Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး စိုက်ပျိုးရေးသမဝါယမအသင်းများ ဖွဲ့စည်း၍ မိုးစပါးစိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်


05 Apr,2023

နေပြည်တော် ဧပြီ ၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဧပြီလ ၅ ရက် နေ့၊ မွန်းလွဲပိုင်းက ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော် ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေးသမဝါယမအသင်းများ ဖွဲ့စည်းလျက် နိုင်ငံ့ စီးပွားမြှင့်တင်‌ရေးရန်ပုံငွေဖြင့် မိုးစပါး စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်သည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်း မြို့နယ်၊ မကျီးပင်ကျေးရွာသို့ ရောက်ရှိပြီး နဝင်းချောင်း ယာယီရေထိန်းဆည် တည်ဆောက်နေမှု အား ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်း တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။ အဆိုပါ ရေထိန်းဆည်မှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ပြီး ရေကျော်အလျား (၅၉) ပေ၊ ရေပေးမြောင်းအလျား (၇၉၂၀) ပေဖြင့် စိုက်ပျိုးမြေဧက (၂၀၀) အား ရေပေးဝေသွားမည် ဖြစ်သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မကျီးပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ စပါးစိုက်တောင်သူများနှင့် တွေ့ဆုံ၍ နဝင်းချောင်း ယာယီရေထိန်းဆည်မှ ရေကို အသုံးပြုလျက် နွေသီးနှံများ စိုက်ပျိုးကြရေး၊ ဆက်လက်၍ စိုက်ပျိုးရေးသမဝါယမအသင်း ဖွဲ့စည်းလျက် လာမည့် မိုးစပါးစိုက်ပျိုးရာသီတွင် အထွက်တိုးမျိုးများ စိုက်ပျိုးရေး၊ ထိုသို့စိုက်ပျိုးရာ၌ ကြဲပက်စိုက်ပျိုးခြင်း နည်းစနစ်ကို အသုံးမပြုဘဲ ပျိုးထောင်စိုက်ပျိုးခြင်းစနစ်၊ တိုက်ရိုက်အစေ့ချစိုက်ပျိုးခြင်းစနစ်တို့ကို အသုံးပြုစိုက်ပျိုးကြရေး တိုက်တွန်းပြောကြားခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ရှားတောကျေးရွာအုပ်စု၊ စံပြ ဂွေးပင်ကျေးရွာသို့ သွား‌ရောက်ပြီး စံပြဂွေးပင် စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်း၊ ရှားတော စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်း၊ ချောင်းကမ်းကြီး စိုက်ပျိုးရေးနှင့် အထွေထွေ သမဝါယမအသင်းတို့မှ အသင်းသားတောင်သူလယ်သမားများနှင့် တွေ့ဆုံ၍ စိုက်ဧက (၂၄၇.၆၀) ဧကတွင် လက်ရှိစိုက်ပျိုးထားသော ပဲတီစိမ်းသီးနှံများ ရိတ်သိမ်းပြီးချိန်၌ အထွက်တိုးမျိုးများဖြင့် မိုးစပါး ဆက်လက်စိုက်ပျိုးနိုင်ရန် ကြိုတင်ပြင်ဆင်‌ဆောင်ရွက်ရေး၊ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အသင်းအဖွဲ့များက ကူညီပံ့ပိုးဆောင်ရွက်ပေးမည့် အခြေအနေ တို့ကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ကျေးရွာအလိုက် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ တင်ပြမှုအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကွင်းအမှတ် ၂၀၄၄ ရှိ အသင်းသားပိုင်လယ်မြေ (၉.၈၈) ဧကတွင် GW-11 အထွက်တိုးမျိုးစပါးများအား စိုက်နည်းစနစ် ၃ မျိုးဖြင့် စမ်းသပ်စိုက်ပျိုး ထားမှုကို ကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm