Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ (၄၇) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား တက်ရောက်


31 Mar,2023

နေပြည်တော် မတ် ၃၁

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ (၄၇)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား ကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၆) နေပြည်တော် ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယနေ့သည် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ (၄၇)နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပြီး ဦးစီးဌာနအတွက် ဂုဏ်ယူစရာ နေ့ တစ်နေ့ ဖြစ်ပါကြောင်း၊ ဌာနတစ်ခုဟာ နှစ်ပေါင်းများစွာ တည်တံ့အောင်မြင်ဖို့ဆိုတာ ဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ဝန်ထမ်းများရဲ့ အားထုတ်ကြိုးပမ်းမှု မှတ်တိုင်တစ်ခုလည်း ဖြစ်ပါကြောင်း၊ ခေတ်အဆက်ဆက်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ဝန်ထမ်းများရဲ့ လက်ဆင့်ကမ်းအမွေဆက်ခံမှု တစ်ခုလည်းဖြစ်ကြောင်း၊ ယခင်က အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနဟာ အိမ်တွင်းစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနအမည်နဲ့ သမဝါယမဝန်ကြီးဌာနအောက်မှာ အိမ်တွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးဖို့ တာဝန်ယူဆောင်ရွက်ခဲ့ပါကြောင်း၊ ယနေ့အခါမှာတော့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအောက်မှာ ကျေးလက်ဒေသများ လူမှုစီးပွားဘဝဖွံ့ဖြိုးဖို့ အရေးပါတဲ့ အသေးစား စက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းတွေ ပေါ်ပေါက်လာဖို့ ဝန်ကြီးဌာနအောက်မှာရှိတဲ့ အခြားသော ဦးစီးဌာနများနဲ့ ပူးပေါင်းပြီး ဟန်ချက်ညီညီ ကြိုးပမ်းဆောင်ရွက်နေတဲ့ ဦးစီးဌာနတစ်ခုဖြစ်နေပြီ ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် အရေးကြီးသော အသေးစား၊ အငယ်စား၊ အလတ် စားစီးပွားရေး MSME လုပ်ငန်းများ အောင်မြင်ရန် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်လျက်ရှိတဲ့ အသေးစားစက်မှုလက်မှုလုပ်ငန်းများဟာ အရေးကြီးပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် စွမ်းဆောင်ရည်ဆု၊ ခရိုင်အဆင့် စွမ်းဆောင်ရည်ဆု၊ ရက်ကန်း ကျောင်းများအဆင့် စွမ်းဆောင်ရည်ဆုစတဲ့ စွမ်းဆောင်ရည်ဆု (၆) မျိုးကို ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ပြီး စွမ်းဆောင်ရည် ဂုဏ်ပြုမှတ်တမ်းလွှာ (၂) ခုကိုလည်း ချီးမြှင့်သွားမည် ဖြစ်ကြောင်း၊ ဆုများကို ထိုက်ထိုက်တန်တန်ရရှိခဲ့ကြတဲ့ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ ရက်ကန်းကျောင်းများနဲ့ အရာထမ်း၊ အမှုထမ်းများအား ဝန်ကြီးဌာနကိုယ်စား အထူးပင်ဂုဏ်ယူပါကြောင်း၊ ယခုလို ထူးချွန် ဆုများ ချီးမြှင့်တာဟာ မင်္ဂလာတရားတော်နဲ့အညီ ဆောင်ရွက်ခြင်းဖြစ်သလို ဌာနအနေနဲ့ လုပ်ငန်း စွမ်းဆောင်ရည်တွေ ပိုမိုထက်မြက်လာဖို့ အထောက်အပံ့ဖြစ်တာကြောင့် နှစ်စဉ်ဆောင်ရွက်ပေးဖို့ ပြောကြားလိုပါကြောင်း၊ ဝန်ထမ်းများအားလုံးကလည်း ဆုရရှိသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဝန်ထမ်းကောင်းတစ်ယောက် ပီသစွာနေထိုင်ကြဖို့နဲ့ နိုင်ငံနှင့် လူမျိုးအပေါ်၊ မိမိတို့ဌာနအပေါ် သစ္စာရှိရှိ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြဖို့ တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး/ပြည်နယ်အဆင့်၊ စွမ်းဆောင်ရည် အကောင်းဆုံးဆုရရှိသော ရှမ်းပြည်နယ်နှင့် ခေါင်းဆောင်မှု ထူးချွန်ဆုရရှိသော ရခိုင်ပြည်နယ်၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့အား ပြည်ထောင်စုဝန်ကြီး ဦးလှမိုးကလည်းကောင်း၊ (ရက်ကန်းကျောင်းများ အဆင့်) စွမ်းဆောင်ရည်အကောင်းဆုံးဆုရရှိသော စစ်တွေ ရက်ကန်းနှင့့် အသက်မွေးပညာသင်တန်းကျောင်းနှင့် (ခရိုင်ရုံးများအဆင့်) စွမ်းဆောင်ရည်အကောင်းဆုံး ရရှိသော မင်းဘူးခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့အား ဒုတိယဝန်ကြီး ဦးမြင့်စိုးကလည်း ကောင်း၊ အမှုထမ်းအဆင့် ၀န်ထမ်းထူးချွန်ဆုရရှိသူ (၁) ဦးနှင့် အရာထမ်းအဆင့်  ဝန်ထမ်းထူးချွန်ဆု ရရှိသူ (၁) ဦးတို့ကို အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်ကလည်းကောင်း၊ ဂုဏ်ပြုဆုရရှိသော ကုမ္ပဏီ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ရရှိသော MCRD Micro Mart တွင် ရောင်းအားအကောင်းဆုံးနှင့် အမြတ်ငွေအများဆုံး ပေးသွင်းနိုင်ခဲ့သည့် စီမံကိန်းဌာနခွဲတို့အား ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုး ကလည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနရုံး၌ ဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ နေ့လည်စာသုံးဆောင်ကြပြီး ဒါဘာပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဝန်ထမ်းများတင်ပြသော ဝန်ထမ်းအိမ်ရာလိုအပ်ချက် အဆင်ပြေ အောင် ဆောင်ရွက်မည့်အစီအမံများ၊ သက်သာချောင်ချိရေး ဆောင်ရွက်ပေးမည့် အစီအမံများ၊ ကျေးလက်လမ်းလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ကြရန်၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်း နှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာနှစ်အလိုက် စံချိန်စံညွှန်း အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရေး မှာကြားကာ ဝန်ထမ်းများ၏ လိုအပ်ချက်များ တင်ပြမှု အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm