Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


04 Apr,2023

နေပြည်တော် ဧပြီ ၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဧပြီလ ၃ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသော နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေဖြင့် နွေးစပါးစိုက်ပျိုးရေးလုပ်ငန်းများ၊ ‌ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ကျေးလက်လမ်းလုပ်ငန်းများနှင့် အသက်မွေးဝမ်း‌ကျောင်း အထောက်အကူပြု သင်တန်း ဖွင့်လှစ်ပို့ချနေမှုတို့အား ကွင်းဆင်းစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် ကျီးမနိုးကျေးရွာအုပ်စုရှိ လူငယ်အားမာန် စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းလီမိတက်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ကန်ထရိုက်လယ်ယာစနစ် နွေစပါး (၉၅)ဧက စိုက်ပျိုးနေမှုအား ကြည့်ရှုစစ်ဆေးရာ အသင်းအမှုဆောင်များ၊ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ်  ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး၊ မိသားစုဝင်ငွေတိုးပွားရေးတို့အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထောက်ပံ့ပေး ထားကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မိမိတို့ သမဝါယမနှင့် ‌ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ၎င်းစီမံကိန်းလုပ်ငန်းများ အောင်မြင်ရေး စဉ်ဆက် မပြတ် ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်နေပါကြောင်း၊ ဖြူးမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံ ငွေဖြင့် နွေစပါး စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် မျိုး၊ သွင်းအားစု၊ နည်းပညာ၊ အရင်း အနှီးများ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အမှန်တကယ် ဆောင်ရွက်လိုသူများဖြင့် သမဝါယမအသင်း အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများအောင်မြင်ရေး သက်ဆိုင်ရာ တာဝန် ရှိသူအသီးသီးက ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သမဝါယမအသင်းသား တောင်သူများအနေဖြင့် စိုက်ပျိုးမြေများကို အကျိုးရှိစွာအသုံးချရန်နှင့် အသင်းပိုင်လယ်ယာသုံး စက်ပစ္စည်းများ ပုံမှန်လည်ပတ်နိုင်ရေး စီမံဆောင်ရွက်ကြရန် မှာကြားကာ နွေစပါး စိုက်ပျိုးမည့် တောင်သူသမဝါယမအသင်းသားများ၏ လုပ်ငန်းလိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့သည်။ ဆက်လက်ပြီး လူငယ်အားမာန် သမဝါယမအသင်းသား တောင်သူများ၏ စိုက်ဧကများတွင် အထွက်တိုးမျိုးစပါးများ ဖြစ်သော GW-11 နှင့် ထိုင်းနှံကောက် မျိုးစပါးများ စိုက်ပျိုးဖြစ်ထွန်း အောင်မြင်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာတွင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မဲခေါင်-လန်ချန်း စီမံကိန်း ရန်ပုံငွေဖြင့် မဲခေါင်-လန်ချန်းနိုင်ငံ များအကြား ဆင်းရဲမှုလျော့ချရေးဆိုင်ရာစံပြကျေးရွာထူထောင်ခြင်းစီမံကိန်းဖြင့် ဆောင်ရွက်နေသော ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။ အဆိုပါစီမံကိန်းသည် ဒေသခံပြည်သူများ၏ လူနေမှုအဆင့်အတန်းနှင့် လူမှုစီးပွားဘဝ မြင့်မားလာစေရန်၊ ကျေးရွာအဆင့်အုပ်ချုပ်ရေး အဖွဲ့ အစည်းများနှင့် ကျေးရွာသူ၊ ကျေးရွာသားများ၏ စွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာစေရန်နှင့် မဲခေါင်-လန်ချန်းနိုင်ငံများအကြား ဆင်းရဲဆင်းနွမ်းပါးမှု လျော့ချရေးဆိုင်ရာ အတွေ့အကြုံနှင့် ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါစီမံကိန်းမှ ကျေးရွာ ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအပေါ် အခြေခံသည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ မိသားစုဝင်ငွေတိုးပွားရေး လုပ်ငန်းများ၊ သွင်းအားစုထောက်ပံ့ခြင်း၊ နည်းပညာနှင့် စွမ်းရည်မြှင့်တင်ခြင်းလုပ်ငန်းများ၊ ဈေးကွက်ချိတ်ဆက်ပေးခြင်း လုပ်ငန်းများအပြင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  

ပြည်ထောင်စုဝန်ကြီးသည် ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာတွင် ဆောင်ရွက်သော စံပြကျေးရွာ ထူထောင်ခြင်းလုပ်ငန်းတွင်  ပေ (၈၀၀) ဂဝံမြေနီခင်းခြင်းလုပ်ငန်း၊ Slab Culvert ၊ Pipe Culvert တည်ဆောက်ခြင်းလုပ်ငန်း၊ ကုန်ထုတ်လမ်း အုတ်စီမြေကာနံရံ တည်ဆောက်ခြင်းလုပ်ငန်း၊ ဥယျာဉ် ခြံများ စိုက်ပျိုးရေရရှိရေး အတွက် ဂါလံ (၂၄၀၀)ဆံ့ အမြင့်ရေစင် တည်‌ဆောက်ခြင်းလုပ်ငန်း၊ စက် ရေတွင်းမှ ဆိုလာရေတင် စနစ်လုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ မဲခေါင်-လန်ချန်း စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက် ပေးခဲ့သည့် လုပ်ငန်းများသည် တောင်သူ (၂၇၅) ဦးနှင့် စိုက်ပျိုးဧက (၁၆၀၀) ဧကတို့အတွက် အကျိုးပြုနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။ နောင်ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းမှ Work Plan နှင့် Procument Plan ရေးဆွဲခြင်း၊ တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါခေါ်ယူခြင်း၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)ဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးရေး လုပ်ငန်းအတွက်‌ ကျေးရွာသူ/သားများ လေ့လာရေးခရီးစဉ်သွားရောက်ရန်တို့ကို ဆက်လက်ဆောင် ရွက်ပေးသွားမှာဖြစ်ကြောင်း သိရှိရပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာမှ ထွက် ရှိသော သံပန်း၊သံတံခါး၊ လယ်ယာသုံးပစ္စည်းများ၊ မီဖိုချောင်သုံးပစ္စည်းများ၊ အပ်ချုပ်စက်၊ လယ်ထွန် စက်၊ ပြည်ပပို့ကုန်များ အစရှိသည့် ပစ္စည်းအမျိုးပေါင်း (၂၀၀) ကျော်အား ကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာ (၁၁) ရွာ၊ အိမ်ခြေ (၁၈၅၉) အိမ်နှင့် လူဦးရေ (၈၀၂၂) ဦးတို့အတွက် အကျိုးဖြစ်ထွန်းစေမည့် အဝိုင်း-ခုံတိုင်-ကျိုက်ဒေးယုံလမ်း အရှည် (၄)မိုင် (၂) ဖာလုံ ကျောက်ချောခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ ရှင်းလင်းတင်ပြမှုအ‌ပေါ် ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းများအား ဘဏ္ဍာနှစ်အလိုက် သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရေး၊ ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် တာဝန် ရှိသူအားလုံးက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရေး မှာကြားကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနရုံးသို့ ရောက်ရှိပြီး သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်ပို့ချနေမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက သင်တန်းကာလ၊ တက်ရောက်သူဦးရေနှင့် ဖွင့်လှစ်ပို့ချနေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။ တင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးကို အထူးအလေးထား‌ ဆောင်ရွက်ပေး နေပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ပြည်သူများ အတွက် အမှန်တကယ် အကျိုးရှိထိရောက်ပြီး ဝင်ငွေတိုးပွားစေမည့် သင်တန်းများ ပို့ချပေးနေ ပါကြောင်း၊ သင်တန်းအောင်မြင်ပြီး ထူးချွန်သင်တန်းသားများ ဆက်လက်ရပ်တည်နိုင်ရေးအတွက် လိုအပ်သည့် အရင်းအနှီး၊ နည်းပညာပံ့ပိုးမှုများ ထောက်ပံ့ပေးရမည်ဖြစ်ကြောင်း၊ သင်တန်းသား/ သူများအနေဖြင့်လည်း ရည်မှန်းချက်၊ မျှော်မှန်းချက်ကြီးစွာဖြင့် ကြိုးစားလေ့လာသင်ယူကြစေလို ကြောင်း ပြောကြားကာ သင်တန်းသား/ သူများ၏ လက်တွေ့သင်ယူနေမှုတို့အား အားပေးကြည့်ရှု ခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်နှင့် ကဝ မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးနှင့် ပဲတီစိမ်း စိုက်ပျိုးနေသည့် သမဝါယမအသင်းသားတောင်သူများနှင့် တွေ့ဆုံပြီး တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ အတွက် လိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက အသင်းသားတောင်သူများအနေဖြင့် နိုင်ငံတော်ကချေးယူးထားသည့် စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးသွင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် သို့မှသာ တောင်သူများ၏ မျိုး၊ သွင်းအားစု၊ ဓာတ်မြေဩဇာနှင့် နည်းပညာလိုအပ်ချက်များအပေါ် ဆက်လက် ပံ့ပိုး ဆောင်ရွက်ပေးနိုင်မည်ဟု မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm