Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝါးအခြေခံပရိဘောပစ္စည်းထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကျင်းပ


06 Oct,2022

နေပြည်တော်၊ အောက်တိုဘာ ၆

          ဝါးအခြေခံပရိဘောပစ္စည်ထုတ်လုပ်မှုနည်းပညာသင်တန်း(TOT)ဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရှိ Incubation Centre ၌ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီကျင်းပရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ တက်ရောက်ကြသည်။

          အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက အမှာစကားပြောကြားရာ၌ ဝါးကို အသုံးပြု၍ ပြည်ပဝင်ငွေများရရှိနေသည့် နိုင်ငံကိုလေ့လာကြည့်မည်ဆိုပါက တရုတ်နိုင်ငံအနေဖြင့် အများဆုံးထုတ်လုပ်ရောင်းချနေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့်လည်း ဝါးကိုအသုံးပြု၍ ဈေးကွက်ဝင် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရန် လိုအပ်ပါကြောင်း၊ နည်းပညာများ၊ စက်ပိုင်းဆိုင်ရာများ တိုးတက်လာမှုကြောင့် လက်မှုသီးသန့် မဟုတ်တော့ဘဲ စက်ပစ္စည်းကိရိယာ အကူအညီများဖြင့် ဝါးတန်ဖိုးမြှင့်ထုတ်ကုန်များကို လျှင်လျှင်မြန်မြန် ထုတ်လုပ်လာနိုင်ပြီဖြစ်ကြောင်း၊ ဝါးလက်မှုဟု ခေါင်းစဉ်တပ်လိုက်သော်လည်း ဝါးနှင့်ပတ်သက်သည့် လက်မှုလုပ်ငန်းများက အမျိုးမျိုးကွဲပြားစွာ အသုံးချ၍ရနိုင်သည်ကို တွေ့ရကြောင်း၊ သင်တန်းသားများအနေဖြင့် လက်မှုထည်ဆိုသည်ကို လက်ဖြင့်သာ ပြုလုပ်၍ရသည်ဟု မှတ်ယူ၍မရတော့ဘဲ စက်ပစ္စည်းများနှင့်ပေါင်းစပ်၍ ထုတ်လုပ်နိုင်ရန်လည်း လိုအပ်ကြောင်း၊ အမျိုးသား/အမျိုးသမီး ခွဲခြားနေ၍မရဘဲ စက်ပစ္စည်းများကို ကိုင်တွယ်အသုံးပြုတတ်ရန်လည်း ဆက်လက် လေ့ကျင့်ရမည်ဖြစ်ကြောင်း၊ ဈေးကွက်ဝင်ပြီး အမှာများသည့်ပစ္စည်းများ၊ အနုပညာမြောက် ဒီဇိုင်းများနှင့် တွဲဖက်ထုတ်လုပ်ဖန်တီးမှုများကို ထုတ်လုပ်နိုင်ရန်လိုအပ် ကြောင်းပြောကြားသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက သင်တန်းဆင်း လက်မှတ်များပေးအပ်ပြီး အခမ်းအနားသို့တက်ရောက်လာကြသူမျာနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူ ကြသည်။

          ယခုသင်တန်းကို စက်တင်ဘာလ ၂၇ ရက်မှ အောက်တိုဘာလ ၆ ရက်နေ့အထိ သင်တန်း သား/သူ(၀၀)ဦးတို့အား တစ်ယောက်အိပ်(၂)ထပ်ကုတင်၊ နှစ်ယောက်အိပ်ကုတင်၊ တစ်ယောက်ထိုင် ခေါက်ကုလားထိုင်၊ Side Table နှင့် Stand မီးအိမ် ပြုလုပ်နည်းတို့ကို စာတွေ့ လက်တွေ့ သင်ကြားပေးခဲ့ပြီး သင်တန်းသား/သူများအနေဖြင့် သက်ဆိုင်ရာ ဌာနအသီးသီးသို့ ပြန်လည်ရောက်ရှိပါက ဒေသအတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ကိုယ်ပိုင်လုပ်ငန်းများထူထောင်၍ မိသားစုဝင်ငွေတိုးပွားလာစေရေးတို့အတွက် ဒေသခံပြည်သူများအား သင်ကြား‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm