲ့ခေါင်းဆောင်များနှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

          ယခု ဖွင့်လှစ်သော စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းတွင် စီမံကိန်းဆောင်ရွက်မည့် ဌာနမှဝန်ထမ်းများနှင့် ကျေးရွာ ခေါင်းဆောင်များအား ဘဏ္ဍာရေးဆိုင်ရာ စာရင်းရေးဆွဲနည်းနှင့် ထိန်းသိမ်းနည်း၊ ဘာသာရပ်၊ ဈေးကွက် ရှာဖွေရေးဆိုင်ရာဘာသာရပ်၊ စီမံကိန်းလုပ်ငန်းများနှင့် သက်ဆိုင်သော အသိပညာပေးခြင်း၊ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်များ ဘေးဥပဒ်ကင်းစင်ရေးဆိုင်ရာ အသိပညာပေးခြင်း၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်နှင့် ကုန်ထုတ်လုပ်ငန်း များ၏ ဝင်ငွေခွန်ဆိုင်ရာ အသိပညာပေးခြင်း၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှု၊ လက်မှု၊ အပ်ချုပ်၊ ရက်ကန်းစသည့် ကုန်ထုတ်လုပ်ငန်း အမျိုးအစားအလိုက် အသိပညာပေးခြင်းတို့ကို ၁၉-၅-၂၀၂၃ ရက်နေ့မှ ၂၁-၅-၂၀၂၃ ရက်နေ့အထိ (၃)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm