Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြတ်မော်တင်ကို ဖူးပါလို့ နေကြာကိုတဲ့ ခူးခဲ့သည်


16 Mar,2025

မြင့်စိုး(နတလ)

သားရွှေအိုးထမ်းခဲ့သည့် ဧရာဝတီခရီးစဉ်

          သည်တစ်ခေါက် မွေးရပ်မြေ တိုင်းဧရာဝတီခရီးစဉ်က ကျွန်တော့်အဖို့ သားရွှေအိုး ထမ်းလာသည်ကို မြင်ရကိန်းနှင့် ကြုံခဲ့သည်ဟု ပြောရပေတော့မည်။ ခရီးစဉ်၏ ဦးတည် ရည်ရွယ်ချက်ကိုလည်း ဆောင်ရွက်နိုင်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရင်း ဧရာဝတီတိုင်းဒေသ ကြီး၏ ရွှေမြို့တော် ပုသိမ်မှာ ကျင်းပပြုလုပ်နေသော ပေါ်ဆန်းဖိုရမ်-၂၀၂၅ ကိုလည်း အချိန်ပိုင်းမျှ တက်ရောက်လေ့လာခွင့်ရခဲ့သည်။ ၎င်းပြင် ကျွန်တော့်ဘဝတစ်သက်တာ၌ ထို နေရာထိုဒေသသို့ မရောက်သေးသရွေ့ ကိုယ့်ကိုကိုယ် ဧရာဝတီသားစစ်စစ်ပါဟု ပြောဖို့ အတွက် သိမ်ငယ်စိတ်ဝင်နေခြင်းအား ရှင်းလင်းဖယ်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။ တိတိကျကျ ပြောရလျှင် ငယ်စဉ်တောင်ကျေးကလေးဘဝကတည်းက အဆိုတော် (ဦး)သန်းထွန်းလေး၏ ကျွန်တော့်မမပုသိမ်သူ သီချင်းကို အော်ဟစ်သီဆိုရင်း မော်တင်စွန်းဘုရာပွဲသို့ စိတ်ကူးဖြင့်သာ အကြိမ်ပေါင်းများစွာ ရောက်ဖူးခဲ့သော ကျွန်တော်၊ သီချင်းထဲက မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော်ကြီးကို ဖူးမြော်ကြည်ညိုခွင့်ရခဲ့ပါပြီ။ သည့်အတွက်….. ကျွန်တော် မြင့်စိုး(နတလ)သည် ဧရာဝတီသား စစ်စစ်အမှန်ပင် ဖြစ်ခဲ့ချေပြီတကား။

ရုရှားနေကြာ()မျိုး

ခရီးစဉ်၏ မူလရည်ရွယ်ချက်အတိုင်း မတ်လ ၅ ရက်နေ့နံနက်စောစော နေပြည်တော်မှ ထွက်ခွာ၍ ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြိုနယ်ထဲက ကြာဖြူကျေးရွာသို့ သွားရောက်ကာ ရွှေကြာဖြူ (၁) စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ တောင်သူ ဦးဝင်းဘို၏ လယ်ယာမြေတွင် စမ်းသပ်စိုက်ပျိုးထားသော ရုရှားနေကြာမျိုးများဖြစ်သည့် အန်တူတအော်(ANTUTA OR)၊ ဗော်ကန်အော်(VULKAN OR)၊ ဂျိုယာ(JOYA)၊ ဟစ်ပိုလိုက် (HIPPO LITE)၊ မာဟွမ်းကေအယ်လ်ပီ (MAHAON KLP)၊ စဗျက်တလာနာကေအယ်လ်ပီ (SVETLALA KLP) မျိုး (၆) မျိုး ခူးဆွတ်ရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးခဲ့သည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Fund RC Investment မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ရရှိခဲ့သော အလေးချိန် ၇.၂၀ ကီလိုဂရမ်ရှိ ရုရှားနေကြာမျိုး (၉) မျိုးအား တစ်မျိုးလျှင် ၀.၀၅ ဧက နေရာသတ်မှတ်ကာ မျိုးစေ့များကို ရုရှားရွက်ဖျန်းမြေဩဇာဖြင့် စိမ်ခြင်း၊ စိုက်ပျိုးထားသည့်ကာလအတွင်း သွင်းအားစုများကို သတ်မှတ်နှုန်းထားအတိုင်း အသုံးပြုခြင်း၊ ရုရှားရွက်ဖျန်းမြေဩဇာကိုလည်း သတ်မှတ်ရက်အတိုင်း ဖျန်းပေးခြင်း၊ တန်းကြား ၂ ပေ ပင်ကြား ၉ လက်မ နည်းစနစ်များ အတိုင်း စိုက်ခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ ရုရှားနေကြာမျိုး (၉) မျိုးအနက် အန်တေး (ANTEY)၊ ဂျူလီယာ (JULIA)၊ နွမ်း (NORM) (၃) မျိုးတို့အား မတ်လ ၁ ရက်နေ့တွင် စံကွက်ရိတ်သိမ်းခဲ့ရာ နေကြာပွင့်အရွယ်အစားနှင့် အစေ့အဆံပါဝင်မှု၊ အလေးချိန်တို့အပေါ် မူတည်၍ ကျွမ်းကျင်ပညာရှင်များ၏ ခန့်မှန်းတွက်ချက်မှုအရ အန်တေး နေကြာမျိုးသည် တစ်ဧကလျှင် ၅၂ တင်းနှုန်း၊ ဂျူလီယာ နေကြာမျိုးသည် တစ်ဧကလျှင် ၈၂ တင်းနှုန်း၊ နွမ်း နေကြာမျိုးသည် တစ်ဧကလျှင် ၆၄ တင်းနှုန်း ထွက်ရှိနိုင်ကြောင်း သိရသည်။ အလားတူ ဒေသမျိုးဖြစ်သည့် ရေဆင်းစပ်မျိုး-၁ နေကြာမျိုးကိုလည်း အထက်ပါနည်းစနစ်များအတိုင်း စိုက်ပျိုးခဲ့ပြီး စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် ၆၇ တင်းနှုန်း ထွက်ရှိခဲ့ပါသည်။ ယနေ့ စံကွက် ရိတ်သိမ်းပြီးစီးခဲ့သော ရုရှားနေကြာ (၆) မျိုး၏ တစ်ဧက ပျမ်းမျှအထွက်နှုန်းများမှာ အန်တူတအော်(ANTUTA OR) မျိုးသည် (၇၆) တင်းခန့်၊ ဗော်ကန်အော်(VULKAN OR) မျိုး သည် (၆၉) တင်းခန့်၊  ဂျိုယာ(JOYA) မျိုးသည် (၆၂.၅) တင်းခန့်၊ ဟစ်ပိုလိုက်(HIPPO LITE) မျိုးသည် (၆၂.၅) တင်းခန့်၊ မာဟွမ်းကေအယ်လ်ပီ (MAHAON KLP) မျိုးသည် (၇၆)တင်းခန့်၊ စဗျက်တလာနာကေအယ်လ်ပီ(SVETLALA KLP) မျိုးသည် (၅၆) တင်းခန့်စီ ထွက်ရှိနိုင် ကြောင်း သိရသည်။ အဆိုပါ ရုရှားနေကြာမျိုး (၉) မျိုးနှင့် ဒေသမျိုးဖြစ်သည့် ရေဆင်းစပ်မျိုး-၁ နေကြာမျိုးတို့မှ ထွက်ရှိသော နေကြာစေ့များအား ဆီကြိတ်ခွဲပြီးချိန်၌ ရရှိမည့် ပိဿာနှုန်းထား များကိုလည်း စနစ်တကျ မှတ်တမ်းရယူသွားမည် ဖြစ်သည်။

          အဆိုပါ ရုရှားနေကြာမျိုးများကို စိုက်ပျိုးရေး၊ မွေမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက နေပြည်တော်မှာ စမ်းသပ်စိုက်ပျိုးထားသည်။ သူတို့အထွက်နှုန်းများကိုလည်း စောင့်ကြည့် လေ့လာရမည်။ ဝါးခယ်မမှာ ဂျူလီယာ(JULIA) မျိုးက ပို၍ထွက်နှုန်းကောင်းသလို နေပြည် တော်မှာ နွမ်း(NORM)က ပို၍ထွက်နိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရ၏။ ဝါးခယ်မမြို့နယ် ရွှေကြာဖြူ(၁) စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ တောင်သူ ဦးဝင်းဘို၏ လယ်မြေ၌ ယမန်နှစ်က ဆင်းရွှေကြာ(၂) နေကြာမျိုးများကို ရုရှားရွက်ဖျန်း မြေ ဩဇာစိမ်ခြင်း၊ ဖျန်းခြင်းများ ပြုလုပ်စိုက်ပျိုးပြီး ပျားပုံးများထားရှိ၍ စံကွက်ရိတ်သိမ်းခူးဆွတ် ချိန်မှာ ကျွန်တော်ရောက်ခဲ့သေးသည်။ စိုက်နည်းစနစ်မှန်ကန်ခြင်း၊ ရေသွင်းရေထုတ် ပြုလုပ် နိုင်ခြင်း၊ ရုရှားရွက်ဖျန်းမြေဩဇာ၊ ဓာတ်မြေဩဇာများ အသုံးပြုခြင်း၊ ပျားပုံးသုံးခြင်းတို့ ဆောင် ရွက်ခဲ့၍ ၁ဧကလျှင် အစို တင်း ၇၀၊ အခြောက် ၆၅ တင်း ထွက်ရှိခဲ့သည်။ ယခုနှစ် ရုရှားနေကြာ မျိုးများ စိုက်ပျိုးချိန်၌ ထူးခြားမှုက ပျားပုံးများ အသုံးမပြုဘဲ စိုက်ပျိုးခဲ့ခြင်း ဖြစ်၏။ ၁ ဧက တင်း ၅၀ ထွက်သည်ဆိုလျှင်ပင် တောင်သူအတွက် သင့်တင့်သောဝင်ငွေ ရရှိနိုင်သလို ဒေသဆီ ဖူလုံရေးအတွက် အကျိုးပြုမည်ဟု တွက်ဆမိပါသည်။

တိုင်းဧရာ၏ (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနား

          ဧရာဝတီတိုင်းဒေသကြီးသည် နိုင်ငံတော်၏ စပါးကျီဆိုသည့်ဂုဏ်ပုဒ်နှင့်အညီ (၆၃) နှစ် မြောက် တောင်သူလယ်သမားနေ့အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ မတ်လ ၂ ရက်နေ့နံနက်ပိုင်းက ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် ဝါးဒူးကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင် မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စိုက်ပျိုးရေးမွေးမြူရေးပညာရှင်များ၊ ဒေသခံတိုင်းရင်းသားတောင်သူ လယ်သမားများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှုးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၆၃) နှစ်မြောက် တောင်သူ လယ်သမားနေ့အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်က ဖတ်ကြားသည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်က ယမန်နှစ် တောင်သူ လယ်သမားနေ့အခမ်းအနား၌ စိုက်ပျိုးရေးပညာရှင်များ၊ တောင်သူများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ ပူးပေါင်း၍ နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ညှိနှိုင်းဆွေးနွေးကာ ရလဒ်များ ဖော် ထုတ်ပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကြောင့် အထွက်နှုန်းများ တိုးလာကြောင်း၊ ယနေ့အခမ်း အနားတွင် စပါးသာမက သီးနှံစုံ ပန်းတိုင်အထွက်နှုန်းရရှိအောင် ညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

          ထူးချွန်ဆုများချီးမြှင့်ရာတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများဖြစ်သော မိုးစပါး၊ နွေစပါး၊ မတ်ပဲ နှစ်သီးစိုက် ထူးချွန်ဆု၊ မြေပဲ၊ အုန်းချိုမွှေး၊ ပီလောပီနံ စိုက်ပျိုးရေးထူးချွန်ဆု၊ ဝန်ဆောင်မှုရငွေ အများဆုံးပေးသွင်းသည့် လုပ်ငန်းရှင်ဆု၊ ဂဏန်းပျော့မွေးမြူရေးထူးချွန်ဆု၊ ဓာတုကင်းလွတ် ပေါ်ဆန်းဘေးကြား စိုက်ပျိုးရေးထူးချွန်ဆု၊ နေကြာ၊ ဘိလပ်နာနတ်၊ အစေ့ ထုတ်ပြောင်း၊ ပဲပုတ်၊ သီဟိုဠ်၊ ရော်ဘာ၊ အုန်း၊ ကော်ဖီ၊ ဒူးရင်း၊ ငရုတ်ကောင်း၊ ကွတ်ကီး၊ ပဲကြီး စသည့် စိုက်ပျိုးရေးထူးချွန်ဆုများ၊ ရေငန်ပုစွန်မွေးမြူရေး၊ ဘဲမွေးမြူရေး၊ နို့စားနွားမွေးမြူရေး၊ အသားစားကြက်၊ ဥစားကြက်မွေးမြူရေး၊ ဒေသနွားမွေးမြူရေး စသည်ဖြင့် ဆုပေါင်းများစွာတို့ ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ကြသည်။ တေးဂီတဖျော်ဖြေပွဲများလည်း ပါဝင်ပေရာ မြောင်းမြပညာရေးကောလိပ်မှ ကျောင်းသူလေးများ၏ ကျေးလက်ရိုးရာအက၊ တေးသံရှင် ဇင်သူသူထွန်း၊ စိုးထက်အောင်တို့၏ ဖျော်ဖြေမှုများအပြင် ဝါးခယ်မဦးရဲမောင်၊ နိုင်ငံကျော် တေးသံရှင် ဦးသန်းထွန်းလေးတို့၏ သီဆိုဖျော်ဖြေမှုများလည်း ပါဝင်ကြောင်း သိရသည်။

          တောင်သူလယ်သမားနေ့အခမ်းအနား ဒုတိယနေ့၌ ပို့ကုန်နှစ်ဆတိုးမြှင့်ရေးစကားဝိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားပြီးနောက် တိုင်းဒေသကြီး ဦးစီးမှူးများနှင့်အတူ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒေါက်တာပပဝင်း၊ ဒေါက်တာခင်ငြိမ်း ချမ်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒေါက်တာဝင်းသန်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသ သုတေသနဗဟိုဌာန(မြောင်းမြ)မှ ဒေါ်ဖြူပြာလွင်တို့က သက်ဆိုင်ရာဘာသာရပ်အလိုက် ဆွေး နွေးခဲ့ကြပါသည်။ တတိယနေ့တွင် ဝန်ကြီးချုပ်နှင့်အတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် တက်ရောက်၍ ပါဝင်ဆွေးနွေး ကြပြီး ပြခန်းပေါင်း (၅၁) ခန်းကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။ ပိတ်ပွဲအခမ်းအနား မကျင်းပမီ ခရိုင်အလိုက်ပြခန်းများ၊ စံပြခရိုင်၊ မြို့ရွာများ၊ စံပြတောင်သူဆုများကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တိုင်းတရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ပေါ်ဆန်းဖိုရမ်-၂၀၂၅

          ဧရာဝတီတိုင်းဒေသကြီး ပေါ်ဆန်းဖိုရမ်-၂၀၂၅ ကို မတ်လ ၅ ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့ရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်များ၊ သက်ဆိုင်ရာဌာန ဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသ အသီးသီးနှင့် နေပြည်တော်ရှိ ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိစသည့် မြို့နယ်များမှ ပညာရှင်များနှင့် တောင်သူများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။ 

ဦးစွာ ဧရာဝတီတိုင်းဒသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် အခမ်း အနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီ ပေါ်ဆန်း အရည်အသွေး ကောင်းမွန်ပြီး ဈေးကွက်ရရှိစေရေး ဧရာဝတီတိုင်းဒေသကြီး ပေါ်ဆန်းဖိုရမ်-၂၀၂၅ ကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် စုစုပေါင်း ပေါ်ဆန်းစိုက်ဧက ၇ သိန်းခွဲကျော် ရှိပါကြောင်း၊ ပေါ်ဆန်းစပါးမျိုးများကို လေ့လာရာမှာ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြဗဟိုသုတေသနစိုက်ပျိုးရေး ဥယျာဉ်ကို ၁၉၂၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ဒေသမျိုးများ စုဆောင်း၍ မျိုးရွေးချယ်စိုက်ပျိုးခဲ့ရာ ၁၉၄၄ ခုနှစ်မှာ ရွေးချယ်ရရှိခဲ့သော (D-44-8)မျိုးကို ပေါ်ဆန်းမွှေးနှင့် ၁၉၆ဝ ခုနှစ်တွင် ရွေးချယ်ရရှိခဲ့သော (D-60-8)မျိုးကို ပေါ်ဆန်းဘေးကြားမျိုးအဖြစ် မှတ်တမ်းတင်ခဲ့သည့် သမိုင်းအထောက်အထားများ ရှိခဲ့တဲ့အတွက် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြသည် ပေါ်ဆန်း၏ မိဘဒေသဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ပေါ်ဆန်းစပါးမျိုးများကို တိုင်းဒေသကြီးအနှံ့ စိုက်ပျိုးလျက်ရှိပြီး ဓာတု ကင်းလွတ်သည့် ပေါ်ဆန်းကို ရေကြည်မြို့နယ် နွားရေတိုက်ကျေးရွာတွင် စိုက်ပျိုးထုတ်လုပ် နိုင်ခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအနေနဲ့ ပေါ်ဆန်း စတင်မွေးဖွားရာ ဒေသလည်း ဖြစ်တာမို့ ပေါ်ဆန်းအရည်အသွေးကောင်းမွန်ပြီး ဈေးကွက်ရလာစေရန် လိုအပ်ပါကြောင်း၊ ရေကြည်မြို့နယ် နွားရေတိုက်ကျေးရွာတွင် ပေါ်ဆန်းစပါးမျိုး(၇)မျိုးကို စမ်းသပ်စိုက်ပျိုးခဲ့ရာ ဖျာပုံဒေသထွက် ပေါ်ဆန်းရင်စပါးမျိုးသည် အထွက်နှုန်း အကောင်းဆုံးဖြစ်သည်ကို တွေ့ရှိရ ပါကြောင်း၊ ဧရာဝတီပေါ်ဆန်း တစ်ခေတ်ဆန်းအောင် ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြား လိုပါကြောင်း” ပြောကြားခဲ့သည်။

ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က လိုအပ်သည်များ ရှင်းလင်းဆွေးနွေးပြီးနောက် သရောင်းချောင်းမျိုးသန့် ခြံမှ သုတေသနပညာရှင် ဒေါ်ကြည်ကြည်ဦး၊ စိုက်ပျိုးရေးဦးစီးဌာန Biotech ဌာနခွဲမှ ပညာရှင် ဒေါက်တာဌေးဌေးအောင်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသနမှူး ဒေါ်ဖြူပြာလွင်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ပညာရှင် ဒေါက်တာအေးလဲ့လဲ့လှိုင်၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ဗဟိုအလုပ်အမှုဆောင် ပညာရှင် ဦးနေမျိုးဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန Biotech ဌာနခွဲမှ ပညာရှင် ဒေါက်တာခင်မျိုးမြင့်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ လက်ထောက် ကထိက ပညာရှင် ဦးစိုးခိုင်၊ စိုက်ပျိုးရေးသုတေသနဌာနမှ ပညာရှင် ဒေါက်တာကျော်စွာဦး၊ မျိုးစေ့ဘဏ်တာဝန်ခံ ပညာရှင် ဒေါ်ဥမ္မာအောင်တို့က သက်ဆိုင်ရာ ဘာသာရပ်အလိုက် စာတမ်းများ ဖတ်ကြားကြသည်။

ထို့နောက် ပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်မှု အခြေအနေများ၊ အခက်အခဲများ၊ မျိုး၊ သွင်းအားစုသုံးစွဲမှု အကြံပြုချက်များနှင့် သုတေသန ဆောင်ရွက်မှုများ၊ ဆန်ကြိတ်ခွဲခြင်း၊ အရည်အသွေးထိန်းသိမ်းခြင်းနှင့် အစားအစာဘေးအန္တရာယ် ကင်းရှင်းစေခြင်း၊ ပြည်တွင်း ပြည်ပဈေးကွက်အလားအလာများကို အဖွဲ့လိုက် ဆွေးနွေးခဲ့ကြပြီး အဖွဲ့ကိုယ်စားလှယ်များမှ ဆွေးနွေးချက်ရလဒ်များအား ပြန်လည်တင်ပြခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီး ပေါ်ဆန်း ဖိုရမ်-၂၀၂၅ ကို စိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ ဒေသခံတောင်သူများ၊ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့သည့် တိုင်းဒေသအသီး သီးနှင့် နေပြည်တော်ရှိ ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိ စသည့် မြို့နယ်များမှ ပညာရှင်များနှင့် တောင်သူများ စုစုပေါင်းအင်အား (၈၀၀) ကျော် တက်ရောက်ခဲ့ကြပြီး မတ်လ (၅) ရက်နေ့နှင့် (၆) ရက်နေ့ နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမှာ ခဏတာ

          ဟိုင်းကြီးကျွန်းဆိုသည့် အသံကို ကြားလိုက်သည်နှင့် နေပြည်တော်က ဝန်ထမ်းအိမ်ရာ တစ်ခုဖြစ်သော ပိတောက်အိမ်ရာတွင် နေထိုင်ကြသည့် တပည့်မများကို ပြေး၍သတိရမိသည်။ နတလမှာ တာဝန်ထမ်းဆောင်စဉ်ကတည်းက ထိုအိမ်ရာတွင် နေထိုင်ကြသည့် အပျိုကြီးမမ များကို ဟိုင်းကြီးကျွန်းသူများဟု ကျီစယ်နောက်ပြောင်ခဲ့ဖူး၍ပါတည်း။ ယင်းသို့ နောက်ပြောင် ခဲ့လင့်ကစား ကျွန်တော်ကိုယ်တိုင်ပင်လျှင် ဟိုင်းကြီးကျွန်းသို့ မရောက်ဖူးသေးပါ။ အလားတူ ဧရာဝတီတိုင်းဒေသကြီးထဲက မြို့နယ် (၂၆) မြို့နယ်ထဲမှာ ကျွန်တော်မရောက်ဖူးသေးသော မြို့နယ် (၅) မြို့နယ် ကျန်ပါသေးသည်။ ယခုတစ်ခေါက်တော့ ဟိုင်းကြီးကျွန်းသို့ ရောက်ခဲ့ပါပြီ။ တပည့်မအပျိုကြီးများကို သတိရ၍ ပြုံးမိသေး၏။ မတ်လ ၆ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသ ကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်အတူ ငပုတောမြို့နယ်၊ ဟိုင်းကြီး ကျွန်းမြို့သို့ သွားရောက်ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မြို့ရှောင်လမ်း အရှည်(၁) မိုင် ကတ္တရာခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ဇီးချိုင်ကျေးရွာ သို့ သွားရောက်ကာ ပေ ၁၆၀ တံတားတည်ဆောက်ပြီးစီးမှု၊ ချဉ်းကပ်လမ်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုပါသည်။ ထိုမှ ငွေတောင် (ခ) မြွေတောင် ကမ်းခြေကို သွားရောက်ကြည့်ရှုလေ့ လာခဲ့ပါသည်။ မြတ်မော်တင် ဆံတော်ရှင်စေတီတော်မြတ်ကြီးကို လာရောက်ဖူးမြော်ကြသည့် ဘုရားဖူးအဖွဲ့များအနေဖြင့် ငွေတောင်ကမ်းခြေသို့လည်း မပျက်မကွက် လာရောက်လည်ပတ် ကြကြောင်း သိရသည်။

          ဟိုင်းကြီးကျွန်းမြို့အရှေ့ဘက်တွင် ပုသိမ်မြစ်နှင့် ငပုတောမြို့နယ်၊ ချောင်းဝကျေးရွာ အုပ်စု၊ အနောက်ဘက်တွင် ဟိုင်းကြီးချောင်းနှင့် ငပုတောမြို့နယ်၊ ကျောက်ချောင်းကျေးရွာ အုပ်စု၊ တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ မြောက်ဘက်တွင် ဟိုင်းကြီးချောင်းနှင့် ငပုတောမြို့နယ်၊ မဲခရဲ၊ မြို့သစ်ကျေးရွာအုပ်စုများနှင့် နယ်နိမိတ် ထိစပ်လျက်ရှိပါသည်။ ဟိုင်း ကြီးကျွန်းမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှအမြင့် (၁၄) ပေ အထက်တွင် တည် ရှိကာ ဟိုင်းကြီးတောင်မှာ ပင်လယ်ရေမျက်နှာပြင်အထက် (၃၆၁) ပေ မြင့်ပါသည်။ ဟိုင်းကြီး ကျွန်းတွင် ဗမာ၊ ရခိုင်နှင့် ကရင် စုစုပေါင်း ၁၂၀၀၀ ကျော် နေထိုင်လျက် ရှိကြပြီး အခြားလူမျိုး အနည်းငယ် တွေ့ရသည်။

မြတ်မော်တင်ကို ဖူးခဲ့သည်

          ဂေါတမမြတ်စွာဘုရား ပွင့်တော်မူပြီးနောက် သတ္တသတ္တာဟ (၇) ဌာနထဲမှ တစ်ခု ဖြစ်သော ရာဇယတန လင်းလွန်းပင်အောက်၌ (၇) ရက် သီတင်းသုံး စံနေတော်မူစဉ် တပုဿ နှင့် ဘလ္လိက ကုန်သည်ညီနောင်တို့ သွားရောက်ဖူးမြော်ခွင့်ရခဲ့ပြီး ဆံတော်ဓာတ်များကိုလည်း ပင့်ဆောင်ခွင့်ရခဲ့ကြသည်။ ၎င်းညီနောင်နှစ်ဦး ဆံတော်များပင့်၍ ပြန်လည်ထွက်ခွာလာစဉ် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက်နေ့၌ ပုသိမ်မြို့တောင်ပိုင်း(ကုသိမနာရ၏ တောင်ပိုင်း) နာဂရာဇ်မျှော်(ခေါ်) မော်တင်စွန်း(ခေါ်) သရနတောင်အငူစွန်းသို့ ရောက်လာ ကြသည်။ ဆံတော်ဓာတ်များမှ အံ့ချီးဖွယ်ရာ တန်ခိုးပြာဋိဟာများ ပြသသဖြင့် ဇေယျသေန နဂါးမင်းသည် လူအသွင်ဖန်ဆင်း၍ ဆံတော်ဓာတ် ၂ ဆူကို ရအောင်ယူပြီး သရနတောင် (ယခု မော်တင်စွန်းအငူ) ၌ စိုင်တမော့အရွယ် စေတီတော်ကို ဆံတော်ဓာတ်များ ဌာပနာ၍ တည်ထား ခဲ့သည်။ ဇေယျသေန နဂါးမင်းအမှူးပြု၍ စေတီကို တက်ရောက်ဖူးမြော်သော အနောက် တောင်ဘက်မှလမ်းကို နဂါးလမ်း၊ ဆင်ဖြူတော်တက်ရောက်ဖူးမြော်သည့် တောင်ဘက်အရပ်မှ လမ်းကို ဆင်ဖြူတော်လမ်း၊ အရှေ့တောင်ဘက်ကလမ်းကို ဝိဇ္ဇာလမ်းဟု ယနေ့တိုင် ခေါ်တွင် ခဲ့ကြသည်။

          ကျန်းစစ်သားမင်း၏ မြေးတော် အလောင်းစည်သူမင်းသည် တိုင်းခန်းလှည့်လည်လာစဉ် မော်တင်စွန်း အငူသို့အရောက် ဖောင်တော်ဆိုက်သွားသဖြင့် ဉာဏ်တော် ၂၅ တောင်ရှိ ဖောင် တော်ဦး စေတီကို တည်ခဲ့သည်။ ၎င်းပြင် မော်တင်စွန်းစေတီတော်မြတ်ကိုလည်း သံတောင် ၄၀ ထိ မွမ်းမံပြင်ဆင်တည်ထားခဲ့သည်။

ဂုဏ်ယူပါသည် တိုင်းဧရာဝတီ

          ဧရာဝတီတိုင်းဒေသကြီးဂုဏ်ဆောင် ပေါ်ဆန်းစပါးမျိုး ပြန်လည်ပေါ်ထွန်းလာစေရေး အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြသည်။ နွေစပါး၊ မိုးစပါးနှင့် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာအပါအဝင် သီးနှံစုံ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ထုတ်ကုန်နှစ်ဆ တိုးမြှင့်နိုင်ရေး ကိုလည်း နည်းမျိုးစုံဖြင့် ဆောင်ရွက်နေကြသည်။ မိမိတို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအနေဖြင့်လည်း စိုက်ပျိုးရေး သမဝါယမအသင်းများဖွဲ့စည်း၍ ပန်းတိုင်အထွက်နှုန်း ရရှိအောင်၊ မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေနိုင်အောင် စိုက်ပျိုးရေရရှိအောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ ကိုယ်တိုင်က ဧရာဝတီတိုင်းသား ဖြစ်နေသောကြောင့် ပို၍ သံယောဇဉ် ရှိနေပါသည်။ မိမိဇာတိ လေးမျက်နှာမြို့နယ်နှင့် ဟင်္သာတ၊ အင်္ဂပူ၊ မြန်အောင်၊ ကြံခင်း၊ ရေကြည်၊ သာပေါင်း မြို့နယ်များအပါအဝင် (၂၆) မြို့နယ်စလုံး တည်ငြိမ်အေးချမ်း စေချင်ပါသည်။ ရိုးသားကြိုးစား ဧရာဝတီသား ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ကျွန်တော် အမြဲ ဂုဏ်ယူဟစ်ကြွေးနေသော စကားတစ်ခွန်း ရှိပါသည်။ ဒါ……ငါတို့ ဧရာဝတီ ဟူ၍။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်