Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအစည်းအဝေး (၁/၂၀၂၂) ကျင်းပ


28 Apr,2022

နေပြည်တော် ဧပြီ ၂၈

တောင်သူလယ်သမားများ၏ မိုးစပါးရာသီအမီ စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်နေသော အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီပြီး ဈေးနှုန်းသင့်တင့်သည့် ယူရီးယားမြေဩဇာများ ဖြန့်ဖြူး ရောင်းချနိုင်ရေးအတွက် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ အစည်းအဝေး (၁/၂၀၂၂) ကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ရုံးအမှတ် (၁၆)၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အစည်းအဝေးသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်‌ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံ မျိုးစေ့၊ မြေဩဇာနှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

အဆိုပါ အခမ်းအနားတွင် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယခင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၃၁-၃-၂၀၂၂) ရက် နေ့တွင် ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း၊ ယခု ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင် ကော်မတီအစည်းအဝေး (၁/၂၀၂၂) ကို  ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ (၇-၄-၂၀၂၂) ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ဦးဆောင်ကော်မတီနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီများကို ဖွဲ့စည်းပေးထားပြီး ဖြစ်ပါကြောင်း၊ မိမိတို့ဦးဆောင်ကော်မတီအနေဖြင့် ယူရီးယားအပါအဝင် လိုအပ် သည့်မြေဩဇာများကို တရုတ်နိုင်ငံမှ G to G စနစ် ဝယ်ယူတင်သွင်းခွင့်ရရှိရေး နိုင်ငံခြားရေးဝန်ကြီး ဌာန၊ သံတမန်လမ်းကြောင်းမှတစ်ဆင့် ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေအရ ပြည်ပဈေးကွက်မှာ တည်ငြိမ်နေသည်ဟု ယူဆနိုင်ပါကြောင်း၊ နိုင်ငံခြားငွေကိစ္စနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က (၃-၄-၂၀၂၂) ရက်တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားပြီး ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံဘက်မှ ခွင့်ပြုချက်မရမီ အချိန်အတွင်း Consortium အဖွဲ့အနေဖြင့် အခြားနိုင်ငံများမှ တင်သွင်းပေးနိုင်မည့် မြေဩဇာများရှိပါက ရရှိနိုင်မည့် တန်ချိန်နှင့် မိုးစပါးအမီ ဝယ်ယူတင်သွင်းနိုင်ရေးနှင့် မတင်သွင်းမီ ကြိုတင်ဆောင်ရွက်ရမည့် အစီအစဉ်များကို ဆွေးနွေး ပေးစေလိုပါကြောင်း၊ ယူရီးယားမြေဩဇာများ အချိန်မီ ဖြန့်ဖြူးနိုင်ရေးအတွက် မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းပါဝင် ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၊ အတွင်း ရေးမှူး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က (၃၁-၃-၂၀၂၂) ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအားလည်းကောင်း၊ Consortium အဖွဲ့ ကိုယ်စားလှယ်တစ်ဦးက အခြားနိုင်ငံများမှ တင်သွင်းပေးနိုင်မည့် မြေဩဇာများ၏ ဈေးနှုန်းအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များအားလည်းကောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက တင်သွင်းဖြန့်ဖြူးရောင်းချပေးမည့် မြေဩဇာ များအား တိုင်းဒေသကြီး၊ ပြည်နယ်များမှ အသုံးပြုသွားမည့် အစီအစဉ်များအားလည်းကောင်း၊ တက်ရောက်လာကြသော ဦးဆောင်ကော်မတီ၊ အဖွဲ့ဝင်များမှ မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များအား ရှင်းလင်းဆွေးနွေးကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တက်ရောက်လာသူများ၏ ဝိုင်းဝန်းဆွေးနွေးမှုများအတွက် ကျေးဇူးတင်ပါကြောင်း၊ မိမိတို့ ဦးဆောင်ကော်မတီ၏ ဦးတည်ချက်မှာ ဓာတ်မြေဩဇာများ တောင်သူများလက်ဝယ် လက်ရှိဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ဈေးနှုန်းထက် သက်သာအောင် ရရှိရေးဆောင်ရွက်ပေးရန်နှင့် တောင်သူများလက်ဝယ် စိုက်ပျိုးရာသီအချိန်မီ တင်သွင်းဖြန့်ဖြူး နိုင်ရေး၊ ဝန်ကြီးဌာနများအကြား လုပ်ငန်းများဆောင်ရွက်ကြရာတွင် လွယ်ကူမြန်ဆန်စေရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

သတင်းစဉ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm