နေပြည်တော် မေ ၂၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနနှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ မျိုးစေ့ထုတ်ကုမ္ပဏီများ၊ သွင်းအားစုကုမ္ပဏီများ၊ လယ်ယာသုံးစက်ကိရိယာ ရောင်းချသည့် ကုမ္ပဏီများ ပူးပေါင်းကျင်းပပြုလုပ်သည့် မျိုး၊ မြေဩဇာ သွင်းအားစုပေးအပ်ခြင်း၊ သမဝါယမလယ်ယာဝန်ဆောင်မှု သရုပ်ပြခြင်းနှင့် စုပေါင်းထွန်ယက်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ရုံးပင်ဇောင်းကျေးရွာ၌ ကျင်းပ ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယ ဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကုမ္ပဏီများမှ တာဝန် ရှိသူများနှင့် သမဝါယမအသင်းသားတောင်သူများ တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီး ဌာနအနေဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေး၊ လူမှုစီးပွားဘဝမြင့်မားရေးတို့အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရန်၊ ပန်းတိုင်အထွက်နှုန်း ရရှိရန် သမဝါယမစနစ်ဖြင့် ကူညီဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ တောင်သူများအနေဖြင့် တစ်ဦးချင်းလုပ်ကိုင်ခြင်းမပြုဘဲ အမှန်တကယ် လုပ်ငန်းလုပ်ကိုင်လိုသူများ၊ လုပ်ငန်းအမျိုးအစားတူညီသူများ၊ စိတ်တူကိုယ်တူ ဆန္ဒတူသူများစုပေါင်း၍ သမဝါယမအသင်းများ စုဖွဲ့လုပ်ဆောင်ရန်နှင့် တစ်ဦးချင်းအတွက်သာမက စုပေါင်းဆောင်ရွက်ခြင်းမှ ရရှိလာသော အကျိုးအမြတ်များကို အသင်းသားများအားလုံး အကျိုးဖြစ် ထွန်းရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လယ်ယာလုပ်သား ရှားပါးခြင်း၊ စိုက်ပျိုးချိန်အမီ ထွန်ယက် နိုင်ရန် ထွန်စက်ရိတ်စက်များ မရရှိခြင်း၊ အရည်အသွေးပြည့်မီသော သီးနှံမျိုးစေ့များနှင့် သွင်းအားစု လိုအပ်ခြင်းများ စသည့် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်ကို သိရှိရသဖြင့် ယခုကဲ့သို့ မျိုးကောင်း မျိုးသန့်ရရှိရေး၊ သွင်းအားစုအချိန်မီရရှိရေး လယ်ယာဝန်ဆောင်မှု ချိတ်ဆက်အခမ်းအနားများ ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း၊ နေပြည်တော်အပါအဝင် မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ တိုင်းဒေသကြီးများ၌လည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ထွန်စက်ရောင်းချသည့် ကုမ္ပဏီများနှင့် ချိတ်ဆက်၍ လယ်ယာသုံးစက်ကိရိယာ (၅၈) စီးကို သမဝါယမအသင်းသား တောင်သူများအတွက် ရောင်းချပေးခဲ့ပြီး ဖြစ်ပါကြောင်း၊
လယ်ယာအထောက်အကူပြု ဝန်ဆောင်မှုသမဝါယမအသင်းများအနေနှင့် တိုင်းဒေသကြီး/ ပြည်နယ် (၁၄) ခုရှိ မြို့နယ် (၁၃၂) မြို့နယ်၊ သမဝါယမအသင်း (၁၆၂) သင်းမှ အသင်းသားများသို့ ရိတ်သိမ်းခြွေလှေ့စက် (၁၁၄) စီး၊ ထွန်စက်ကြီး (၄၅၂) စီးနှင့် အခြားစက်(၆၄)စီး၊ စုစုပေါင်းစက် (၆၃၀) စီးဖြင့် ထွန်ယက်ဧက (၃၈၅၀၂၀.၆၇) ဧကနှင့် ရိတ်/ခြွေဧက (၆၇၉၄၈.၈၅) ဧကတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး နေပြည်တော်တွင် သမဝါယမအသင်းပိုင်၊ အသင်းသားပိုင်စက်ကိရိယာများ နှင့် လယ်ယာဝန်ဆောင်မှု သမဝါယမအသင်းများမှ စက်ကိရိယာ (၃၄) စီးတို့ဖြင့် ထွန်ယက်ဧက (၁၉၁၈၇) ဧကနှင့် ရိတ်/ခြွေဧက (၅၅၉၅) ဧကကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊
စီမံကိန်းသီးနှံများ စိုက်ပျိုးမည့် အသင်းသားတောင်သူများအနေဖြင့် BOD များက ဦးဆောင် ပြီး အထွက်နှုန်းကောင်းသည့် မျိုး၊ သွင်းအားစုများကို စုပေါင်းဝယ်ယူခြင်း၊ စုပေါင်းထွန်ယက်ခြင်း၊ အချိန်မီ စုပေါင်းစိုက်ပျိုးခြင်း၊ စုပေါင်းရိတ်သိမ်းခြင်းစသည့် နည်းလမ်းများနှင့် ဆောင်ရွက်ခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းကို ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် စုပေါင်းရောင်းချခြင်း ကိုလည်း အတူတကွလုပ်ဆောင်ကြရန် မှာကြားလိုပါကြောင်း၊ တောင်သူများကလည်း မျိုး၊ မြေ၊ ရေ၊ နည်းစနစ် မှန်ကန်ရေး အလေးထား ဆောင်ရွက်ရမည်ဖြစ်ပြီး ယခင်နှစ် အားနည်းချက်၊ အားသာ ချက်များ ဖော်ထုတ်ကာ ပြင်ဆင်စိုက်ပျိုးမှသာ သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိလာမည် ဖြစ်၍ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်ကောင်စီနယ်မြေ အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် အရင်းအနှီးထောက်ပံ့ပေးနိုင်မှု၊ နည်းပညာပံ့ပိုးပေး နိုင်မှု၊ မျိုးနှင့် သွင်းအားစုများ ပံ့ပိုးပေးနိုင်မှုအခြေအနေများကို ပြောကြားသည်။
ယင်းနောက် သမဝါယမဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက လယ်ယာဝန်ဆောင် မှုလုပ်ငန်းများအား သမဝါယမအသင်းများ၊ ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကကုမ္ပဏီများ ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တာဝန်ရှိသူတစ် ဦးက ဘဏ်အရစ်ကျစနစ်ဖြင့် ဝယ်ယူခြင်းဆိုင်ရာလုပ်ငန်းစဉ်များကိုလည်းကောင်း၊ ကုမ္ပဏီများမှ တာဝန်ရှိသူများက လယ်ယာဝန်ဆောင် ထွန်ယက်စိုက်ပျိုးမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ သမဝါယမအသင်းသားတောင်သူများ၏ သိရှိလိုသည်များ မေးမြန်းမှုအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။ ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့က သမဝါယမအသင်းသားတောင်သူများ၏ လယ်မြေဧကတစ်သောင်းကျော်အတွက် ငွေကျပ်သန်း ၂၂၈၀ တန်ဖိုးရှိ အစေ့ချစက်၊ စပါးမျိုးစေ့၊ ဝါမျိုးစေ့နှင့် သွင်းအားစုများ ပေးအပ်ခဲ့ကြပြီး ထွန်စက်၊ ရိတ်သိမ်းခြွေလှေ့စက်၊ အစေ့ချစက်များကိုလည်းကောင်း၊ တောင်သူများနှင့် ချိတ်ဆက် ရောင်းချပေး နေမှုကိုအခြေအနေကိုလည်းကောင်း၊ သမဝါယမလယ်ယာဝန်ဆောင်မှု ထွန်ယက်သရုပ်ပြသနေမှု ကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်