Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


14 Oct,2022

နေပြည်တော် အောက်တိုဘာ ၁၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် ပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေးသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေသော အိမ်ခြေ (၂၃၀)၊ အိမ်ထောင်စု (၂၈၂)စု၊ လူဦးရေ (၁၀၈၀) ဦးရှိ ပျဉ်းမနားမြို့နယ်၊ ကျွန်းဦးကျေးရွာသို့ ရောက်ရှိကာ ကျေးရွာဘက်စုံ သုံးခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ခေတ်မီစံပြကျေးရွာ၏ ဘဏ္ဍာရေးနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက စံပြကျေးရွာစီမံကိန်း လုပ်ငန်းများကို ဆောင်ရွက်ဆဲလုပ်ငန်းများအား သတ်မှတ် ဘဏ္ဍာရေးနှစ်အတွင်း အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် တာဝန်ရှိသူများနှင့် ကျေးရွာနေပြည်သူများက ပိုင်ရှင်စိတ်(Ownership)ဖြင့် ဝိုင်းဝန်းထိန်းသိမ်း ကြရမည်ဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူများ၏ မိသားစုဝင်ငွေ တိုးပွားရေးအတွက် အသက် မွေးဝမ်းကျောင်းသင်တန်းများအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ သင်ကြားပို့ချပေးနေပြီး သင်တန်းအောင်မြင်ပြီးသူများအတွက် လိုအပ်သည့် အရင်းအနှီး၊ နည်းပညာ ထောက်ပံ့မှုများ ဆောင်ရွက်ပေးနေကြောင်း ပြောကြားသည်။

ဆက်လက်၍ သမဝါယမဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များက မိမိတို့သက်ဆိုင်ရာ ဦးစီးဌာနများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသော လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ပြီးစီးခဲ့သော အမြင့်ရေစင်ဆောက်လုပ်ခြင်းလုပ်ငန်း၊ ရေသန့်စင်ခြင်းလုပ်ငန်း၊ အိမ်သွယ်ရေတိုင်စနစ်ဖြင့် ရေဖြန့်ဝေမှုလုပ်ငန်း၊ Digital စနစ်ဖြင့် ရေမီတာကောက်ခံခြင်းလုပ်ငန်း တို့ကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များအား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သော အရှည်ပေ (၂၉၀၀) ရှိ ကျွန်းဦး ကျေးရွာ ကုန်ထုတ်လမ်း ရိစာခင်းခြင်းလုပ်ငန်းနှင့် ပျဉ်းမနားမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသော ကျေးရွာ (၆) ရွာ၊ အိမ်ခြေ (၁၅၈၆) အိမ်၊ လူဦးရေ (၇၃၅၅) ဦးအတွက် အကျိုးပြုမည့် အရှည်ပေ (၃၃၀၀)ရှိ ကျွန်းဦး-ဆင်သေ ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ရှမ်းစုအရှေ့ကျေးရွာရှိ ဆင်အုံ မွေးမြူထုတ်လုပ်ရေးနှင့် လုပ်ငန်းပေါင်းစုံသမဝါယမအသင်းလီမိတက်၏ အကျယ် (၆) ဧကရှိ ငါးမွေးမြူရေးကန်သို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးရာ အသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည့် အိမ်ခြေ (၁၈၁) အိမ်၊ အိမ်ထောင် စု (၁၈၁) စု၊ လူဦးရေ (၆၀၄) ဦးအား အကျိုးပြုသည့် ဒက္ခိဏသီရိမြို့နယ်၊ ရွာမကျေးရွာအုပ်စု၊ မြောက်ကျောင်းစုကျေးရွာ၏ အရှည်ပေ (၄၃၅၀) ရှိ မြေသား+ရိစာခင်းခြင်းလုပ်ငန်းအား ကြည့်ရှု စစ်ဆေးရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက် ခဲ့မှုအခြေအနေများ ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm