Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်ရေး ကွင်းဆင်းဆောင်ရွက်


06 Nov,2022

နေပြည်တော် နိုဝင်ဘာ ၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် နိုဝင်ဘာ လ (၄)ရက်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီဌာနရုံး၊ အစည်းအဝေးခန်းမတွင် ဦးစီးဌာနများမှ တိုင်းဒေသကြီးဦးစီးမှူးများ၊ ဝန်ထမ်းများနှင့်လည်းကောင်း၊ (၅) ရက်နေ့တွင် မြိတ်မြို့နယ်၊ မြိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးတွင် မြိတ်ခရိုင်/ မြိတ်မြို့နယ်မှ ဝန်ထမ်းများနှင့်လည်းကောင်း တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားရေး၊ မိသားစုဝင်ငွေ တိုးပွားရေးတို့အတွက် အလေးထား ဆောင်ရွက်နေသည့် ဝန်ကြီးဌာန ဖြစ်ပြီး ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် ဦးစီးဌာန (၄) ခု ပေါင်းစပ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှသာ ပိုမိုအောင်မြင်မည်ဖြစ်ကြောင်း၊ သမဝါယမဦးစီးဌာန အနေဖြင့် ချေးငွေများထုတ်ချေးရာတွင် အမှန်တကယ်လုပ်ငန်းဆောင်ရွက်လိုသည့် ပုဂ္ဂိုလ်များ ကိုသာ ရွေးချယ်၍ သမဝါယမအသင်းများ စနစ်တကျဖွဲ့စည်း ဆောင်ရွက်စေလိုကြောင်း၊ သမဝါယမချေးငွေများကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် မြစိမ်းရောင်စီမံကိန်း ချေးငွေပုံစံအား စံနမူနာယူ၍ ချေးငွေများ အရင်းမပျောက်စေရေးအတွက် ဆောင်ရွက်စေလိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ဒေသနှင့်ကိုက်ညီ သော ဒေသထွက်ကုန်ဖြင့် လုပ်ငန်းများ ဆောင်ရွက်စေလိုပါကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နွေစပါးစိုက်ပျိုးပြီးသည်နှင့် အခြားသီးနှံများ ဆက်လက်စိုက်ပျိုးနိုင်ရေးအတွက် စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း၊

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးလက်နေပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များအလိုက် ကျေးလက် လမ်း တံတား၊ ရေပေးရေး၊ မီးလင်းရေး၊ မြစိမ်းရောင်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း VDP၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းစသည့် လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ပေးစေလိုကြောင်း၊

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် သင်တန်းများဖွင့်လှစ်ရာတွင် ကျေးလက်နေပြည်သူများအတွက် အမှန်တကယ်အသုံးဝင်သည့် သင်တန်းအမျိုးအစားများကိုသာ ရွေးချယ်ဖွင့်လှစ်ပေးစေလိုကြောင်း၊ သင်တန်းဖွင့်လှစ်ပြီးပါက ထူးချွန်သည့်သင်တန်းသား/ သူများ အား လိုအပ်သော အရင်းအနှီးများအတွက် သက်ဆိုင်ရာဦးစီးဌာနနှင့်ချိတ်ဆက်ပြီး အရင်းအနှီး ဆောင်ရွက်ပေးသွားရန်နှင့် ထုတ်ကုန်လိုအပ်ချက်များအတွက် ချိတ်ဆက်ဆောင်ရွက်ပေးမည် ဆိုပါက လုပ်ငန်းပိုမိုတွင်ကျယ် အောင်မြင်လာပြီး ဝင်ငွေများ တိုးပွားလာမည်ဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များ ရရှိရေး ဦးစားပေး ဆောင်ရွက်လျက်ရှိသဖြင့် အလုပ်ကိုင် အခွင့် အလမ်းများ ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် တင်ဒါလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရန်နှင့် ဌာနမှကြီးကြပ်၍ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အချိန်မီပြီးစီးအောင် စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲ တွန်းအားပေး ဆောင်ရွက်စေလိုကြောင်း၊ ကုန်ထုတ်လမ်းများ ဖောက်လုပ်ရာတွင် ဒေသထွက်ကုန်များကို ဈေးကွက်အရောက် တင်ပို့နိုင်ရေးအတွက် ကျေးလက်လမ်းဦးစီးဌာနမှ မြေပြင်တွင် အမှန်တကယ်လိုအပ်နေသည့် လုပ်ငန်းများကိုသာ အကောင်အထည်ဖော် ဆောင်ရွက် စေလိုကြောင်း၊ ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေရရှိရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း များရရှိပြီး လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ဦးစီးဌာန(၄)ခုတို့မှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်စေလိုကြောင်း၊ စီမံကိန်းလုပ်ငန်းများအား နှောင့်နှေးကြန့်ကြာမှုမရှိအောင် အလေးထား ဆောင်ရွက်စေလိုကြောင်းနှင့် ဆောင်ရွက်သည့်အခါ လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေးကောင်း မွန်သည့် နေရာဒေသများ ရွေးချယ်ဆောင်ရွက်စေလိုကြောင်း မှာကြားခဲ့သည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီးအတွင်း ဘဏ္ဍာနှစ်အလိုက် ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီးရန်ပုံငွေတို့ဖြင့် ဌာနများမှ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများအား တိုင်းဦးစီးမှူးများ၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm