Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တွံတေးမြို့နယ် ရွှေမုယင်းဒေသသို့ ဆက်သွယ်ထားသည့် မြေသားကုန်ထုတ်လမ်းအား ကွန်ကရစ်လမ်းခင်း


20 Feb,2023

ရန်ကုန် ဖေဖော်ဝါရီ ၁၉

      ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့အစီအစဉ်ဖြင့် တွံ့တေးမြို့နယ် ရွှေမုယင်းဒေသသို့ ဆက်သွယ် ထားသည့် မမျိုးစု၊ ကင်းရွာ၊ ခရမ်းဝ၊ ရေတွင်းကုန်း၊ ကွင်းပေါက် ကျေးရွာချင်းဆက် မြေသား ကုန်ထုတ် လမ်းအရှည် ၇ မိုင် ၆ ဖာလုံကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ၆ဝ ရာခိုင်းနှုန်းကျော်ပြီးစီး၍ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အမြန်ပြီးစီးရန်ကြိုးပမ်းလျက်ရှိသည်။

ဆက်သွယ်ရေးအခက်ခဲများရှိ

      အဆိုပါ ရွှေမုယင်းဒေသသည် တွံတေးမြို့နယ်အတွင်း၌တည်ရှိသော်လည်း လှိုင်သာယာမြို့နယ် စက်မှုဇုန်များနှင့် အလွန်နီးကပ်သဖြင့် မမျိုးစု၊ ကင်းရွာ၊ ခရမ်းဝ၊ ရေတွင်းကုန်းနှင့် ကွင်းပေါက်ကျေးရွာများရှိ ပြည်သူများသည် မိုးစပါး ရိတ်သိမ်းချိန်အလွန်တွင် အလုပ်အကိုင်အခွင့်အလမ်းဖြင့် လှိုင်သာယာ စက်မှုဇုန်များတွင် ဝင်ရောက် လုပ်ကိုင်ကြသည်။ ထိုသို့ အလုပ်သမားများသွားလာ မှုအဆင်ပြေစေရန် စက်မှုဇုန်ရှိ စက်ရုံ မော်တော်ယာဉ်များသည် အနီးဆုံးရွာသို့လာရောက် ကြိုပို့ ပေးနိုင်သော်လည်း မိုးရာသီတွင် လမ်းပန်းဆက်သွယ်ရေး အခက်ခဲများရှိသဖြင့် အလုပ်မဆင်းနိုင်သူ များလည်းရှိသည်။

     ရွှေမုယင်းဒေသတွင် ငါးကန်များ အမြောက်အမြားရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် စီးပွားရေးများ မျှော်မှန်းသလောက်မရရှိကြောင်း၊ ထို့ပြင် ယင်းဒေသသည် မိုးစပါးအပြင် အခြားသီးနှံစိုက်ပျိုးသူ နည်းပါးသဖြင့် ကျေးရွာရှိပြည်သူများသည် နီးစပ်ရာစက်မှုဇုန်များတွင် ဝင်ရောက်လုပ်ကိုင်နေရကြောင်း ဒေသခံတစ်ဦးကပြောသည်။

   ရွှေမုယင်းဒေသ ကျေးရွာ ကုန်ထုတ်ကွန်ကရစ်လမ်း အမြန်ပြီးစီးနိုင်ရေးနှင့် လုပ်ငန်းများ ထိရောက်စွာ အနီးကပ်ကြီးကြပ်ဆောင်ရွက် နိုင်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)၏ ကွန်ကရစ် ဖျော်စက်ကို ကွင်းပေါက်ကျေးရွာ အနီးရွှေ့ပြောင်းဆောင်ရွက်လျက်ရှိရာ ယခုအခါ ကွန်ကရစ်ခင်းမှုကို အချိန်နှင့်တစ်ပြေးညီပြီးစီးနိုင်ရေးအပြင် အရည်အသွေးပြည့်မီပြီး ရေရှည်အသုံးပြုနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တိုးတက်ဖွံ့ဖြိုး

     ယင်းဒေသတွင် လျှပ်စစ်မီး အသုံးပြုနိုင်သည့်အပြင် လှိုင်သာယာစက်မှုဇုန်နှင့် နီးကပ် စွာရှိခြင်း၊ တွံတေးအဝေးပြေးလမ်း နှင့် ပေါင်းကူးဆက်သွယ်သွားလာနိုင်ခြင်းတို့ကြောင့် ကွန်ကရစ်လမ်း ပြီးစီးချိန်တွင် မြို့ပြနှင့် ကျေးလက်လူမှုစီးပွား နေထိုင်မှုဘဝ ကွာဟမှုကိုလျှော့ချနိုင်ပြီး ကျေးလက် ကုန်ထုတ်မြေသား လမ်း ၇ မိုင်ကျော်ကို ကွန်ကရစ် ခင်းကျင်းမှုပြီးစီးပါက တွံတေးမြို့  နယ်အတွင်းရှိ ဆန်စပါးနှင့်အခြား သီးနှံများ၊ ငါးမွေးမြူရေးလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံလုပ်ငန်းများ ယခုထက် တိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း သိရသည်။

စောသိန်းဝင်း

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm