Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မွန်ပြည်နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး


20 Mar,2025

နေပြည်တော် မတ် ၁၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ပိုင်းက မွန်ပြည်နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မုဒုံ)သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဆရာ၊ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ၊ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများမှ မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများ အနေဖြင့် ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားကြပြီး စာကြိုးစား ကြရန်နှင့် အမှန်တကယ်တတ် မြောက်စေရေး၊ စွမ်းရည်များပြည့်ဝစေရေးတို့အတွက် ကြိုးစားသင်ယူကြရန် လိုအပ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ကျောင်းသားကျောင်းသူများ၏ နေထိုင်ရေး၊စားသောက်ရေး ကိစ္စရပ်များအား အဆင်ပြေအောင်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဌာန၏ လုပ်ငန်း တာဝန်များကို စေတနာထားဆောင်ရွက်ရန်နှင့် ဌာနအချင်းချင်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဥပဒေ၊ နည်းဥပဒေသ၊ လုပ်ထုံးလုပ်နည်း လမ်းညွှန်ချက်များကို လိုက်နာ ဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း  ဆွေးနွေးမှာကြားပြီးနောက် သင်တန်းကျောင်းဝန်းအတွင်း ပြည်နယ်အစိုးရဖွဲ့ခွင့်ပြု ရန်ပုံငွေဖြင့် သံကူကွန်ကရစ် လေးခန်းတွဲသုံးထပ် ဝန်ထမ်းအိမ်ရာတည်ဆောက်နေမှု အခြေအနေ များအား ကြည့်ရှုစစ်ဆေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်မြို့ရှိ ရွှေမြိုင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ တန်(၉၀)ကျ အဆင့်မြင့်ဆန်စက်နှင့် တန်(၁၂၀)ကျ စပါးအခြောက်ခံစက်လည်ပတ်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးရာ ပြည်နယ်သမဝါယမဦးစီးဌာန ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သမဝါယမအသင်း များအနေဖြင့် မိမိတို့အသင်သားများ စိုက်ပျိုးသော မိုးစပါး၊ နွေစပါးများ သတ်မှတ်ထားသည့် ပန်းတိုင်အထွက်နှုန်း ရရှိရေစေရေး နည်းလမ်းရှာဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ရွှေမြိုင် စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ တန်(၉၀)ကျ အဆင့်မြင့် ဆန်စက်အနေဖြင့် စပါးများဝယ်ယူကြိတ်ခွဲရာတွင် အရည်အသွေးပြည့်မီရေးနှင့် ဈေးကွက်ရရှိရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပြည်နယ်အတွင်းရှိ သမဝါယမအသင်းသားများ စိုက်ပျိုးထုပ်လုပ်ခြင်းမှ ထွက်ရှိလာသော စပါးများအား ဝယ်ယူကြိတ်ခွဲဆောင်ရွက်သွားရန်နှင့် အသင်း တောင်သူများလိုအပ်သည့် သွင်းအားစုများကိုလည်း သမဝါယမ အသင်းအဆင့်ဆင့်မှ သီးနှံပေါ်ပေးစနစ်ဖြင့် ထောက်ပံ့ပေးရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေး ပညာသင်တန်းကျောင်း(မော်လမြိုင်)သို့ ရောက်ရှိပြီး သင်တန်းကျောင်းအတွင်း သံကူကွန်ကရစ် သုံးထပ် စာသင်ကျောင်းဆောင် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီး က သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် လာမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသားဦးရေနှင့် ကျောင်းသားအိပ်ဆောင် လောက်ငှမှုရှိစေရေး စီစဉ်ဆောင်ရွက်ပေးရန်လိုအပ် ကြောင်း၊ ဦးစီးဌာနဝန်ထမ်းများမှလည်း သတ်မှတ်ကျောင်းသားဦးရေ ပြည့်မီမှုရှိစေရေး အများ ပြည်သူကျယ်ပြန့်စွာသိရှိစေရေး စည်းရုံးဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် မော်လမြိုင်မြို့ရှိ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ သွားရောက်ပြီး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ပြည်နယ် အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်း များအနေဖြင့် မိမိတို့ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များကို သေချာစွာသိရှိပြီး ဦးစီးဌာန အချင်းချင်း အချိတ်အဆက်မိမိ ဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ပြည်နယ်အတွင်းရှိ  စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ အောင်မြင်စေရေးအတွက် တောင်သူများလိုအပ်သည့် နည်းပညာများအား ပေါင်းစပ်ဆောင်ရွက် ပေးရန်လိုအပ်ကြောင်း၊ ကျေးရွာရှိ စိုက်ပျိုးရေး မွေးမြူရေးနှင့် အခြားကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူ များမှ အကူအညီတောင်းခံလာပါက ဆက်စပ်ဦးစီးဌာနများနှင့် တတ်နိုင်သမျှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးလုပ်ငန်းများနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို စေတနာထား လုပ်ဆောင်ကြရန်လိုအပ်ကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူ များက ဝန်ထမ်းသက်သာချောင်ချိရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြား ပြီးနောက်ဝန်ထမ်းများတင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်