Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး


30 Dec,2022

နေပြည်တော်  ဒီဇင်ဘာ ၂၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နေ့လည်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေ အနေများကို သက်ဆိုင်ရာ ဦးစီးဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း ကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာစည်မြို့နယ်၊ ကြက်မောက်ကျေးရွာသို့ ရောက်ရှိရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တို့မှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ရဲဘော်(၂)ဆည်နှင့် ပျူတွင်းဆည် ပြုပြင်တူးဖော်ခြင်း နှင့် ရေပေးဝေ မြောင်းတူးဖော်ခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ကျေးရွာတောင်သူများက အဆိုပါ ဆည်များနှင့် ရေပေးဝေမြောင်းများ တူးဖော်နိုင်ခြင်းကြောင့် ကြက်မောက်ကျေးရွာအပါဝင် ကျေးရွာ (၅)ရွာရှိ တောင်သူများ၏ လယ်မြေဧက ၂၀၀၊ ယာမြေဧက ၅၀၀ စုစုပေါင်း စိုက်ပျိုးမြေဧက ၇၀၀ အကျိုးပြုနိုင်ခဲ့ပါကြောင်းနှင့် ယခုအခါ မိုးအကြို ဝါ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကျေးရွာနေတောင်သူများအနေဖြင့် ဆည်ရေနှင့် စိုက်ပျိုးနိုင်သည့် စိုက်ပျိုးမြေ များတွင် အမှန်တကယ် စိုက်ပျိုးကြစေလိုကြောင်း၊ ကျေးရွာသမဝါယမအသင်းအဖွဲ့များစုဖွဲ့၍ ဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနတို့မှလည်း လိုအပ်သည်များ နည်းပညာများကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကြက်မောက်ကျေးရွာ အသင်းသား (၁၇၀)ဦးဖြင့် ဖွဲ့စည်းထားသော အေးမြသာယာလယ်ယာနှင့် အထွေထွေစီးပွားသမဝါယမအသင်း လီမိတက်၏ အေးမြသာယာကုန်ပဒေသာအရောင်းဆိုင်သို့ ရောက်ရှိကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ ကဏ္ဍအလိုက်တာဝန်ရှိသူများက ကုန်ပဒေသာအရောင်းဆိုင် ရောင်းချနေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သမဝါယအသင်းသစ်များဖွဲ့စည်းပြီး ကန်ထရိုက်လယ်ယာ စနစ်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားပါသည်။ ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် သင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသူ များမှ တစ်နိုင်တစ်ပိုင် စက်ချုပ်လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စု ဝန်ကြီးက သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် သင်တန်းသူများအား အထည်ချုပ်စက်ရုံများနှင့် ဆက်လက်ချိတ်ဆက် ဆောင်ရွက်ပေးသွားရန် ဆွေးနွေးမှာကြားပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကြက်မောက်ကျေးရွာ၌ ကျေးလက်စီးပွားရန်ပုံမြင့်မားရေးစီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၃၀၀ ၊ ကျေးရွာနေပြည်သူထည့်ဝင်ငွေကျပ်သိန်း ၁၀၀ တို့ဖြင့် ဆိတ်မွေးမြူရေး အသင်းဝင်(၂၀)ဦးဖြင့် ဖွဲ့စည်းထားသည့် ဆိတ်မွေးမြူရေးအစုအဖွဲ့(၂)ဖွဲ့၏ ဆိတ်အကောင်ရေ ၁၅၀ မွေးမြူထားရှိမှု အခြေအနေများအားလည်းကောင်း၊ အသင်းဝင်(၃၀)ဦးဖြင့် ဖွဲ့စည်းထားသည့် နွားမွေးမြူရေး အစုအဖွဲ့ (၂)ဖွဲ့၏ နွားအကောင်ရေ ၃၀ မွေးမြူထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ မွေးမြူရေးအဖွဲ့ဝင်များ လက်ရှိအကျိုးအမြတ်ရရှိမှုအခြေအနေများရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက မွေးမြူထားသည့် ဆိတ်နှင့် နွားများ တိရစ္ဆာန်ရောဂါများမဖြစ်ပွားစေရေး အမြဲမပြတ် စောင့်ကြည့်ကြရန်နှင့် ရောဂါများကြိုတင်ကာကွယ်နိုင်ရေး လိုအပ်သည့် ကာကွယ် ဆေးများထိုးနှံထားရန်နှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက် သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm