Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဆန်စက်များ အမြန်ဆုံး ပြန်လည်လည်ပတ်နိုင်ရေး သမဝါယမစနစ်ဖြင့် ဆောင်ရွက်သွားမည်


29 Apr,2022

နေပြည်တော် ဧပြီ ၂၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်၊ မအူတော ကျေးရွာအုပ်စု၊ စိမ်းစားပင်ကျေးရွာရှိ ရွှေဇေယျာ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ စမ်းသပ်လည်ပတ်လျက်ရှိသော ဆန်စက်အား ကွင်းဆင်းကြည့်ရှု စစ်ဆေးပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ မအူတောကျေးရွာအုပ်စု၊ စိမ်းစားပင်ကျေးရွာရှိ ရွှေဇေယျာစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမ အသင်းမှ တာဝန်ရှိသူများ၊ စက်ရုံတာဝန်ခံများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက ရွှေဇေယျာ သမဝါယမအသင်းမှ အသင်းသားများအတွက် စိုက်ပျိုးစရိတ်ထုတ်ပေးခြင်း၊ သွင်းအားစုများ ထောက်ပံ့ခြင်း၊ ခြွေလှေ့စက်အပါအဝင် မျိုးစပါးများ ထောက်ပံ့ခြင်းတို့ကို သမဝါယမ Contract Farming စနစ်ဖြင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အသင်းသား (၁၃၅)ဦး၏ လယ်ဧက (၅၁၀)မှ ထွက်ရှိသော စပါးများကို ကြိတ်ခွဲဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး အသင်းသားများထဲမှ ဝယ်ယူပြီးသော စပါးများကို ကြိတ်ခွဲရောင်းချခြင်းဖြင့် ရရှိလာသော အမြတ်များအား အသင်းသားများထံသို့ ပြန်လည်ခွဲဝေပေးခြင်း၊ အသင်းသားများက ရောင်းချသည့် စပါးအပေါ်တွင်လည်း  အသင်းအနေဖြင့် ကုန်ဝယ်ပြန်အမ်း (Refund) စနစ်များ ဆောင်ရွက် ပေးခြင်းဖြင့် အသင်းသားများ ဝင်ငွေပိုမိုတိုးတက်ရရှိပြီး အသင်းအနေဖြင့်လည်း ထိုက်သင့်သည့် ရန်ပုံငွေများ တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ဈေးကွက်ဖော်ဆောင်ခြင်းအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ် သမဝါယမအသင်းစုချုပ်များနှင့် မြို့နယ်သမဝါယမအသင်းစုများမှ ဖြန့်ဖြူးရောင်းချမည့် အဖွဲ့များ စနစ်တကျဖွဲ့စည်းပြီး အခြေခံသမဝါယမအသင်းသားပြည်သူများထံသို့ အသင့်စားသုံး ဆန်များကို မှန်ကန်သော ဈေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းဖြင့် သမဝါယမပုံရိပ် ကောင်းများ ဖြစ်ပေါ်လာမည့်အပြင် ဆန်စက်လုပ်ငန်းကိုလည်း စဉ်ဆက်မပြတ် လည်ပတ် ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း၊ ရွှေဇေယျာ အခြေခံသမဝါယမအသင်းအနေဖြင့် ဆန်စက်မှ ထွက်ရှိသော ကုန်ချောပစ္စည်းများကို သမဝါယမအသင်းအချင်းချင်း တိုက်ရိုက် ချိတ်ဆက် ဖြန့်ဖြူး ရောင်းချဆောင်ရွက်ခြင်းဖြင့် အသင်းဝင်ငွေကောင်း ရရှိအောင် ဆောင်ရွက်နိုင်မည့်အပြင် ထွက်ကုန် ပစ္စည်းများကို အသင်းမှ ပိုမိုရောင်းချနိုင်ခြင်းဖြင့် ဆန်စက်လုပ်ငန်းမှာ ပိုမိုဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပါကြောင်း၊ ဆန်စက်၏ ပြင်ဆင်ရမည့် အစိတ်အပိုင်းများကို ပြင်ဆင်ပြီး စဉ်ဆက်မပြတ် လည်ပတ်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး ဆန်စက် အတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပါသည်။

၎င်းဆန်စက်သည် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ KOICA တို့ ဆန်စက် တည်ထောင်နိုင်ရေး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပြီး ရွှေဇေယျာ စိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမအသင်းမှ တာဝန်ယူဆောင်ရွက်နေသော ဆန်စက်ဖြစ်ပြီး အသင်းဝင်ငွေ တိုးပွားရေးအတွက် ရွှေဇေယျာသမဝါယမအသင်းနှင့် မင်းဆက်စံသမဝါယမအသင်းတို့ ပူးပေါင်း၍ ဆန်စက် ပြန်လည် လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ ဆန်စက်မှာ တစ်လလျင် တင်း (၃၀၀၀၀) ကြိတ်ခွဲနိုင်ပြီး အခြောက်ခံမှုအနေဖြင့် တစ်လလျင် တင်း(၆၀၀၀၀)ကို အခြောက်ခံနိုင် မည်ဖြစ်ပါသည်။ စပါးချိန်စက်၊ အစိုဓာတ်တိုင်းတာစက်၊ အခြောက်ခံစက်၊ သိုလှောင်စက်၊ ကြိတ်ခွဲစက်၊ စပါးအခွံချွတ်စက်၊ သန့်စင်စက်၊ ဖွတ်စက်၊ အရောင်တင်စက်၊ အရောင်ရွေးစက်၊ ဆန်အရည်အသွေး ခွဲခြားတိုင်းတာစက်တို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး ဆန်စက်အနေဖြင့် တစ်နှစ်လျှင် (၁၀)လ လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm