Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒေသထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ထုတ်ပိုးမှုစနစ်နှင့် လိုအပ်သည့် သွင်းအားစုများ နည်းပညာများ ကူညီဆောင်ရွက်ပေးမည်


14 Feb,2023

နေပြည်တော် ဖေဖော်ဝါရီ ၁၃

နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ကျေးလက်နေပြည်သူများ၏ ဒေသ ထွက်ကုန်များ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ကျေးလက်နေပြည်သူများ၏ တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေးအတွက် လိုအပ်သည့် အရင်းအနှီး၊ သွင်းအားစု၊ နည်းပညာပံ့ပိုးမှုများ အပါအဝင် လိုအပ်ချက်များ  ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင်ကုန်ထုတ်လုပ်မှုလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နိုင်ကြခြင်းဖြင့် ကျေးလက်နေ ပြည်သူများ၏ ဝင်ငွေနှင့် လူနေမှုဘဝမြင့်မားရေးကို နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ဝန်ကြီးဌာနက ကြိုးပမ်းအကောင် အထည်ဖော်လျက်ရှိရာ ဒေသနေပြည်သူများ အနေဖြင့်လည်း စိတ်တူကိုယ်တူသူများစုပေါင်းကာ ညီညီညွတ်ညွတ်ဖြင့်စုပေါင်းဆောင်ရွက် ကြရန်လိုကြောင်း ယနေ့ နေ့လည်ပိုင်းက  ပျဉ်းမနားမြို့နယ် ကျွန်းဦးကျေးရွာနှင့် လယ်ဝေး မြို့နယ် အင်ပင်သာကျေးရွာ၊ ရုံးတောကျေးရွာတို့မှ ဒေသနေပြည်သူများနှင့် တွေ့ဆုံစဉ် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြား ခဲ့ခြင်းဖြစ်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ခေတ်မီစံပြ ကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျွန်းဦး ကျေးရွာနေ ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ၊ အသေးစားကုန်ထုတ်လုပ်ငန်း ဆောင်ရွက် နေမှုတို့ကို ကြည့်ရှုစစ်ဆေးရာ ဒေသခံပြည်သူများ၊ တောင်သူများ၊ ပျဉ်းမနား မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည့် ကျွန်းဦးကျေးရွာ ဘက်စုံသုံးခန်းမ၌ ပျဉ်းမနားမြို့နယ် MSME  Agency မှ အဖွဲ့ဝင်များ၊ ပဲကြော်လုပ်ငန်း လုပ်ကိုင်ကြသည့် MSME လုပ်ငန်းရှင်များ၊ ငှက်ပျော၊ ကြံ၊ ပဲ စိုက်ပျိုးရေး တောင်သူများ၊ ကျေးရွာရပ်မိရပ်ဖများနှင့်တွေ့ဆုံရာ MSME Agency အဖွဲ့ဝင်များမှ ပျဉ်းမနားမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များ၏ အဓိကလိုအပ်ချက်မှာ ကောင်းမွန်သော ထုတ်ပိုးမှုစနစ်နှင့် ဈေးကွက် ချိတ်ဆက်ပေးရန်တို့မှာ အဓိကလိုအပ်ချက်ဖြစ်ပါကြောင်း၊ အသေးစားကုန်ထုတ်လုပ်ရှင် များနှင့် ငှက်ပျော၊ ကြံ၊ ပဲစိုက်တောင်သူများမှလည်း နည်းပညာနှင့် သွင်းအားစု လိုအပ်ချက်များ၊ ဈေးကွက်ချိတ်ဆက်မှု လိုအပ်ချက်များ ရှိပါကြောင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက  လုပ်ငန်းရှင်များမှ အစုအဖွဲ့စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ နည်းပညာနှင့် အရင်းအနှီး လိုအပ်ချက်အစီအစဉ်များ၊ ငှက်ပျော၊ ပဲ၊ ကြံစိုက်တောင်သူများ၏ နည်းပညာနှင့် သွင်းအားစု လိုအပ်ချက်များ၊ ဈေးကွက်ချိတ်ဆက်မှု လိုအပ်ချက်များကို အမြန်ဆုံးပြန်လည်တင်ပြသွားရန်နှင့် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ကျေးရွာသူ ကျေးရွာသားများ အားလုံးပူးပေါင်း လုပ်ဆောင်ကြရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြား ပါသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် လယ်ဝေးမြို့နယ်၊ အင်ပင်သာကျေးရွာသို့ ရောက်ရှိကြည့်ရှုစစ်ဆေးရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဘဏ္ဍာနှစ်အလိုက် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများကိုရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဒေသခံပြည်သူ များနှင့် ခင်မင်ရင်းနှီးစွာတွေ့ဆုံ၍ ကျေးလက်နေ တစ်မိသားစုချင်း၏ ဝင်ငွေတိုးပွားရေး၊ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းအခြေခံသည့် တစ်ပိုင် တစ်နိုင်လုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြီး ဒေသခံများ၏ စိုက်ပျိုးရေ ရရှိရေးနှင့် နည်းပညာလိုအပ်မှု တင်ပြချက်များအပေါ် အမြန်ဆုံး တုန့်ပြန်ဆောင် ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီးနောက် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ရွာတွင်းလမ်း ရိစာခင်းခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုအားပေးပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ရုံးတောစံပြကျေးရွာရှိ ရွှေဝါထွန်းသမဝါယမ အသင်းသားများနှင့်တွေ့ဆုံကာ အသင်းစုပိုင် မြေဧက ၂ ဒသမ ၇ ဧကပေါ်တွင် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm