Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ဆောင်းသီးနှံ ပဲတီစိမ်းစိုက် တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးအပ်


06 Jan,2023

နေပြည်တော် ဇန်နဝါရီ ၅

          (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်၊ ဇီးကုန်းမြို့နယ်နှင့် သယာဝတီမြို့နယ်တို့မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်  ဆောင်းသီးနှံ ပဲတီစိမ်း စိုက်ပျိုးသည့်တောင်သူများအတွက် စိုက်ပျိုးရေးသွင်းအားစုများ ပေးအပ်ပွဲ အခမ်းအနားများကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး ဦးစီးမှူး များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပဲတီစိမ်းစိုက် တောင်သူများ တက်ရောက်ကြသည်။

          ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် တောင်တွင်းကြီးမြို့နယ်၊ သမဝါယမဦးစီး ဌာန ဝန်ထမ်းများနှင့်တွေ့ဆုံကာ နိုင်ငံတော်က အလေးထား ဆောင်ရွက်နေသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းများ အောင်မြင်ရေးအတွက် မိမိတို့ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး၊ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ မြင့်မားရေးအတွက် လာမည့်ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်မည့် သက်တံရောင်သမဝါယမစီမံကိန်း လုပ်ငန်းများ အောင်မြင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြား ခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ဇီးအုပ် တောင်သူနည်းပညာပြန့်ပွားရေးခန်မသို့ ရောက်ရှိပြီး ပဲတီစိမ်းစိုက် တောင်သူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ဒုတိယဝန်ကြီး ဦးမြင့်စိုးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပဲတီစိမ်းစိုက် တောင်သူများအတွက် (၁) ဧကလျှင် ငွေကျပ် (၁.၂) သိန်းနှုန်းနှင့် ညီမျှသော ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေးများ ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ အဓိကရည်ရွယ်ချက်မှာ တောင်သူလယ်သမားများ၏ ပန်းတိုင်အထွက်နှုန်းတိုးရေးနှင့် လူမှုစီးပွား ဘဝမြင့်မားပြီး ကြွေးမြီကင်းရှင်းသော မိသားစုဘဝများ ပိုင်ဆိုင်စေလို၍ ဖြစ်ကြောင်း၊ လာမည့် နွေစပါးစိုက်ရာသီတွင် (၁၂,၆၄၅) ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိပြီး အားသွန်ခွန်စိုက် ကြိုးစားကြစေလိုကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သော ပြည်တွင်းစားသုံးဆီ ဖူလုံရေးနှင့် ပြည်ပမှ ဝယ်ယူတင်သွင်းမှုလျှော့ချနိုင်ရေးအတွက် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး လုပ်ငန်းများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများဖြစ်သော ပဲတီစိမ်းနှင့် နွေစပါး စိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင် များအသင်းနှင့် လုပ်ငန်း အစုအဖွဲ့များက ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝ မြင့်မားရေး၊ မိသားစုဝင်ငွေ တိုးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး၊ ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး၊ ကျေးလက်နှင့် မြို့ပြ ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး၊ နိုင်ငံတော်၏ စိုက်ပျိုးရေးစီမံကိန်းလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်နေသော ကျေးရွာများတွင် ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးရေးနှင့် စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အခြားသော ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးလက်လမ်း၊ တံတားများ ဖောက်လုပ်ပေးရေး၊ ကျေးရွာ မီးလင်းရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး လုပ်ငန်းများကိုလည်း ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြည်မြို့နယ်အတွင်း ပဲတီစိမ်းစိုက်ဧက (၇၂၁) ဧကအတွက် စိုက်ပျိုးရေး သွင်းအားစုများ ထောက်ပံ့ ပေးအပ်ခဲ့ကြပြီး ပဲတီစိမ်းစိုက် တောင်သူများကိုယ်စား ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇီးကုန်းမြို့၊ မြို့နယ်ခန်းမတွင် ပဲတီစိမ်းစိုက် တောင်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဒုတိယဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများ၊ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် တာဝန် ရှိသူအသီးသီးက ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဇီးကုန်းမြို့နယ်အတွင်း ပဲတီစိမ်းစိုက်ဧက (၇,၀၀၉) ဧက အတွက် စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဇီးကုန်းမြို့နယ်အနေဖြင့် နွေစပါး (၄,၉၈၃) ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက် ရှိသည်။

          အလားတူ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ ဆရာစံခန်းမတွင် ပဲတီစိမ်းစိုက် တောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံကာ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း လုပ်ငန်း များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များမှာကြားခဲ့ပြီး သာယာဝတီ မြို့နယ်အတွင်း ပဲတီစိမ်းစိုက်ဧက (၁၇၂) ဧကအတွက် စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။ သာယာဝတီမြို့နယ်အနေဖြင့် နွေစပါး (၂၇,၀၈၆) ဧက စိုက်ပျိုးရန် လျာထား ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm