Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး ဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အလုပ်ရုံဆွေးနွေးပွဲကျင်းပ


28 Mar,2023

နေပြည်တော်၊ မတ် ၂၈

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကွင်းဆင်းသည့်အချိန်တွင် မြေပြင်၌ ကြုံတွေ့ နေရသော လုပ်ငန်းများအပေါ် ဖြေရှင်းဆောင်ရွက်နိုင်ရန်၊ ဆောင်ရွက်မည့်နည်းလမ်းများ ပြင်ဆင် သတ်မှတ်နိုင်ရန်နှင့် အောင်မြင်သည့် စီမံကိန်းလုပ်ငန်းတစ်ခုဖြစ်ပေါ်လာစေရေး ကြိုတင်ပြင်ဆင် နိုင်ရန်ရည်ရွယ်၍ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး ဆောင်ရွက် မည့် စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် အဆိုပါ ဦးစီးဌာနရှိ Incubation Centre ၌ ကျင်းပပြုလုပ်ပါသည်။

          အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ဒုတိယ ညွှန်ကြားရေးမှူးများ၊ ခရိုင်မှူးများ၊ စီမံကိန်းတာဝန်ခံအရာရှိများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပါသည်။

          ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ ဦးစီးဌာနအနေဖြင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသထွက်ကုန်ကြမ်းအပေါ် အခြေခံပြီး အသက်မွေးဝမ်း ကျောင်းပညာကာလတိုသင်တန်းများ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါကြောင်း၊ သင်တန်းဆင်းများထဲမှ လုပ်ငန်းထူထောင်လိုသူများကို သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီးရင်းနှီးပစ္စည်းများထောက်ပံ့ ပေးခြင်း၊ နည်းပညာပံ့ပိုးပေးခြင်းနှင့် ဈေးကွက်ချိတ်ဆက်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်းလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းလက်စွဲစာစောင်ကိုလည်း ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်ကလည်း စီမံကိန်းလုပ်ငန်းဒေသရွေးချယ် ခြင်းနှင့် စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီဝင် ရွေးချယ်ခြင်းများ ဆောင်ရွက်နိုင် ရန်အတွက် ကွင်းဆင်းဆောင်ရွက်နေကြသည်ကို သိရှိရပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ရုံးချုပ်က ဖြန့်ဝေထားသည့် လက်စွဲစာစောင်ပါ သတ်မှတ်ချက်များဖြင့် လက်တွေ့ကွင်းဆင်း ဆောင်ရွက်ရာမှာ ကြုံတွေ့ရသော အခြေအနေများအပေါ် အခြေခံပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ အတွက် အလုပ်ရုံဆွေးနွေးပွဲကို ခေါ်ယူရခြင်းဖြစ်၍ တက်ရောက်လာသူများ အနေဖြင့် လက်တွေ့ကွင်းဆင်း ဆောင်ရွက်ရာတွင် မိမိတို့ ကြုံတွေ့ရသော အခက်အခဲ၊ အားသာချက်၊ အားနည်းချက်များကို တင်ပြ ဆွေးနွေးပေးကြရန်  လိုပါကြောင်း ပြောကြားပါသည်။

          ထို့နောက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး စီမံကိန်းလက်စွဲစာစောင်အပေါ် ပြင်ဆင် ဖြည့်စွက်ချက်များအား အသီးသီးဆွေးနွေးတင်ပြကြပြီး မြေပြင်၌ လက်တွေ့ကွင်း ဆင်းဆောင်ရွက်ရာ တွင် ကြုံတွေ့ရသော အခက်အခဲမျာ၊ အားသာချက်၊ အားနည်းချက်များ နှင့် စီမံကိန်းလုပ်ငန်းများကို ပြန်လည်တင်ပြခဲ့ကြပါသည်။

          အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို (၂၈-၃-၂၀၂၃) ရက်နေ့မှ (၂၉-၃-၂၀၂၃)ရက်နေ့အထိ ရုံးချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်ရုံးများမှ ဝန်ထမ်း (၅၀)ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm