Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မဟာသင်္ကြန်အကြို ပျော်ပွဲရွှင်ပွဲ ကျင်းပ


08 Apr,2023

နေပြည်တော် ဧပြီ ၇

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မဟာသင်္ကြန်အကြို စတု ဒီသာ ကျွေးမွေးခြင်းနှင့် ပျော်ပွဲရွှင်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။ အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးနှင့် ဇနီး နှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဒုတိယ အကြိမ်မြောက် ကျင်းပသော မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဖြစ်ပြီး နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့် မဟာသင်္ကြန်ပွဲတော် ဖြစ်ပါကြောင်း၊ နှစ်သစ်ကူးအထိမ်းအမှတ် ပွဲတော်သာ ကျင်းပရခြင်းမဟုတ်ဘဲ စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ မကောင်းသော အညစ်အကြေးများကို ဆေးကြောခြင်း၊ ဥပုဒ်သီလဆောက်တည်ခြင်း၊ အလှူဒါနပြုခြင်း၊ ပူဇော်ထိုက်သူကို ပူဇော်ခြင်း၊ ရိုသေထိုက်သူကို ရိုသေခြင်းစသည့် မင်္ဂလာတရားတော်များနှင့်အညီ ကုသိုလ်ကောင်းမှုများနှင့် အနှစ်သာရပြည့်ဝသည့် မြန်မာ့ရိုးရာပွဲတော်မြတ်၊ ပွဲတော်ထူးဖြစ်သဖြင့် အဓိပ္ပာယ်ရှိရှိဖြင့် ကျင်းပသော ပွဲတော်ဖြစ်ပါကြောင်း၊ မဟာသင်္ကြန်ပွဲတော်သည် မြန်မာ့ယဉ်ကျေးမှုကို မဏ္ဏိုင်ပြု၍ သင်္ကြန်ရေပက်ဖျန်းခြင်းအလေ့အထနှင့် နှစ်ဟောင်းမှ အညစ်အကြေးများကို ရေစင်ရေသန်တို့နှင့် ပက်ဖျန်းခြင်းဖြင့် စိတ်ကြည်လင်လန်းဆန်းအေးမြစေဖို့ ဖြစ်ပါကြောင်း၊ နိုင်ငံအသီးသီးက လူမျိုး အသီးသီးက မိမိတို့ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့်အညီ နှစ်သစ်ကူးပွဲတော်များ ကျင်းပလေ့ရှိကြ ပြီး မြန်မာ့ယဉ်ကျေးမှုဓလေ့အရ မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲကြ ပါကြောင်း၊ နွေဂိမာန်ရဲ့ ပူပြင်းတဲ့အချိန်မှာ အတာသင်္ကြန်ရဲ့အေးမြတဲ့ မေတ္တာရေစင်ကြောင့် ပါဝင်ဆင်နွှဲသူတိုင်း လန်းဆန်းကြည်နူးကာ တစ်နှစ်တစ်ကြိမ် ဆင်နွှဲရသဖြင့် တန်ဖိုးထားရန် လိုအပ်ကြောင်း၊ နှစ်သစ်ကူးအခါသမယမှာ သက်ကြီးဝါကြီးများအား ပူဇော်သက္ကာယပြုခြင်း၊ ဒုလ္လဘရဟန်းခံဝတ်ခြင်း၊ သီလရှင်ဝတ်ခြင်း စသော ကုသိုလ်ကောင်းမှုများဖြင့် သင်္ကြန်ရုံးပိတ်ရက် များကို အကျိုးရှိရှိ အသုံးချစေလိုကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်နှင့် ဖီလာဆန့်ကျင် သော အပြုအမူ၊ အပြောအဆို၊ စရိုက်လက္ခဏာများ ရှောင်ကြည်ကြစေလိုကြောင်း၊ ဝန်ထမ်းများ အနေဖြင့် မြန်မာ့ရိုးရာသင်္ကြန်ကာလမှာ ရိုးရာယဉ်ကျေးမှု အနှစ်သာရများ၊ အမျိုးသားရေးစရိုက် လက္ခဏာများကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ကြရန် မှာကြားလိုကြောင်း၊ နှစ်ဟောင်းမှ အားနည်းချက်ကို ပြုပြင်ပြီး နှစ်သစ်မှာ ဆတက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အားလုံး ကျန်းမာပျော်ရွှင်စွာဖြင့် နိုင်ငံ့အကျိုး၊ ဝန်ကြီးဌာန အကျိုးကို အတူလက်တွဲပူးပေါင်း ဆောင်ရွက်ကြပါစို့ဟု ဆန္ဒပြုရင်း အားလုံးဘေးကင်းပြီး ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း နှစ်သစ်ဦး မင်္ဂလာစကား ပြောကြားသည်။

          ထို့နောက် ဝန်ကြီးဌာနကိုယ်စားပြု သင်္ကြန်ယိမ်းအဖွဲ့၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီး ဌာနကိုယ်စားပြု သင်္ကြန်ယိမ်းအဖွဲ့များက သင်္ကြန်သီချင်းများဖြင့် ကပြဖျော်ဖြေ တင်ဆက် ကြသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက သင်္ကြန်သီချင်းများဖြင့် သီဆိုဖျော်ဖြေရာ သင်္ကြန်မယ်လေးများက အကအလှများဖြင့် ဖျော်ဖြေ တင်ဆက်ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် ခဲ့သည်။

          ဆက်လက်၍ ဝန်ထမ်းမိသားစုများက နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်တွင် ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲခဲ့ကြပြီး တစ်ဦးနှင့် တစ်ဦး အတာသင်္ကြန်ရေများ ပက်ဖျန်းကြကာ ဦးစီးဌာနအလိုက် ရွှေရင်အေး၊ သာကူ၊ မုန့်လက်ဆောင်း၊ ရေခဲမုန့်၊ ကိတ်များဖြင့် စတုဒီသာများ ဧည့်ခံကျွေးမွေး သည်။

           သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ နှစ်သစ်ကူးအတာ သင်္ကြန်အကြို ပျော်ပွဲရွှင်ပွဲကို နှစ်စဉ်ကျင်းပလျက်ရှိပြီး ယခုနှစ်ဆိုလျှင် ဒုတိယအကြိမ် ပြည့်မြောက် သော အခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်းလည်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm