နေပြည်တော် မေ ၂၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နေ့လယ်ပိုင်းက ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း သမဝါယမစနစ်ဖြင့် ဆောင်ရွက် လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ငလျင် ဒဏ်သင့်ခဲ့သည့် ဝန်ထမ်းများအတွက် တည်ဆောက်ပြီးစီးခဲ့သည့် ယာယီဘာရှာ လိုင်းခန်းများတွင် ပြောင်းရွှေ့နေထိုင်မှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ရုံးအမှတ်(၁၆)ရှိ ဝန်ကြီးဌာနပိုင် ဆည်တမံပြုပြင်ဆောင်ရွက်နေမှု အခြေအနေ များအားလည်းကောင်း၊ စားရိပ်သာပြန်လည်တည်ဆောက်နေမှု အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အမြန်ဆုံးပြီးစီးရေး အလေးထားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြား ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ရှားချောင်း ကျေးရွာရှိ ကောင်းသစ်စံစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းသို့ ရောက်ရှိပြီး ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် စီမံကိန်းသီးနှံ မိုးစပါးအတွက် တစ်ဧကပန်းတိုင်အထွက်နှုန်း ရရှိရေး မျိုးစပါးနှင့် သွင်းအားစုထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား တက်ရောက်ရာ ပြည်ထောင်စု ဝန်ကြီးက မိုးစပါးစိုက်တောင်သူများ အနေဖြင့် သတ်မှတ်ပန်းတိုင် အထွက်နှုန်းရရှိရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့် ရရှိရေး၊ စိုက်ပျိုးမြေ အရည်အသွေး ကောင်းမွန်အောင် စနစ်တကျပြုပြင်ရေး၊ စိုက်ပျိုးရေဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေးတို့ အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်း မရရှိပါက အားနည်းချက်၊ အားသာချက်များကိုဖော်ထုတ်ပြီး နောက်တစ်ကြိမ် ပြန်လည် စိုက်ပျိုးချိန်တွင် အားနည်းချက်များကို ပြုပြင်စိုက်ပျိုးသွားရန်လိုအပ်ကြောင်း ဒါမှသာ သီးနှံများ အထွက်တိုးမှာဖြစ်ပြီး တောင်သူများ၏ ဝင်ငွေနှင့်လူနေမှုအဆင့်အတန်း မြင့်မားလာစေမှာ ဖြစ်သည့်အတွက် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြား ပြီးနောက် အသင်းသားတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေး ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လယ်ဝေးမြို့နယ်အတွင်းရှိ မိုးစပါးစိုက် တောင်သူများအတွက် မျိုးစပါးနှင့် သွင်းအားစုများထောက်ပံ့ပေးအပ်ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ မြွေရိုး ကျောင်းစုကျေးရွာအုပ်စု၊ ရုံးတောကျေးရွာ၌ ရောက်ရှိပြီး ရွှေဝါထွန်း(၂)စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက် အသင်းပိုင်မြေပေါ်တွင် နွေစပါးစိုက်ပျိုးထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒဏ္ခိဏသီရိမြို့နယ်ရှိ Dakhina Meat Export ကုမ္ပဏီလီမိတက်၏ အသားခြောက်ထုတ်လုပ်ခြင်းနှင့် အသားအေးခဲခန်း လုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းလည်ပတ်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေး ကုန်ကြမ်းများရရှိအောင်ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကုန်ကြမ်းများ ရရှိပါက လုပ်ငန်းများ အမြန်ဆုံးလည်ပတ်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒဏ္ခိဏသီရိမြို့နယ်ရှိ ပြည်ထောင်စုနယ်မြေ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးဝန်း အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ငလျင်ဒဏ်သင့် ဝန်ထမ်းများ နေထိုင်နိုင်ရေး တည်ဆောက်ပြီးစီးခဲ့သည့် ယာယီဘာရှာလိုင်းခန်းများတွင် ဝန်ထမ်းများ ပြောင်းရွှေ့နေထိုင်နေမှု များအားလည်းကောင်း၊ လယ်ဝေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံး မြေနေရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ငလျင်ဒဏ်သင့် ဝန်ထမ်းများနေထိုင်နိုင်ရေး ယာယီဘာရှာ လိုင်းခန်းများတည်ဆောက်နေမှု အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက မိုးမကျမီ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားရန်နှင့် ရေ၊ မီး၊ မိလ္လာစနစ် များ စနစ်တကျ ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်