Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပဲခူးတိုင်းဒေသကြီးအတွင်း ကွင်းဆင်းကြည့်ရှုစစ်ဆေး


21 Nov,2022

နေပြည်တော် နိုဝင်ဘာ ၂၁

          စပါးနှင့် ပဲတီစိမ်း စိုက်ပျိုးလုပ်ကိုင်နေကြသည့် တောင်သူအစုအဖွဲ့များ၏ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မှုတွင် အထိုက်အလျောက် ဖြည့်ဆည်းပံ့ပိုးပေးခြင်းဖြင့် နိုင်ငံတော်၏ လယ်ယာစိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် လယ်ယာကဏ္ဍလုပ်ငန်းစဉ် ကွင်းဆက်တစ်လျှောက်တွင် ပါဝင်ပတ်သက်သူအားလုံးတို့၏ ဝင်ငွေတိုးတက်ရရှိစေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ တောင်သူများ အမှန်တကယ်လိုအပ်လျက်ရှိသော သွင်းအားစုကို ၁% ဝန်ဆောင်မှုစရိတ်ဖြင့် ငွေ မချေးဘဲ မြေဩဇာနှင့် ပိုးသတ်ဆေးများ တောင်သူများရရှိစေရေး ဆောင်ရွက်သွားမည် ဖြစ်သည်။

          နိုင်ငံတော်ဝန်ကြီးချုပ်၏ နိုင်ငံ၏စီးပွားရေးအခြေအနေကောင်းများ ဖန်တီးနိုင်မှသာလျှင် နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်မည်ဟု လမ်းညွှန်မှာကြားချက်နှင့်အညီ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စပါးနှင့်ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ လိုက်ပါလျက် ပဲခူးတိုင်း‌ဒေသကြီးအတွင်း ကွင်းဆင်းသွားရောက်ခဲ့ပါသည်။ ယင်းကွင်းဆင်းစစ်ဆေးသည့် ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့်အတူ စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော တောင်သူများနှင့်တွေ့ဆုံ၍  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ပဲတီစိမ်းနှင့် နွေစပါးစီမံကိန်းများ၊ လုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆွေး‌နွေး ခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးရာမှာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ လယ်ယာစိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် စပါးနှင့် ပဲတီစိမ်းစိုက်ပျိုးသော တောင်သူများ အတွက် လိုအပ်လျက်ရှိသော သွင်းအားစုများ ကို ၁% ဝန်ဆောင်မှုစရိတ်ဖြင့် ငွေမချေးဘဲ မြေဩဇာနှင့် ပိုးသတ်ဆေးရရှိရေး ဆောင်ရွက်ပေးခြင်း၊ မြေဩဇာတန်ဖိုးနှင့် ညီမျှသော စပါးနှင့် ပဲတီစိမ်းများအား တောင်သူများမှ ပေါက်ဈေးနှင့်အညီ ပြန်လည်ရောင်းချ ပေးဆပ်ခြင်း၊ လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ကြွေးကျန်ရှိသည့် တောင်သူများအနေဖြင့် ကြွေးကျန်ပမာဏ၏ ၂၅ % အပါအဝင် မြေဩဇာတန်ဖိုးနှင့်ညီမျှသော စပါးနှင့်ပဲတီစိမ်းများအား ပေါက်ဈေးနှင့်အညီ ပြန်လည်ရောင်းချ ပေးဆပ်ခြင်း၊ တောင်သူများ၏ လက်ဝယ်သို့ သွင်းအားစုများ သတ်မှတ်အချိန်မီအတွင်း အချိန်မီ ရောက်ရှိအသုံးပြုနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များက ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် မြေဩဇာ၊ ပိုးသတ်ဆေးနှင့် ဝန်ဆောင်ခ (၁)% ငွေများအား မပျောက်ပျက်၊ မဆုံးရှုံးအောင် စီမံဆောင်ရွက်ခြင်း လုပ်ငန်းစဉ်တို့ကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

          ယင်းသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုဝန်ကြီးဌာနများအနေဖြင့် အရည်အသွေး၊ စံချိန် စံညွှန်းပြည့်မီပြီး ဈေးနှုန်းသက်သာသည့် သွင်းအားစုများ စိုက်ပျိုးချိန်အမီ ရောက်ရှိစေရေး အစုအဖွဲ့များနှင့် ချိတ်ဆက်ကြီးကြပ်ဆောင်ရွက်ခြင်း၊ ထွက်ရှိလာသော စပါးနှင့်ပဲတီစိမ်းများ ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရောင်းချနိုင်ရေး စပါးနှင့်ပဲတီစိမ်း ဝယ်ယူမည့် အစုအဖွဲ့များနှင့် ညှိနှိုင်းချိတ်ဆက် ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် ဆုံးရှုံးမှုမရှိအောင် ကြီးကြပ်ခြင်းတို့ကို တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပါသည်။

          တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့်လည်း အမှန်တကယ်စိုက်ပျိုးမည့် တောင်သူများနှင့် အမှန်တကယ်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းရှင်များ စိစစ်ရွေးချယ်ခြင်း၊ စပါးနှင့်ပဲတီစိမ်း အမှန်တကယ်စိုက်ပျိုးသည့် တောင်သူများလက်ဝယ် လိုအပ်သောသွင်းအားစုများ ဖြန့်ဖြူးနိုင်ရေး တာဝန်ယူကြီးကြပ်ဆောင်ရွက်ခြင်း၊   တောင်သူများထံမှ ချေးငွေပမာဏအပါအဝင် ဝန်ဆောင်မှုစရိတ် ၁ % နှင့်ညီမျှသော သီးနှံများကို ကာလပေါက်ဈေးအတိုင်း ဝယ်ယူနိုင်ရေး ကြီးကြပ်ဆောင်ရွက်ခြင်း၊ လယ်ယာဖွံ့ဖြိုးရေးဘဏ် ကြွေးကျန်ရှိသည့် တောင်သူများအား ကြွေးကျန်ပမာဏ၏ ၂၅ % အပါအဝင် မြေဩဇာတန်ဖိုးနှင့်ညီမျှသော စပါးနှင့်ပဲတီစိမ်းများ ပေါက်ဈေးနှင့်အညီ ပြန်လည်ရောင်းချပေးဆပ်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် ဆုံးရှုံးမှု မရှိအောင် ကြီးကြပ်ခြင်းတို့ကို တာဝန်ယူဆောင်ရွက်ပေးသွားရမည် ဖြစ်ပါသည်။

          တောင်သူများအနေဖြင့်လည်း အမှန်တကယ် အောင်မြင်အောင် ဆောင်ရွက်ချင်စိတ်ရှိရန် လိုအပ်ပြီး ကြိုက်နှစ်သက်ရာ သင့်လျော်သော သွင်းအားစုအမျိုးအစား ရွေးချယ်အသုံးပြုပြီး ဈေးကွက်မှ လိုအပ်သောမျိုးကို စိုက်ပျိုးရန် ညှိနှိုင်းဆောင်ရွက်ခြင်း၊ ချေးငွေပမာဏနှင့် ညီမျှသော ပဲတီစိမ်းနှင့် စပါးထွက်ကုန်သီးနှံများအား ပြန်လည်ရောင်းချပေးဆပ်ခြင်း၊ လယ်ယာဖွံ့ဖြိုးရေး ဘဏ် ကြွေးကျန်ရှိသည့် တောင်သူများအနေဖြင့် ကြွေးကျန်ပမာဏ၏ ၂၅% အပါအဝင် ချေးငွေ ပမာဏနှင့်ညီမျှသော ထွက်ကုန်သီးနှံများ ပြန်လည်ပေးသွင်းခြင်းတို့ကို တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များနှင့် တောင်သူအစုအဖွဲ့များအကြား လုပ်ငန်းတာဝန်များ အသီးသီးခွဲဝေဆောင်ရွက်သွားကြ မည်ဖြစ်ရာ သက်ဆိုင်သူအားလုံးတို့က ကျရာကဏ္ဍများမှ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွား ခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် မိမိတို့အတူတကွ အောင်မြင်အောင် ဆောင်ရွက် သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း တွေ့ဆုံဆွေးနွေးပြောကြားခဲ့သည်။

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း ပဲတီစိမ်းဧက (၁၅၀,၀၀၀)၊ နွေစပါးဧက (၂၀၀,၀၀၀) လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းအောင်မြင်ရေး၊ ချေးငွေ များ ဆုံးရှုံးမှုမရှိစေရေး၊ လယ်ယာဖွံ့ဖြိုးရေးဘဏ် ချေးငွေများ ပြန်လည်ရရှိရေး ဆောင်ရွက်မည့် အစီအမံများနှင့် အစိုးရအဖွဲ့မှ စီမံကိန်းအောင်မြင်ရေးအတွက် တာဝန်ယူကြီးကြပ်ဆောင်ရွက်မည့် ကိစ္စများအား ပြန်လည်ဆွေးနွေးပါသည်။ ဆက်လက်ပြီး တက်ရောက်လာသော တောင်သူများ၏ မေးမြန်းချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အင်းတကော်မြို့သို့ ရောက်ရှိပြီး ပဲခူး၊ ကဝ၊ ဝေါမြို့နယ်များရှိ ကျေးရွာများမှ ပဲတီစိမ်းစိုက်ပျိုးမည့် တောင်သူအစုအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် သမဝါယမအသင်းအမှုဆောင်များနှင့် တွေ့ဆုံပြီး တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm