Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဆီထွက်သီးနှံစိုက်ပျိုးရေး လုပ်ငန်းများ ပိုမိုအောင်မြင်ရေးကွင်းဆင်းစစ်ဆေး


11 Mar,2025

နေပြည်တော် မတ် ၁၀

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယ ဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ နှင့်အတူယနေ့နေ့လယ်ပိုင်းက ပြည်ထောင်စုနယ်‌မြေ‌ နေပြည်တော်အတွင်း ဆီထွက်သီးနှံစိုက်ပျိုးရေး လုပ်ငန်းများ ပိုမိုအောင်မြင်ရေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

        ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်း ကျေးရွာသို့ သွားရောက်ပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ လယ်ယာဂုဏ်ဆောင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း အသင်းအမှုဆောင်များ၊ ဆီထွက်သီးနှံ နေကြာစိုက် တောင်သူများနှင့်တွေ့ဆုံရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်း သမဝါယမကဏ္ဍမှ ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးထားရှိမှုများ၊ အိန္ဒိယနေကြာမျိုး ဖြစ်သည့် ဆူရာကီရန်မျိုးများ စမ်းသပ်စိုက်ပျိုးထားရှိမှုများနှင့် နေကြာစိုက်သမဝါယမအသင်းသား တောင်သူများ လိုအပ်သည့် မျိုးနှင့် သွင်းအားစုများ ထောက်ပံ့ပေးထားမှု အခြေအနေများအား ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နေကြာစိုက် တောင်သူများအနေဖြင့် စိုက်ပျိုးထားသည့် နေကြာမျိုးအလိုက် တစ်ဧက အထွက်နှုန်းများကို စနစ်တကျမှတ်သားထားပြီး တစ်ဧကကုန်ကျစရိတ်၊ တစ်ဧကအထွက်နှုန်း၊ တွက်ခြေကိုက်မှု ရှိ၊ မရှိ၊ အားသာချက်၊အားနည်းချက်များကိုဖော်ထုတ်ပြီး ဆက်လက်စိုက်ပျိုးသည့် အခါတွင် အားနည်းချက်များကို ပြုပြင်၍ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ သမဝါယမအသင်းမှ စိုက်ပျိုး ထားသော ဆောင်းနေကြာစိုက်ခင်းများမှ ထွက်ရှိလာသော နေကြာများအား သမဝါယမအသင်းပိုင် ဆီစက်များမှ ပွဲစားမလိုဘဲ ဒေသပေါက်ဈေးနှုန်းဖြင့် တိုက်ရိုက်ဝယ်ယူကြိတ်ခွဲပေးနိုင်ရေး ချိတ်ဆက် ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း၊ တောင်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေးအတွက် တစ်ဦးချင်းဆောင်ရွက်ခြင်း မပြုဘဲ အမှန်တကယ်လုပ်ငန်း လုပ်ကိုင်လိုသူများ၊ လုပ်ငန်းအမျိုး အစားတူညီသူများ စိတ်တူ ကိုယ်တူ ဆန္ဒတူသူများကို စုပေါင်း၍ သမဝါယမအသင်းများ စုဖွဲ့လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ စုပေါင်း ဆောင်ရွက်ခြင်းမှ ရရှိလာသည့် အကျိုးအမြတ်များကို အသင်းသားများအကျိုးရှိအောင် ခွဲဝေပေးရန်လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားကာ အသင်းသား တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီးနောက် ဆောင်းနေကြာ စိုက်ပျိုးထားရှိမှုများအား ကြည့်ရှုစစ်ဆေးပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ သားတင်ဦး အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်နှင့် ကျောက်စိမ်းလယ်ယာနှင့် အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်တို့ အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော အိမ်ရှင်မဆီစက်လည်ပတ်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက ဆီစက်အတွက် လိုအပ်သော ကုန်ကြမ်းများကို ဆီထွက်သီးနှံစိုက် သမဝါယမအသင်းသား တောင်သူများထံမှ  ပွဲစားမလိုဘဲ တိုက်ရိုက်ဝယ်ယူဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ဝယ်ယူသော ကုန်ကြီးများစနစ်တကျ ထားရှိရန်လိုအပ်ကြောင်း၊ ဆီကြိတ်ခွဲသော ‌မြေပဲ၊ နှမ်း၊ နေကြာတို့ကို အမျိုးအစားအလိုက် တစ်တင်း ဆီထွက်နှုန်းများကို စနစ်တကျမှတ်တမ်းတင်ထားရန် လိုအပ် ကြောင်း၊ ထွက်ရှိလာသော ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်များကိုလည်း တိရစ္ဆာန်အစာအဖြစ် ပြန်လည်ရောင်းချနိုင်ရေး စနစ်တကျထားရှိရန် လိုအပ်ကြောင်းဆွေးနွေးမှာကြားပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စမ်းဝတီသဘာဝမြေဩဇာ စက်ရုံလည်ပတ်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက စက်ရုံမှ ထွက်ရှိသော  သဘာဝမြေဩဇာများအား ဈေးကွက်ရရှိရေး ကြိုးစားဆောင်ရွက်သွားရန်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့်လည်း သမဝါယမအသင်းသားတောင်သူများနှင့်ချိတ်ဆက် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်