Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပထမအကြိမ် စုပေါင်းဒုလ္လဘရဟန်းခံ၊ရှင်ပြု၊ သီလရှင်ဝတ် အလှူတော် မင်္ဂလာအခမ်းအနားကျင်းပ


07 May,2022

နေပြည်တော်၊ မေ 

                  သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပထမအကြိမ် စုပေါင်းဒုလ္လဘ ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ်အလှူတော် မင်္ဂလာအခမ်းအနားကို မေလ ၇ ရက်နေ့တွင် သီရိဂန္ဓမာ သပြေအေး မိုးကုတ်ဝိပဿနာကျောင်းတိုက်၌ကျင်းပရာ နိုင်ငံတော်ကောင်စီဝင်များနှင့်ဇနီးများ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးလှမိုးနှင့်ဇနီး ဒေါ်ကြည်ကြည်မေ၊  ပြည်ထောင်စု ဝန်ကြီးများနှင့်ဇနီးများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

                  စုပေါင်းရဟန်းခံ ပထမနေ့ မေလ ၆ ရက်နေ့တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ရုံးအမှတ် (၁၆)မှ စတင်၍ ရှင်လောင်းလှည့်ယာဉ်တန်း ထွက်ခွာလှည့်လည်ခဲ့ပြီး ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီး၏ ညောင်ပင်တွင် နတ်ဒေဝါများ ကူညီစောင့်ရှောက်ပေးနိုင်ရန် မောင်ရှင်လောင်းများအား နတ်ပြခြင်း ပြုလုပ်ခဲ့ကြသည်။ ထို့နောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအားဦးခိုက်၍ လက်ယာရစ် ပူဇော်ခဲ့ကြသည်။ ယင်းနောက် သီရိဂန္ဓမာသပြေအေးမိုးကုတ်ဝိပဿနာကျောင်းတိုက်၊ ဆွမ်းစားဆောင်၌ တာဝန်ရှိသူများက အဆိုပါ ကျောင်းတိုက်ဆရာတော်အမှူးပြုသော သံဃာတော်အရှင်မြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး ကြွရောက်လာသည့် ဧည့်ပရိသတ်များအား နေ့လည်စာဖြင့် ဧည့်ခံ ကျွေးမွေးပါသည်။

                  မွန်းလွဲပိုင်းတွင် မင်္ဂလာဘိသိက်သွန်းခြင်းအခမ်းအနားကို ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး အမှူးရှိသည့် အကြီးအကဲများနှင့် မောင်ရှင်လောင်များ၊ ဧည့်ပရိသတ်များမှ တက်ရောက်ကြပြီး ယဉ်ကျေးမှု မင်္ဂလာဘိသိက်အဖွဲ့မှ မင်္ဂလာဘိသိက်သွန်းခြင်းအခမ်းအနား ပြုလုပ်သည်။ ထို့နောက် ဆံချမင်္ဂလာ ပြုလုပ်ရာ ဦးစွာ နမောတဿ (၃) ကြိမ် ရွတ်ဆိုကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြသည်။ ယင်းနောက် မောင်ရှင်လောင်းများက ဥပစ္ဖျာယ်ဆရာတော် ဦးဂန္ဓမာလာအား ဩကာသကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ကြကာ ဆရာတော်ဦးဂန္ဓမာလာမှ မောင်ရှင်လောင်များအား ဆုပေးချီးမြှင့်သည်။ ဆက်လက်၍ မောင်ရှင်လောင်းများ ဆံချမင်္ဂလာပြုလုပ်ကြသည်။

                  ထိုနောက် ဦးပစ္ဇျာယ်ဆရာတော် ဦးဂန္ဓမာလာထံ ရှင်ပြုအစီအစဉ် ဆောင်ရွက်ပေးပါရန် တောင်းပန်လျှောက်ထားသည်။ ဦးပစ္ဇျာယ်ဆရာတော် ဦးဂန္ဓမာလာမှ ရှင်ပြုခြင်းအစီအစဉ်ဆောင်ရွက်ရာ ရဟန်းလောင်းများမှ ဆရာတော်ထံ သင်္ကန်းပေးခြင်း၊ ဆရာတော်ထံမှ သင်္ကန်းတောင်းခြင်း၊ သင်္ကန်းဝတ် ဆင်ခြင်း၊ ရှင်အဖြစ်တောင်းခံခြင်း၊ သရဏဂုံဆောက်တည် ရှင်ပြုခြင်းနှင့် ဥပစ္ဇျာယ်ယူခြင်းများ ဆောင်ရွက်ကြသည်။ညပိုင်းတွင် ယဉ်ကျေးမှုမြန်မာဆိုင်းအဖွဲ့ဖြင့်ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

                  စုပေါင်းရဟန်းခံရှင်ပြု ဒုတိယနေ့ မေလ ၇ ရက်နေ့တွင် ဥပသမ္ပဒကံဆောင်၍ ရဟန်းခံ မင်္ဂလာပြုခြင်း၊ သိမ်ဝင်ခြင်းနှင့် သိမ်ဆင်းလောင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ဦးပစ္ဇျာယ်ဆရာတော် ဦးဂန္ဓမာလာ ဦးဆောင်၍ ရဟန်းဘောင်ဝင်မည့် သာမဏေများ မင်္ဂလာသိမ်တော်သို့ သိမ်ဝင်ခြင်း၊ သိမ်ဆင်းခြင်းများ ဆောင်ရွက်ကြသည်။ ထို့နောက် ဦးပစ္ဇျာယ်ဆရာတော် ဦးဂန္ဓမာလာ ဦးဆောင်သော ရဟန်းများအား ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးအမှူးရှိသည့် ပရိသတ်အပေါင်းတို့က လှူဖွယ်ဝတ္ထုအစုစု တို့ကို ဆက်ကပ်လှူဒါန်းကြသည်။

                  ယင်းနောက် ရေစက်ချအနုမောဒနာတရား နာကြားခြင်းအခမ်းအနားကို ဆက်လက် ကျင်းပရာ ဦးစွာ ဧည့်ပရိသတ်များက နမောတဿ (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး သီရိဂန္ဓမာသပြေအေးမိုးကုတ်ဝိပဿနာကျောင်းတိုက် ဆရာတော် ဦးဂန္ဓမာလာထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်တို့မှ ရွတ်ပွားသရစ္ဖျာယ်သော မေတ္တာသုတ် ပရိတ်တရားတော်များအား နာယူကြည်ညိုကြပြီး နိုင်ငံတော် ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးအမှူးရှိသည့် ပရိသတ် များက ဆရာတော်အရှင် သူမြတ်များအား လှူဖွယ်ဝတ္ထုအစုစု ဆက်ကပ်လှူဒါန်းကြသည်။ သီရိဂန္ဓမာသပြေအေး မိုးကုတ်ဝိပ ဿနာကျောင်းတိုက်ဆရာတော် ဦးဂန္ဓမာလာထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှု အစုစု တို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ ထို့နောက် ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

                  သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပထမအကြိမ် စုပေါင်းရဟန်းခံရှင်ပြု အလှူတော် မင်္ဂလာအောင်မြင်ခြင်းအထိမ်းအမှတ် ယဉ်ကျေးမှုဆိုင်းအဖွဲ့မှ ဗျောခင်း၍ ပူဇော်ပြီး ပြည်ထောင်စု ဝန်ကြီးနှင့် ဇနီးအမှူးရှိသည့် အကြီးအကဲများက ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။ ထို့နောက် ဆရာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ပထမအကြိမ် ဝန်ထမ်းမိသားစု များ စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော်မင်္ဂလာတွင် ရှင်သာမဏေ (၁၀) ပါး၊ ဒုလ္လဘရဟန်း (၇၉) ပါးနှင့် သီလရှင် (၁၉) ပါးတို့အား သာသနာ့ဘောင်သို့ သွတ်သွင်းခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm