နေပြည်တော် မေ ၃၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်နိုင်စန်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်း က မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာသို့ သွားရောက်ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ရွာလွတ်-ကြံခင်း-ကတောင်စိန် ကတ္တရာလမ်း ၂ မိုင် ၅ ဖာလုံတွင် တောင်ပေါ်လမ်း အကွေ့များသော နေရာများ၌ ကွန်ကရစ်လမ်းပခုံးခင်းရမည့် နေရာများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ရှင်းလင်းဆောင်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ၂၀၂၃-၂၄ ဘဏ္ဍာနှစ်နှင့် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တို့တွင် အဆိုပါလမ်းအား ၂ မိုင် ၅ ဖာလုံ ကတ္တရာ ခင်းခြင်းလုပ်ငန်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ရွာလွတ် ကျေးရွာတွင်းလမ်းများ (၄) ဖာလုံ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း၊ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် တောင်ပေါ်လမ်း အကွေ့များသောနေရာများ၌ ကွန်ကရစ်လမ်းပခုံး ခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီးက ချောင်းဆုံမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းနှင့် လူမှုစီးပွားဘဝ မြင့်မားရေးကို အထောက်အကူပြုသော MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေကြောင်း၊ ဒေသခံများအနေဖြင့် မိမိတို့၏ သားသမီး များ ပညာရည်တိုးတက်မြင့်မားရေးအတွက် အလေးထား ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြား သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကြံခင်းကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း VDP ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် ဂါလံ (၁၂၀၀) ဆံ့ အမြင့်တင်ရေစင်နှင့် ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းကိုလည်းကောင်း၊ အိမ်ခြေ (၅၄) အိမ်တွက် အိမ်သွယ်ရေတိုင်စနစ် သွယ်တန်းပေးနေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး အဆိုပါကျေးရွာ၏ ရွာတွင်းလမ်း ပေ (၂၀၀၀) ပြုပြင်ဆောင်ရွက် ရန်၊ ဒေသနှင့်ကိုက်ညီသော ဝင်ငွေတိုးစီမံကိန်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးရန်တို့ကို တာဝန် ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကွမ်သဲကျေးရွာသို့ သွားရောက်ပြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက် နေပြည်သူများ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သော စက်ချုပ်နည်းပညာသင်တန်း တက်ရောက်အောင်မြင်ခဲ့ပြီး ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နေကြသည့် သင်တန်းသူများအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ အဆိုပါလုပ်ငန်းတွင် သင်တန်းသူ (၁၅) ဦး အတူတကွ ပူးပေါင်းလုပ်ကိုင်လျက်ရှိရာ လိုအပ်သည့်ကုန်ကြမ်းအရင်းအနှီး ရရှိစေရန်အတွက်လည်းကောင်း၊ ကျေးရွာသူကျေးရွာသားများအနေဖြင့်လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက်လည်းကောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ထူထောင်နိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ခရိုက်သစ်ကျေးရွာသို့ သွားရောက်ပြီး လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း တက်ရောက်အောင်မြင်ခဲ့သော ဒေါ်သိမ့်သီတာဝေ၏ လင်းကြယ် စင် ဖယောင်းတိုင်လုပ်ငန်းအား ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါလုပ်ငန်းအတွက် ဖယောင်း ကုန်ကြမ်းဝယ်ယူ၍ အရည်ကျိုခြင်း၊ မိုလောင်းခြင်း၊ တိုင်ထုတ်ခြင်း လုပ်ငန်းများကို အဆင့်ဆင့် ဆောင်ရွက်ပြီး တစ်လလျှင် မိသားစုအပိုဝင်ငွေ ကျပ် (၃) သိန်းခွဲခန့် ရရှိပါသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ချောင်းဆုံမြို့နယ်၊ သမဝါယမဦးစီးဌာနရုံးသို့ သွား ရောက်၍ ချောင်းဆုံမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသမဝါယမအသင်းများမှ အမှုဆောင်များ၊ အသင်းသားများနှင့်တွေ့ဆုံကာ ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဆီထွက်သီးနှံများ ဖြစ်ထွန်းအောင် စိုက်ပျိုးရေး မှာကြားပြီးနောက် စိုက်ပျိုးရေးသမဝါယမအသင်း (၆) သင်းအတွက် အောင်နိုင်တိုး အထွက်တိုးစပါးမျိုးများကိုလည်းကောင်း၊ စိုက်နည်းစနစ် ပြောင်းလဲရန်အတွက် အစေ့ချကိရိယာ (Seeder) များကိုလည်းကောင်း ဒုတိယဝန်ကြီး၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်သမဝါယမဦးစီးမှူးတို့က ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နတ်မှော် လယ်ယာနှင့်အထွေထွေစီးပွားရေး သမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးစောနွယ်၏ လယ်မြေတွင် ၈ တန်းသွား အစေ့ချ ကိရိယာဖြင့်လည်းကောင်း၊ ချောင်းဆုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ပြုပြင်ဆောင်ရွက်ထားသော ၁၂ တန်းသွား အစေ့ချကိရိယာဖြင့်လည်းကောင်း အောင်နိုင်တိုး စပါးမျိုးများ မျိုးစေ့ချ စိုက်ပျိုး နေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် မော်လမြိုင်မြို့၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်ဆရာမကြီးက သင်တန်းကျောင်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီးက ၂၀၂၅-၂၆ ပညာသင်နှစ်အတွက် ပထမနှစ်သင်တန်းသား သင်တန်းသူဦးရေ ပြည့်မီရေး၊ တက္ကသိုလ်ကောလိပ် ပေါင်းကူးခွင့်ရရှိသည့် ကျောင်းသားကျောင်းသူ များအား စနစ်တကျ စေလွှတ်ပေးရေး၊ သင်တန်းဆင်း ကျောင်းသားကျောင်းသူများအတွက် အလုပ် အကိုင်အခွင့်အလမ်းများ ချိန်ဆက်ပေးရေး မှာကြားသည်။
ဆက်လက်ပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အမှာစကား ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက် နေသော R.C ၃ ထပ် စာသင်ဆောင်အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်