Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လူနေမှုအဆင့်အတန်းမြင့်မားပြီး စီးပွားရေးခိုင်မာအားကောင်းသည့် ခေတ်မီစံပြ ကျေးရွာများ ဖြစ်ပေါ်လာစေရေး အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိ


15 Feb,2023

နေပြည်တော် ဖေဖော်ဝါရီ ၁၄

နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ကျေးရွာများအားလုံး မြို့ပြနှင့် ကျေးလက် ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းလာစေရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားပြီး စီးပွားရေး ခိုင်မာအားကောင်းသည့် ခေတ်မီစံပြကျေးရွာများဖြစ်ပေါ်လာစေရေး ရည်မှန်း၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အနေဖြင့် ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ် မှစတင်ကာ ရှေ့ပြေးစီမံကိန်းအဖြစ် တပ်ကုန်းမြို့နယ် ဂွေးပင်ကျေးရွာ၊ ပျဉ်းမနားမြို့နယ် ကျွန်းဦးကျေးရွာနှင့် လယ်ဝေးမြို့နယ် သော်မှော်ကုန်းကျေးရွာတို့တွင် အခြေခံအဆောက် အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသကဲသို့ ကျေးလက်နေ ပြည်သူများ၏ တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေး  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တစ်ပိုင် တစ်နိုင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ကြခြင်းဖြင့် ကျေးလက်နေ ပြည်သူများ၏ ဝင်ငွေနှင့် လူနေမှုဘဝမြင့်မားရေးကို နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ဝန်ကြီးဌာနက ကြိုးပမ်းအကောင် အထည်ဖော်လျက်ရှိရာ ဒေသနေပြည်သူများ အနေဖြင့်လည်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း ယနေ့ နေ့လည်ပိုင်းက  တပ်ကုန်းမြို့နယ် ဂွေးပင်ကျေးရွာ၊ ရှားတောကျေးရွာနှင့် ပုဏ္ဏမာကျေးရွာ ဒေသခံပြည်သူ များနှင့် တွေ့ဆုံစဉ် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ခေတ်မီစံပြ ကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော တပ်ကုန်း မြို့နယ်၊ ဂွေးပင်ကျေးရွာ၌ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာနှစ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန တို့ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဂွေးပင်ကျေးရွာစနစ်ကျလယ်ယာမြေ ၇၉ ဒသမ ၈၈ ဧက ဖော်ထုတ်ခြင်း လုပ်ငန်းခွင်ရှိ ကုန်ထုတ်လမ်း၊ ရေပေးမြောင်း၊ ရေနုတ် မြောင်း၊ တူးမြောင်းအဆောက်အုံများ ဆောင်ရွက်နေမှုများအားလည်းကောင်း၊  ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့သော အဆင့်မြင့်လယ်ယာမြေများ ပေါ်တွင် ဆောင်းနေကြာသီးနှံ၊ နွေးစပါး စိုက်ပျိုးထားရှိမှု အခြေအနေတို့ကို ကြည့်ရှု စစ်ဆေးရာ သက်ဆိုင်ရာ ဦးစီးဌာနအလိုက် တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ၊ တောင်သူများက လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်နှင့်ဌာနဆိုင်ရာများမှ လိုအပ်သည့်အဆင့်မြင့် လယ်ယာမြေဖော်ထုတ်ခြင်း၊ စနစ်ကျလယ်ယာမြေများ ဖော်ထုတ်ခြင်းနှင့် နည်းပညာ အကူအညီများ ဆောင်ရွက်ပေးပြီးဖြစ်၍ တောင်သူများအနေဖြင့် အဆိုပါ စိုက်ပျိုးမြေ များပေါ်တွင် အမှန်တကယ်စိုက်ပျိုးကြရန်၊ ကိုယ်အားကိုယ်ကိုး ဆောင်ရွက်ကြရန်၊ ကိုယ်လုပ်မှ ကိုယ်ရမည်ဖြစ်၍ ကျေးရွာခေါင်းဆောင်များမှလည်း စည်းရုံးဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း၊ မိုးသီးနှံအပြီး ဆောင်းသီးနှံနှင့် နွေသီးနှံများ သီးထပ် (၃)သီး စိုက်ပျိုး ခြင်းအားဖြင့် ကျေးရွာတောင်သူများ၏ ဝင်ငွေနှင့် လူနေမှုအဆင့်အတန်း မြင့်မား လာစေမှာဖြစ်သည့်အတွက် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ကြဖို့တိုက်တွန်းမှာကြား လိုပါကြောင်း ဆွေးနွေးမှာကြားပါသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆင်သေချောင်း ဝဲယာရှိ စိုက်ပျိုးမြေများအားလုံး တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးမြေ (၁၁၅)ဧက အကျိုးပြုနိုင်မည့် တပ်ကုန်းမြို့နယ်၊ ရှားတောကျေးရွာ ယာယီ ရေတားတမံတည်ဆောက်ခြင်းလုပ်ငန်း၊ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာရေတင်စနစ် တည်ဆောက်မှုလုပ်ငန်းခွင်သို့ ရောက်ရှိကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ အကောင်အထည်ဖော်  ဆောင်ရွက်ပြီးစီးတော့မည်ဖြစ်၍ ကျေးရွာတောင်သူ များအနေဖြင့် စိုက်ပျိုးမည့် အစီအမံများ ရေးဆွဲတင်ပြရန်၊ အစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက် သွားရန်၊ စိုက်ပျိုးရေးဆိုင်ရာ ခေတ်မီနည်းပညာများ အသုံးပြုနိုင်ရေး၊ နေရောင်ခြည် စွမ်းအင်သုံး ဆိုလာစနစ်အသုံးပြုနိုင်ရေး စံပြဆောင်ရွက်ပေးနိုင်ရေး၊ အထွက်ကောင်း သီးနှံမျိုးများ ပြောင်းလဲအသုံးပြုနိုင်ရေး ဆောင်ရွက်သွားရန်နှင့် လိုအပ်သည့် နည်းပညာ များအား ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် တပ်ကုန်းမြို့၊ ဘုရင့်နောင်ရပ်ကွက်ရှိ တပ်ကုန်းမြို့နယ် သမဝါယမအသင်းစုသို့ ရောက်ရှိကြည့်ရှု စစ်ဆေးရာ မြို့နယ်သမဝါယမအသင်းစု တာဝန်ရှိသူများက အသင်းမြေပိုင်ဆိုင်မှု ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ၎င်းမြေအား အကျိုးရှိစွာ အသုံးပြုနိုင်ရေး ဆောင်ရွက်မည့် အစီအမံတင်ပြသွားရန်နှင့် စိတ်တူကိုယ်တူသူများဖြင့် အသင်းသစ်ပြန်လည်ဖွဲ့စည်းပြီး သမဝါယမလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်အောင် ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည့် တပ်ကုန်းမြို့နယ် ပုဏ္ဏမာကျေးရွာ ယာယီရှင်းလင်းဆောင်၌ ဒေသခံပြည်သူများနှင့် ခင်မင်ရင်းနှီးစွာတွေ့ဆုံ၍ ကျေးရွာရှိ အခြေခံပညာအလယ်တန်းအဆင့် အောင်မြင်ပြီးသူ များအား သမဝါယမ စာရင်းရေးစာရင်းကိုင်သင်တန်းကျောင်းများတွင် အခမဲ့တက်ရောက်နိုင်ရေး၊ အသေးစား အငယ်စားကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်နိုင်ရေး၊ လိုအပ်သောနည်းပညာသင်တန်းများ ကျေးရွာအရောက်ဆောင်ရွက်ပေးခြင်းနှင့်အတူ အရင်းအနှီး မတည်ငွေထူထောင်ပေးမည့် အစီအစဉ်များ၊ စိတ်တူကိုယ်တူဆန္ဒတူသူများ စုပေါင်း၍ သမဝါယမအသင်းထူထောင်ပြီး စီးပွားဖြစ် လယ်ယာကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာရေးအတွက် ကျေးရွာသူ ကျေးရွာ သားများ အားလုံးပူးပေါင်းလုပ်ဆောင်ကြရန်နှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြီး ဒေသခံများ၏ တင်ပြချက်များ အမြန်ဆုံးတုန့်ပြန်ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပြီးနောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော တပ်ကုန်းမြို့နယ်၊ ရန်ကုန်- မန္တလေးလမ်းဟောင်းမှ ပုဏ္ဏမာ-ရွာတော်ကုန်းကျေးရွာချင်း ဆက်လမ်း အရှည် တစ်မိုင် ၂ ဒသမ ၆ ဖာလုံ ကျောက်ချောလမ်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးရေးနှင့် လမ်းအရည်အသွေး ကောင်းမွန်အောင်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm