Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆိုလာအသေးစား ဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေးလုပ်ငန်းစီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနား တက်ရောက်


06 Dec,2022

နေပြည်တော် ဒီဇင်ဘာ ၆

          သမဝါယမနှင့်‌ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဒီဇင်ဘာလ (၅)ရက်နေ့ မွန်းလွဲပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်၊ ဦးမောင်ဝင်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ကော့သောင်းခရိုင်အတွင်းရှိ ဦးစီးဌာန(၄)ခု တို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ အောင်မြင်ရေး၊ ဝန်ထမ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ ဦးစီးဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြရေး၊ ဦးစီးဌာနအလိုက် ရုံးများ သန့်ရှင်းသပ်ရပ်စေရေးနှင့် လုံခြုံရေးကိစ္စရပ် များ မှာကြားပြီး ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် ဒီဇင်ဘာလ (၆) ရက်နေ့၊ နံနက်ပိုင်း၌ မဟာ ဓာတ်အားလိုင်းစနစ်ပြင်ပ ကျေးလက်မီးလင်းရေးလုပ်ငန်းများကို သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မဲခေါင်-လန်ချန်း အထူး ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ကံမော်ကြီးကျေးရွာနှင့် ရေငံကြီးကျေးရွာတို့အတွက် ကံမော်ကြီးကျေးရွာတွင် ကျင်းပသော ဆိုလာအသေးစား ဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေးလုပ်ငန်းစီမံကိန်း မိတ်ဆက် ရှင်းလင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

          အခမ်းအနားတွင်  သမဝါယမနှင့်‌ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး နှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ကျော်တို့က အမှာစကားများ ပြောကြားခဲ့ကြသည်။  ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့ပြီး စီမံကိန်းကျေးရွာကိုယ်စားလှယ်(၁)ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့သည်။

ထို့နောက် သမဝါယမနှင့်‌ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က စီမံကိန်းဆိုင်းဘုတ်အား  ဖွင့်လှစ်ပေးခဲ့ပြီး ဓာတ်အားပေး စက်ရုံမြေနေရာ ပန္နက်ရိုက်ခြင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါစီမံကိန်းမှာ ဆိုလာတပ်ဆင်စွမ်းအား (176KW)၊ အရံဒီဇယ်မီးစက် (80KW) အား တပ်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကာ စီမံကိန်းပြီးစီးပါက ကံမော်ကြီးကျေးရွာရှိ အိမ်ခြေ (၂၁၀)၊ လူဦးရေ (၁၀၃၀) နှင့် ရေငံကြီးကျေးရွာရှိ အိမ်ခြေ (၃၃၀) အိမ်၊ လူဦးရေ (၂၁၄၆) ဦးတို့ကို အကျိုးပြုနိုင်မည် ဖြစ်သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကံမော်ကြီးကျေးရွာသူ ကျေးရွာ သားများနှင့်တွေ့ဆုံ၍ ကံမော်ကြီးကျေးရွာမှ ကော့သောင်း-ဘုတ်ပြင်းလမ်းမကြီးသို့ ဆက်သွယ်သည့် ကျေးလက်လမ်း (၉/၀) မိုင်အား အဆင့်မြှင့်တင်ဖောက်လုပ်ရေး၊ ဒေသပညာ‌ရေး၊ ကျန်းမာရေး ကိစ္စရပ်များအား ဆက်လက် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများလိုက်ပါလျက် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၏  ကော့သောင်းမြို့နယ်၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းအုပ်ကြီး၊ နည်းပြများ၊ သင်တန်း သူများနှင့် တွေ့ဆုံကာ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၅) မှ သင်တန်းသူများ ချုပ်လုပ်ထားသည့် အဝတ်အထည်များနှင့် အသုံးအဆောင် ပစ္စည်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ခေတ်မီစံပြကျေးရွာ (SMART Village)အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေသော ဘန်းကချွန်ကျေးရွာအုပ်စု၊ တိုင်းဒင်ကျေးရွာသို့ ရောက်ရှိပြီး တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံရာတွင် ဒုတိယ ဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ် (၄၂) မြို့နယ်တွင် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး ရည်ရွယ်၍ ခေတ်မီစံပြကျေးရွာများ ထူထောင်ပေးနေ ပါကြောင်း၊ စံပြကျေးရွာစီမံကိန်းများ အောင်မြင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနသာမက အခြား သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပါ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ပေးနေပါကြောင်း၊ ကျေးရွာသူ ကျေးရွာသားများအနေဖြင့်လည်း မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် အစိုးရနှင့် ပြည်သူ တက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်လည်း သက်ဆိုင်သူအားလုံးတို့က ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရမည်ဖြစ်ကြောင်း ပြောကြားကာ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်များတင်ပြမှုအပေါ် ဒုတိယဝန်ကြီးနှင့်အဖွဲ့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာရှိ အသက်မွေးဝမ်းကျောင်းအဖွဲ့ (၄) ဖွဲ့အတွက် ကျေးလက် စီးပွားမြင့်မားရေး (RBF) ရန်ပုံငွေကျပ် သိန်း (၃၀၀) အား ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm